ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က အနောက်နိုင်ငံများ၏ ထောက်ခံမှုကို ရယူပြီး အိမ်နီးချင်း ကမ္ဘော ဒီးယားနိုင်ငံတွင် အခြေစိုက်ကာ အဝေးရောက်အစိုးရ ဖွဲ့နိုင်ကြောင်း ပြီးခဲ့သည့် သောကြာနေ့ထုတ် အေးရှားတိုင်းမ် သတင်းတွင် ရေးသား ထားသည်။
မစ္စတာသက်ဆင်နှင့် နီးစပ်သည့် သံတမန်တဦးကို ကိုးကားပြီး ရေးသားထားသည့် အဆိုပါ သတင်းတွင် ၂၀၁၀ ခုနှစ် ဆန္ဒပြမှုများကို စစ်တပ်က ဖြိုခွင်းစဉ် အိမ်နီးချင်းကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ပြေးသွားသည့် အာဏာရှင်ဆန့်ကျင်ရေး ညီညွတ်သော ဒီမိုကရေစီ တပ်ဦး (UDD) အဖွဲ့ခေါင်းဆောင်တချို့နှင့် သက်ဆင်တို့ ပူးပေါင်းပြီး အဝေးရောက်ထိုင်းအစိုးရ ဖွဲ့စည်းနိုင်သည်ဟု ဖော်ပြထားသည်။
သို့သော် ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီး ခယူ ခန်ဟာရစ်သ် (Khieu Kanharith)က “အဲဒီလို အစိုးရကို ကျနော်တို့ မြေပေါ်မှာ ခွင့်ပေးမှာ မဟုတ်သလို ဖွဲ့စည်းပုံကလည်းခွင့်မပြုပါဘူး” ဟု သူ၏ Facebook လူမှုကွန်ရက်တွင် ဖော်ပြထားသည်။
ယမန်နေ့ကလည်း မစ္စတာ သက်ဆင်၏ ရှေ့နေက ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းကာ လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရပ်ဆိုင်း လိုက်သည့် အတွက် ဒီမိုကရေစီပြန်လည်ရှင်သန်ရေး ထိုင်းနိုင်ငံ၏ အဝေးရောက် အစိုးရ ဖွဲ့မည်ဟု ထုတ်ပြန်ထားသည်။
ထို့အတွက် အဆိုပါရှေ့နေကိုလည်း ထိုင်း စစ်အစိုးရက တရားစွဲဆိုမည်ဟု သိရသည်။
ထိုင်းစစ်တပ်က အာဏာသိမ်းခြင်းကို အမေရိကန် အပါအဝင် နိုင်ငံတကာက ပြစ်တင်ကန့် ကွက်နေပြီး၊ ဒီမိုကရေစီကို အမြန်ဆုံး ပြန်လည်ဖော်ဆောင်ပေးရန် တိုက်တွန်းပြောဆိုနေချိန်၊ မစ္စတာသက်ဆင်သည် ၎င်းအပေါ် စာနာစိတ်များရှိနေသည့် အနောက်နိုင်ငံ များ၏ ထောက်ခံမှုဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အ ချိတ် အဆက်မိမိလုပ်နိုင်မည့် အခြေ အနေ ရှိသည်ဟု အေးရှားတိုင်းမ်က ဆိုသည်။
စစ်အာဏာသိမ်းမှုကို အာဏာသိမ်း စစ်ကောင်စီ၊ အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးမှု ကောင်စီ (National Peace and Order Maintaining Council – NPOMC) ၏ အကြီးအကဲ ထိုင်းဘုရင့်တပ်မတော် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာက ယနေ့ နံနက်ထိုင်းစံတော်ချိန် ၁၁ နာရီကျော်က ထိုင်းဘုရင်မင်းမြတ်၏ အတည်ပြုချက်ရယူပြီး သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့သည်။
ထိုင်းနိုင်ငံတွင် မေလ ၂၂ ရက်နေ့ ညနေ ၅နာရီတွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီး ညမထွက်ရအမိန့်ထုတ်ပြန်ကာ ထင်ရှားသည့် နိုင်ငံရေးသမား ၁၅၅ ဦးကို ထိုင်းစစ်တပ်အာဏာပိုင်များထံ လာရောက်သတင်းပို့ရန် ဆင့်ခေါ်၍ ထိန်းသိမ်းခဲ့ပြီး ရုပ်မြင်သံကြား၊ သတင်းနှင့် မီဒီယာများကိုလည်း ထိန်းချုပ်ခဲ့သည်။
ဝန်ကြီးချုပ်ဟောင်း မစ္စယင့်လတ် အပါအဝင် အစိုးရ ဆန့်ကျင်ရေးခေါင်းဆောင် ဆူထေ့သက်ဆူဗန်ကို ယမန်နေ့က ပြန်လွှတ်ပေး ခဲ့သော်လည်း မစ္စတာ ဆူထေ့ပ်ကိုမူ တိုင်းပြည်ပုန်ကန်မှု နှင့် တရားစွဲကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ယနေ့ ရေးသား ထား သည်။
အာဏာသိမ်း စစ်ကောင်စီက ထိုင်းအထက်လွှတ်တော်ကို ဖျက်သိမ်းကာ ရဲချုပ်အပါအဝင် မစ္စတာ သက်ဆင်နှင့် နီးစပ်သည့် ထိုင်း မြောက်ပိုင်းဒေသများက ရဲမှူးကြီးများကိုလည်း ၎င်းတို့၏ လက်ရှိ နေရာ ရာထူးတာဝန်များမှ ဖယ်ရှား ပြောင်းရွှေ့မိန့်များဆက် တိုက် ထုတ်ပြန်ခဲ့သည်။
မစ္စတာ သက်ဆင်အား အဓိက ထောက်ခံသည့် ချင်းမိုင်အပါအဝင် ထိုင်းနိုင်ငံ မြောက်ပိုင်း ဒေသများရှိ ဖုယာ့ ထိုင်းပါတီနှင့် ရှပ်နီ ခေါင်းဆောင်များကိုလည်း သတင်းပို့၊ လာရောက်တွေ့ဆုံရန် ဆင့်ခေါ်စာ ဖြင့် အမိန့်ထုတ်ပြန်ထားသည်။
ရှပ်နီအဖွဲ့ဝင်များဟု ယူဆရသော လူ ၂၀ ကျော်ကိုလည်း လက်နက်ခဲယမ်းများနှင့် အတူ ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ဖမ်းဆီးရမိ ခဲ့သည်ဟု ထိုင်း သတင်း ဌာန Khaosodက ရေးသားသည်။ ယင်း သတင်းဌာနသည် လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီ၏ သတင်းများကို အဓိက ထုတ်ပြန်နေသည်။
မစ္စယင့်လတ်အစိုးရ လက်ထက်က ပြည်ထဲရေး ဝန်ကြီးနှင့် နောက်ထပ် ဝန်ကြီး ၁ ဦးတို့သည် စစ်အစိုးရအား သူပုန် အစိုးရ ဟု သမုတ်ကာ အာဏာသိမ်းစစ်ကောင်စီမှ သတင်းပို့ရန် မလုပ်ဟုပြောဆိုပြီးနောက် ၎င်းတို့၏ ဘဏ်အကောင့် များအား ပိတ်သိမ်း ထားကြောင်း သိရသည်။
စစ်အာဏာသိမ်းမှုကို ရှပ်နီများ၊ ရှပ်ဝါများ အပြင် လူငယ်မျိုးဆက်သစ်များ၊ အစိုးရ ဝန်ထမ်းများက ကန့်ကွက် ဆန္ဒပြမှုများလည်း ဘန်ကောက်နှင့် ချင်းမိုင် စသည့်မြို့ကြီးများတွင် ဖြစ်ပေါ်လျှက်ရှိသည်။
ထို့ကြောင့် စစ်အစိုးရမှ ဘန်ကောက်အပါအဝင် ထိုင်းနိုင်ငံတဝန်းဖြစ်ပေါ်နေသည့် စစ်အာဏာသိမ်းမှု ကန့်ကွက်သည့် ဆန္ဒပြပွဲများကို မလုပ်ဆောင်ရန်သတိပေးထားပြီး၊ လုပ်ဆောင်ခဲ့ပါက ပြင်းထန်စွာအရေးယူမည်ဟုလည်း ထုတ်ပြန်ထားသည်။