အာဏာ သိမ်းခြင်းသည် အဖြေမဟုတ်

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံတွင် စစ်တပ်က ထပ်မံ အာဏာသိမ်းခဲ့ပါပြီ။ ၆ လခန့် ကြာခဲ့သော အစိုးရဆန့်ကျင်ရေး လမ်းပေါ်ထွက် လှုပ်ရှားမှုများ ရပ်တန့်ခဲ့သကဲ့သို့ ဘီလျံနာ သူဌေး၊ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်၏ ရုပ်သေးအစိုးရဟု စွပ်စွဲခံထားရသည့် ယင့်လတ် ရှင်နာဝပ် အစိုးရလည်း ပြုတ်ကျခဲ့ပြီ ဖြစ်သည်။ လွှတ်တော်ကိုလည်း ဖျက်သိမ်းကာ ထိုင်းတပ်မတော်က အာဏာကို ရယူခဲ့သည်။

ယခုတခေါက် ထိုင်းဘုရင့် တပ်မတော်၏ အာဏာသိမ်းမှုသည် အကူးအပြောင်းကာလတခုကို သွားရန်အတွက် ပြင်ဆင်သည်ဟု ဝေဖန်သုံးသပ်ကြသည်။ အာဏာသိမ်းခဲ့သူ ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာကမူ တိုင်းပြည်တွင် ပြုပြင်ပြောင်းလဲရေး လုပ်ရန် လိုသည်ဟု မီဒီယာများကို ပြောခဲ့သည်။ ထိုင်းတပ်မတော် ဗိုလ်ချုပ်ကြီးများသည် ထိုင်းဘုရင်ကြီးကို ချစ်ကြောက်ရိုသေ လေးစားသူများ ဖြစ်သည်။ ပြည်သူပြည်သားများကလည်း ချစ်မြတ်နိုးသော ထိုင်းဘုရင်ကြီးမှာ သက်တော် ၈၆ နှစ် ရှိပြီဖြစ်သည်။

ယခုတခေါက် အာဏာသိမ်းခဲ့ခြင်းသည် ထိုင်းနိုင်ငံအတွက်ရော ဒေသတွင်း တည်ငြိမ်ရေး အတွက်ပါ စိုးရိမ်စရာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နိုင်ငံတို့သည် အာဆီယံထဲတွင် ဒီမိုကရေစီ အတန်အသင့်ရှိသည်။ သတင်းစာ လွတ်လပ်ခွင့်ရှိသည့် လူမှုအဖွဲ့အစည်းများလည်း အသက်ရှုချောင်စွာ လှုပ်ရှားရန် အခွင့်အလမ်းများရှိသည်။ ထို့အပြင် အနောက်နိုင်ငံများ၊ နိုင်ငံတကာနှင့် ဆက်ဆံရာတွင် ရှေ့တန်းက တံခါးဖွင့်ထားသော နိုင်ငံများဖြစ်ပြီး ကူးလူးဆက်ဆံမှု အများဆုံး ဖြစ်သည်။

ဤနိုင်ငံများနောက်တွင် စီးပွားရေးအရ အားတောင့်သော စင်ကာပူ၊ မလေးရှားတို့ ရှိသည်။ အဆိုပါ နိုင်ငံ ၂ နိုင်ငံက Authoritarian ဘက်ကို ပိုကဲသည်။ နောက်ဆုံးတန်းတွင် လာအို၊ ကမ္ဘောဒီးယား၊ ဆင်းရဲပြီး အာဏာရှင်များ၊ စစ်ဘုရင်များ စိုးမိုးသော ဗီယက်နမ်နှင့် မြန်မာတို့ ဖြစ်သည်။ ထိုင်းအာဏာသိမ်းမှု ဖြစ်ချိန်နှင့် မြန်မာနိုင်ငံတွင် ပြုလုပ်နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ပြည်တွင်းပြည်ပက စောင့်ကြည့်ဝေဖန်နေသော ကာလနှင့်လည်း တိုက်ဆိုင်နေသည်။

မြန်မာ့ပြုပြင်ပြောင်းလဲရေး ရပ်တန့်နေပြီလော၊ နောက်ပြန်ဆုတ်နေပြီလော၊ သို့မဟုတ် တချိန်က တိုင်းပြည်ကို မတရား အာဏာသိမ်းခဲ့သူများ စိုးရိမ်ပြီး အာဏာ ဆက်လက်တည်တံ့ရေး ဆက်လုပ်မည်လော စသည့် မေးခွန်းပေါင်း များစွာထဲမှ တခုမှာ နောက်ပြန်လှည့်ပြီး အာဏာသိမ်းဦးမည်လောဟု အနုတ်လက္ခဏာဘက်က မေးခွန်း ထုတ်သူများလည်း ရှိသည်။

မြန်မာနိုင်ငံတွင် ဘောင်းဘီဝတ်များနှင့် ဘောင်းဘီချွတ်များက ကြီးစိုးမင်းမူနေရာယူထားပြီး ဖြစ်သည့်အတွက် အာဏာသိမ်းရန် အထွေအထူး မလိုပါဟု ပြန်လည်ချေပသူများလည်း ရှိသည်။ တပ်မတော်က အာဏာ သိမ်းရန် မလိုအောင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်တပ်က လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း ယူထားခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ မည်သို့ဆိုစေကာမူ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်သော မီဒီယာများ ဆက်လက်ရပ်တည် ရှင်သန်ရေးအတွက် တပ်မတော်နှင့် ယူနီဖောင်းဝတ်များက ထိန်းချုပ်ထား၍ မရပါ။

အိမ်နီးချင်း ထိုင်းနိုင်ငံတွင် အာဏာသိမ်းလိုက်၊ ရွေးကောက်ပွဲ ပြန်လုပ်ပေးလိုက်၊ အာဏာသိမ်းလိုက်နှင့် ခေါက်ရိုးကျိုးနေပြီ ဖြစ်သည်။ အာဆီယံ၏ ထိပ်ပိုင်းတွင် ဦးဆောင်ဖူးသည့် နိုင်ငံအနေဖြင့် အနုတ်လက္ခဏာ ဖြစ်သည်။

ယခု အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူထားသူ မြန်မာနိုင်ငံကလည်း စစ်တပ်က အာဏာသိမ်းပြီး တိုင်းပြည်ကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့ဖူးသည့် နိုင်ငံဖြစ်သည်။ ဒီပုတ်ထဲက ဒီပဲသာ ဖြစ်သည်။ အာဆီယံ ဒေသတွင်း တည်ငြိမ်ရေးအပြင် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် သတင်းစာ လွတ်လပ်ခွင့်အတွက် စိုးရိမ်စရာကောင်းသော အချိန်ပင် ဖြစ်ပေသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading