မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါး၍ သွားလာရ ခက်ခဲသည့် ဒေသများတွင် အိတ်ချ်အိုင်ဗီ၊ တီဘီနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ် ငန်းများ ဆောင်ရွက်နိုင်ရန် ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် သုံးမျိုး ရန်ပုံငွေအဖွဲ့(3MDG) က အမေရိကန်ဒေါ်လာ ၉၁ သန်း ထောက်ပံ့သွားမည်ဟု သိရသည်။
လူဦးရေ ၈ သန်းကျော်အတွက် ဦးတည်ဆောင်ရွက်မည့် ယင်းစီမံကိန်းတွင် မူးယစ်ဆေးဝါး သုံးစွဲမှုဆိုင်ရာ ဘေးအန္တရာယ် လျော့ပါးရေး လုပ်ငန်းစဉ်များ၊ တီဘီရောဂါ ရှာဖွေကုသမှုများ တိုးမြှင့်ခြင်းနှင့် ငှက်ဖျားရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများ ပါဝင်မည်ဖြစ်ကြောင်း 3MDG က ယခုလ ၂၁ ရက်က ထုတ်ပြန်ထားသည်။
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်းများရှိ မြို့နယ်ပေါင်း ၂၄ ခုမှ မူးယစ် ဆေးဝါး သုံးစွဲသူ ၄ သောင်းကျော်နှင့် ၎င်းတို့၏ မိသားစုဝင်များ အတွက် အိတ်ချ်အိုင်ဗီ နှင့် ကိုယ်ခံအားနည်းမှုကြောင့် ဝင်ရောက်လာသော အခြား ရောဂါများ ပြန့်ပွားခြင်းကို လျှော့ချရန် လုပ်ငန်းစဉ်အတွက် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၁ သန်းကို အကုန်အကျ ခံသွားမည် ဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးဝါး သုံးစွဲသူများအတွက် သန့်ရှင်းသော ဆေးထိုးအပ်၊ ဆေးထိုးပြွန်များ ဖြန့်ဝေပေးခြင်း၊ ကွန်ဒုံး အသုံးပြုမှု တိုးမြှင့်ခြင်း၊ အိတ်ချ်အိုင်ဗီနှင့် တီဘီရောဂါ ကျန်းမာရေး မြှင့်တင်မှု လုပ်ငန်းများတွင် ပါဝင်စေခြင်း စသည့် ဘေးအန္တရာယ် လျော့ပါးရေး လုပ်ငန်း စဉ်များကို ယခုနှစ် ဧပြီမှ လာမည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် မြန်မာနိုင်ငံ မြို့နယ်ပေါင်း ၇၅ ခုရှိ မြို့ပြ ဆင်ခြေဖုံးများနှင့် သွားလာရ ခက်ခဲသော ဒေသများတွင် တီဘီလူနာများ လိုက်လံ ရှာဖွေရေး လုပ်ငန်းများအတွက်လည်း ကျန်းမာရေး ဝန်ကြီးဌာနသို့ အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၃ သန်း ထောက်ပံ့သွားမည်ဟု 3 MDG အဖွဲ့က ဆိုသည်။
အလားတူ မြို့နယ်ပေါင်း ၉၉ ခုတွင် တီဘီရောဂါ ရှာဖွေကုသမှုများ တိုးမြှင့်နိုင်ရန် ကျန်းမာရေး ဦးစီးဌာနနှင့် တွဲဖက် လုပ်ကိုင်မည့် ကျန်းမာရေး ဆိုင်ရာ အဖွဲ့အစည်းများကိုလည်း ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ပဲခူး၊ တနင်္သာရီ၊ ကချင်၊ ကယား၊ ကရင်နှင့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၅၄ ခုတွင် ငှက်ဖျားရောဂါ ကာကွယ်တိုက်ဖျက် ရေး လုပ်ငန်းများ၊ ပြင်းထန် ငှက်ဖျားရောဂါ လူနာများကို ညွှန်းပို့လွှဲပြောင်းခြင်း လုပ်ငန်းများနှင့် ဆေးယဉ်ပါး တိုက်ဖျက်ရေး လုပ်ငန်း များ အတွက်လည်း ရန်ပုံငွေ ၁၃ ဒသမ ၁ သန်းကိုလည်း ထောက်ပံ့သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
3MDG သည် မြန်မာနိုင်ငံတွင် ကလေးသေဆုံးမှုနှုန်း လျှော့ချရေး၊ မိခင်များ၏ ကျန်းမာရေး တိုးတက်ကောင်းမွန်ရေး၊ အိတ်ချ်အိုင် ဗီ၊ တီဘီနှင့် ငှက်ဖျားရောဂါများ တိုက်ဖျက်ရေး လုပ်ငန်းများကိုပါ ကူညီမှုများ ပေးသွားမည်ဟု သိရသည်။
3MDG အဖွဲ့သည် ၎င်းတို့၏ ကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ၂၀၁၂ ခုနှစ်တွင် ရန်ပုံငွေတရပ် စတင်ထူထောင်ခဲ့ သည်။
ယင်းရန်ပုံငွေများသည် သြစတြေးလျ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ နော်ဝေ၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စု တို့မှ အမေရိကန်ဒေါ်လာ ၃၃၄ သန်း ကူညီပံ့ပိုးသည့် ၅ နှစ်တာ စီမံကိန်းတခုဖြစ်ပြီး United Nations Office of Project Services(UNOPS) က စီမံခန့်ခွဲကြောင်း သိရသည်။
ထို 3MDG Fund (The Three Millennium Development Goals Fund)သည် မြန်မာပြည်တွင်း၌ 3D Fund(Three Diseases Fund) က ၂၀၀၆ မှ ၂၀၁၂ နှစ် အထိ လုပ်ဆောင်ခဲ့သော အိန်ချ်အိုင်ဗီ၊ တီဘီ နှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများကို ဆက်လက် တာဝန်ယူပြီး လုပ်ကိုင်ခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ် စက်တင်ဘာလမှ စတင်၍ 3MDG ၏ လုပ်ငန်းများကို လုပ်ကိုင် ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရောဂါ ၃ မျိုးတိုက်ဖျက်ရေးအပြင် မိခင်နှင့် ကလေးသေဆုံးမှု လျှော့ချရေး လုပ်ငန်းများအတွက်လည်း ဆောင် ရွက် သွားမည်ဟု သိရသည်။