စစ်အစိုးရ ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လူထုဟောပြောပွဲများ ကျင်းပလျက်ရှိပြီး ယင်းလူထုဟောပြောပွဲများတွင် ဖွဲ့စည်းပုံ ပြင်ရေး စစ်တပ်ကို စိန်ခေါ်သည်ဟု ပြောဆိုခဲ့သည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒေါ်အောင်ဆန်း စုကြည် ထံသို့ သတိပေးချက် စာတစောင် ပေးပို့လိုက်ကြောင်း သိရှိရသည်။
မေလ ၁၈ ရက်နေ့ မန္တလေးမြို့တွင် ကျင်းပသော ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူထုဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်အနေဖြင့် အာဏာ မမက်မောကြောင်း၊ အထူး အခွင့်အရေး မမက်မောကြောင်း၊ နေရာ မမက်မောကြောင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်းဖြင့် သက်သေပြရန် လိုကြောင်း၊ သက်သေပြရန်လည်း တိုက်တွန်းပြီး စိန်ခေါ် ကြောင်း ပြောဆိုခဲ့ရာ ယင်းပြောဆိုချက်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်နေသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ မေလ ၂၂ ရက်နေ့က ပေးပို့လိုက်သော သတိပေးချက်စာတွင် ဖော်ပြထားသည်။
နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးလှမောင်ချိုက “ တပ်မတော်ကို ပုတ်ခတ်တဲ့ သဘောပြောတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းကြားစာ ပို့ထားပါတယ်။ သတိပေး အကြောင်းကြားတဲ့ သဘောပါ ”ဟု ဧရာဝတီသို့ ပြောဆိုသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကော်မရှင် ဥပဒေ အရ နိုင်ငံရေးပါတီများကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းတို့ အတွက် တာဝန်ရှိကြောင်း၊ နိုင်ငံရေးပါတီများသည် ဥပဒေပါ ပြဋ္ဌာန်းချက်များကို စောင့်ထိန်း လိုက်နာရန် ပျက်ကွက်ခြင်း တို့ကို တွေ့ရှိပါက ကော်မရှင်က လိုအပ်သည်များ လိုက်နာရန် ဥပဒေအရ ညွှန်ကြားနိုင်သဖြင့် ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ထံသို့ သတိပေးစာ ပေးပို့ခြင်းဖြစ်သည်ဟု သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် NLD ပါတီ ပြန်လည် မှတ်ပုံတင်စဉ်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို လေးစားလိုက်နာရေး ဝန်ခံ လက်မှတ်ရေးထိုးထားပြီး လွှတ်တော်ကိုယ်စားလှယ်တဦးအနေဖြင့်လည်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပြီး နိုင်ငံတော်ဥပဒေများကို လိုက်နာပါမည်ဟု ကတိပြုထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်များသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ခွင့်ပြုသည့် ဘောင်ကို ကျော်လွန်ရာ ရောက်နေကြောင်းသတိပေး ထားသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရှင်းလင်းဆွေးနွေးပွဲများတွင် ပါတီအနေဖြင့် ဖြစ်စေ၊ ပါတီဝင် တဦးချင်း အနေဖြင့် ဖြစ်စေ၊ မိမိတို့ ဝန်ခံ လက်မှတ်ရေးထိုးထားသည့် သို့မဟုတ် ကတိသစ္စာ ပြုထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လေးစား လိုက်နာရန် တာဝန်နှင့် တည်ဆဲ ဥပဒေများနှင့်အညီ ဆွေးနွေး ဟောပြော ပွဲများ ဖြစ်စေရန် တာဝန်တို့ကို သတိပြု ဆောင်ရွက်ရန် လိုအပ်သည် ဟုလည်း ရွေးကောက်ပွဲကော်မရှင်၏ သတိပေးစာတွင် ရေးသားထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတိပေးချက်နှင့် ပတ်သက်၍ NLD ခေါင်းဆောင်များ၏ သဘောထား မှတ်ချက် ရယူရန် ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း တာဝန်ခံ ဖြေဆိုမည့်သူမရှိပေ။