အူရီဒူး မြန်မာ(Ooredoo Myanmar)က မိုဘိုင်း ဆင်းကတ် အပြင် သရီးဂျီ ကွန်ရက် (3G Network) လက်ခံ သုံးစွဲနိုင်သည့် အူရီဒူး (Ooredoo) ဟန်းဆက်များကို ဇူလိုင်မှ စက်တင်ဘာ အတွင်း စတင် ရောင်းချသွားရန် စီစဉ်ထားကြောင်း သိရသည်။
“ကျနော်တို့ အနေနဲ့ သရီးဂျီ ကွန်ရက် အတွက် လက်ခံ သုံးနိုင်တဲ့ ဖုန်းဟန်းဆက်တွေကို တင်သွင်းမှာပါ။ တချို့ဖုန်းတွေမှာ သရီးဂျီ လက်ခံနိုင်တာ ရှိပါတယ်၊ တချို့ကတော့ လက်မခံနိုင်သေးပါဘူး၊ လက်မခံနိုင်တဲ့ ဟန်းဆက်တွေ အတွက် ရည်ရွယ် ပါတယ်” ဟု အူရီဒူး မြန်မာ အမှုဆောင် အရာရှိချုပ် Ross Cormack က ဧရာဝတီသို့ ပြောသည်။
အူရီဒူးမှ ဖုန်းဆင်းကတ် စတင် ရောင်းချချိန်တွင် လူဦးရေ ၃၀ ရာခိုင်နှုန်းအတွက် ဖုန်းကတ်များ စတင် ဖြန့်ချိသွားရန် စီစဉ်ထားပြီး ဆင်းကတ်များကို လာမည့် ဇူလိုင်မှ စက်တင်ဘာလ အတွင်း စတင် ရောင်းချမည်ဟု မေလ ၂၅ ရက်က ရန်ကုန်မြို့တွင် ကျင်းပသည့် မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ၎င်းက ပြောဆိုသည်။
အိုရီဒူး မြန်မာမှ ဆင်းကတ်နှင့် ဟန်းဆက် တွဲဖက် ရောင်းချနိုင်ရေး အတွက် ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်းက 3G ကွန်ရက် အတွက် အဓိက ကျသော ရေဒီယို နှင့် စက်ပစ္စည်းများ ပံ့ပိုးသူ အနေဖြင့် NSN ကုမ္ပဏီနှင့် မိုဘိုင်း ကွန်ရက် ဖြန့်ကျက်ရန် ZTE ကုမ္ပဏီ တို့ဖြင့် စာချုပ် ချုပ်ဆိုထားကြောင်း သိရသည်။
“အခုက တနိုင်ငံလုံး အတိုင်းအတာ ဆာဗေး ကောက်ယူ နေပါတယ်။ အခုချိန်ထိ ဆာဗေး ကောက်တာ မပြီးသေးဘူး ဖြစ်တဲ့ အတွက် ဘယ်ဈေးနဲ့ ဘယ်လို ရောင်းမလဲ၊ နောက် ဘယ်လို ဝန်ဆောင်မှုတွေ ပေးမလဲ ဆိုတာကို အသေးစိတ် မပြောနိုင်သေးတာပါ၊ နောက် ဒီဟန်းဆက်တွေကို ဘယ်လို ရောင်းမလဲ၊ လူတိုင်း ဝယ်နိုင်အောင် ဘာလုပ်မလဲ ဆိုတာကို မပြောနိုင်သေးပါဘူး”ဟု Ross Cormack က ဆက်ပြောသည်။
အူရီဒူး မြန်မာမှ ဆင်းကတ်များကို ၂၀၁၄ ခုနှစ် ဇူလိုင်မှ စက်တင်ဘာလ အတွင်း စတင် ရောင်းချနိုင်ရန် စီစဉ်ထားကြောင်း၊ ကွန် ရက် ဖြန့်ကျက်နိုင်ရန် ဆက်သွယ်ရေး တာဝါတိုင်ပေါင်း ၄၀၀ ကျော် တည်ဆောက်လျက် ရှိကြောင်း သိရသည်။
“အခု လက်ရှိ တာဝါတိုင် ၁၀၀ ဆောက်ပြီးပါပြီ၊ နှစ်ကုန်ပိုင်းမှာ တာဝါတိုင်ပေါင်း ထောင်ချီ ရှိလာအောင် တည်ဆောက်သွားမှာ ဖြစ် ပါတယ်၊ ရန်ကုန်နဲ့ မန္တလေးမှာ ဒေတာ စင်တာတွေ တည်ဆောက် ပြီးပါပြီ၊ လာမယ့် နှစ်ပတ်လောက် ဆိုရင် နေပြည်တော်က ဒေတာ စင်တာလည်း အသင့် ဖြစ်ပါပြီ”ဟု အူရီဒူး မြန်မာ အမှုဆောင် အရာရှိချုပ် Ross Cormack က ပြောသည်။
သရီးဂျီ ကွန်ရက်ဖြင့် စတင် သုံးစွဲနိုင်မည်ဟု ပြောသော်လည်း ခေါ်ဆိုခနှုန်းထား၊ ကောက်ခံမည့် ပုံစံ၊ ဝန်ဆောင်မှုများကို တရားဝင် ထုတ်ဖော် ပြောဆိုခြင်း မရှိသေးဘဲ ဆာဗေး ကောက်ယူမှုပြီးမှသာ ထုတ်ဖော် ပြောဆိုနိုင်မည် ဖြစ်ကြောင်း Ross Cormack က ဆို သည်။
“အော်ရီဒူး ဆင်းကတ်ကနေ တခြားကွန်ရက်တွေကိုလည်း ချိတ်ဆက် အသုံးပြုနိုင်ဖို့ စီစဉ်နေပါတယ်။ အခုဆို တယ်လီနောကို ချိတ် ဆက် နိုင်ပါပြီ၊ နောက် ဆင်းကတ်မထွက်ခင်မှာ မြန်မာ့ ဆက်သွယ်ရေးကိုပါ ချိတ်ဆက် ဆောင်ရွက်နိုင်ပါမယ်”ဟု ၎င်းက ဆက် ပြောသည်။
3G ကွန်ရက်ကို နေရာဒေသစုံ ပြောဆိုနိုင်ရေး အတွက် ဖိုက်ဘာ ကေဘယ်လိုင်း ၉၀၀ နှင့် ၁၂၀၀ ဆက်သွယ်ရေး လှိုင်းများဖြင့် ဖြန့် ကျက် ချထားပေးမည်ဖြစ်ပြီး ယခင်က အသံ တမျိုးတည်းသာ ရသော နေရာများတွင် သရီးဂျီ ကွန်ရက်အရ အချက်အလက် အပြင် အခြားသော ဝန်ဆောင်မှုများပါ သုံးနိုင်ရန်စီစဉ်ထားကြောင်း သိရသည်။
ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် ဝန်ကြီးဌာန ဒုဝန်ကြီး ဦးသောင်းတင်က “ကုမ္ပဏီတွေကို ဘာမှ ချုပ်ကိုင်ထားတာ မရှိဘူး၊ သူတို့ အော်ပရေတာ လာလျှောက်တုန်းက လိုက်နာရမှာတွေ ရှိတယ်။ ဒါတွေကိုပဲ ဝန်ကြီးဌာနက ကြည့်မယ်။ ကျန်တာက သူတို့ ပေးနိုင်သလောက် ဝန်ဆောင်မှုတွေ ပေးရမယ်။ နိုင်ငံတကာ အတိုင်းပေး ရမယ်။ လျှော့ပေးရမယ် ဆိုတာ မရှိပါဘူး၊ MPT ကြောင့် ကန့်သတ်တာ မရှိဘူး။ MPTလည်း ဝင်ပြိုင်ရမှာပါ။ ဒီလိုတွေ လုပ်ဆောင်ပေးဖို့ ခွင့်ပြုထားတာပါ”ဟု ဧရာဝတီသို့ ပြော သည်။
အူရီဒူး ဆင်းကတ် ဝယ်ယူရာတွင် ကြိုတင်ဝယ်ယူနိုင်မည့် အကြိုရောင်းချမှုပုံစံဖြင့်ရောင်းချမည် မဟုတ်ကြောင်း၊ လက်ရှိမိုဘိုင်းဖုန်း ဆိုင်များတွင် ကောက်ယူမှုမှာ သုံးစွဲမှုဆိုင်ရာ ဆာဗေး ကောက်ယူမှုသာ ဖြစ်ကြောင်း အော်ရီဒူး မြန်မာက ဖြန့်ချိပါက မည်သူမဆို မှတ်ပုံတင် ပြကာ ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သုံးစွဲသူများ၏ ဖုန်းသုံးစွဲမှု လုံခြုံရေးကိုလည်း မပေါက်ကြားစေရန် ထိန်းသိမ်းမည် ဖြစ်ကြောင်း အူရီဒူး မြန်မာ အမှုဆောင်အရာရှိချုပ် Ross Cormack က ပြောသည်။
မြန်မာ့ ဆက်သွယ်ရေးမှ ထုတ်ပြန်ချက်အရ လက်ရှိမြန်မာနိုင်ငံတွင် မိုဘိုင်း အသုံးပြုသူ ဦးရေ ၈ ဒသမ ၈၅ သန်းအထိ ရောက်ရှိလာကြောင်း သိရသည်။