ထိုင်းနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် ထိုင်းအစိုးရက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအပေါ်ထားတဲ့ မူဝါဒတွေဟာ ပြောင်း လဲသွားမှာ မဟုတ်ကြောင်း ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက မေ ၂၆ ရက်မှာ ပြောဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ စစ်တပ်က မေလ ၂၂ ရက်မှာ အာဏာ သိမ်းယူလိုက်ပြီးတဲ့နောက် ရွှေ့ပြောင်း မြန်မာ အလုပ်သမားတွေက စိုးရိမ်မှုတွေ ရှိနေကြတဲ့ အပေါ် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမား သံအရာရှိ ဦးသိန်းနိုင်က အထက်ပါအတိုင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“ထိုင်းကတော့ ပြောတာ အရင်တုန်းက လိုပါပဲ၊ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ပေါ်လစီတွေကို မထိခိုက်ပါဘူး၊ ကာဖျူး ထုတ်ထားချိန် လမ်းမပေါ် မထွက်ရတာဘဲ ရှိတာပါ၊ စက်ရုံတွေမှာ နေ့ဆိုင်း၊ ညဆိုင်း ဆင်းတဲ့ လူတွေလည်း ရှိပါတယ်၊ ကျနော်တို့ သိရသလောက်တော့ အေးအေး ဆေးဆေးပါ”လို့ ဦးသိန်းနိုင်က ဧရာဝတီကို ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းတဲ့နေ့မှာပဲ ည ၁၀ နာရီကနေ မနက် ၅ နာရီအတွင်း ညမထွက်ရ အမိန့် ထုတ်ပြန်ထားပေမယ့် လေယာဉ် ခရီးသည်၊ ဆေးရုံ ဝန်ထမ်း၊ စက်ရုံ အလုပ်သမား၊ အအေးခန်း ထုတ်ကုန်လုပ်ငန်း၊ နိုင်ငံခြား ကုန်တင်မှု လုပ်ငန်းတွေတော့ မပါဝင်ဘူးလို့ တခါတည်း ထုတ်ပြန် ကြေညာထား ပါတယ်။
အလုပ်သမား လိုအပ်ချက် အရ လက်ရှိ အာဏာ သိမ်းထားတဲ့ ထိုင်းစစ်တပ် လက်ထက်မှာလည်း အလုပ်သမားနဲ့ သက်ဆိုင်တဲ့ မူဝါဒတွေ ပြောင်းလဲသွားမယ်လို့ မထင်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်ကလည်း ပြောပါတယ်။
MWRN ဥက္ကဋ္ဌ ဦးအောင်ကျော် က“ရွှေ့ပြောင်း အလုပ်သမားအရေးကို ထိုင်းအစိုးရ ရှိစဉ်တုန်းကရော၊ ယာယီ အစိုးရနဲ့ရော မြန်မာ အစိုးရက ဆွေးနွေးထားတယ်၊ အရင်အတိုင်းပဲ တသံတည်း လက်ခံခဲ့ကြတယ် ဆိုတော့ ကျနော့် အမြင်တော့ လက်ရှိ တပ်မတော် အစိုးရ အုပ်ချုပ် နေချိန်မှာလည်း ရွှေ့ပြောင်း အလုပ်သမားဟာ ထိုင်းနိုင်ငံမှာ အင်မတန် လိုအပ်နေတယ်ဆိုတာ သိတဲ့အတွက်ကြောင့် ဘာမှ အပြောင်းအလဲ လုပ်လိမ့်မယ်လို့ မယူဆပါဘူး”လို့ ဧရာဝတီကို ပြောပါတယ်။
ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းပြီး အရေးပေါ် ညမထွက်ရ အမိန့် ထုတ်ပြန်ထားတဲ့ အတွက်ကြောင့် မြို့ပြတွေမှာ ရှိတဲ့ ညဈေး၊ စားသောက်ဆိုင်၊ ကုန်တိုက်တွေနဲ့ အချိန်ပို အလုပ်လုပ်ရတဲ့ အလုပ်သမားတွေ အတွက် ဝင်ငွေ ထိခိုက်မှု ရှိနေတယ်လို့ သိရပါတယ်။
“ကာဖျူး ထုတ်ထားတော့ မြန်မာ အလုပ်သမားတွေ အတွက် ရိုက်ခတ်မှု အနည်းငယ်တော့ ရှိတယ်ဗျ။ တချို့ အလုပ်ရုံတွေမှာ သူတို့ရဲ့ ကုန်ပစ္စည်း လိုအပ်ချက် အရ ည ၁၀ နာရီ၊ ၁၁ နာရီ အထိ အချိန်ပိုကြေးပေးပြီး ခိုင်းနေတာတွေလည်း ရှိတယ်။ အဲဒီလို လုပ်ရတော့ ဝင်ငွေ ပိုတာပေါ့။ အခုလို ကာဖျူး ထုတ်ထားတော့ အဲဒီအခွင့် အရေးတွေ ဆုံးရှုံးတာပေါ့”လို့ ဦးအောင်ကျော်က ဆိုပါတယ်။
ကာဖျူး အရေးပေါ် ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မြန်မာသံရုံးက သံရုံး ဝန်ထမ်းတွေကို သတိနဲ့ နေထိုင် သွားလာဖို့ ဆက်သွယ် သတိပေးတာတွေ ရှိပြီး ရွှေ့ပြောင်း အလုပ်သမားတွေ အတွက် သတိပေး ထုတ်ပြန်တာတွေ မရှိသေးဘူးလို့ သိရပါတယ်။
အလုပ်သမား သံအရာရှိ ဦးသိန်းနိုင်က“ကာဖျူးက ဘယ်အချိန် ရုပ်သိမ်းမလဲ မသိရသေးပေမယ့် ကျနော်တို့ မြန်မာနိုင်ငံသား အလုပ်သမားတွေ အနေနဲ့ ထိုင်းက ထုတ်ပြန်ထားတဲ့ လက်ရှိဥပဒေတွေကို လေးစားလိုက်နာပြီး အမိန့်အတိုင်း နေထိုင်သွားလာကြ ဖို့၊ အရှုပ်အထွေးတွေမှာ မပါဝင်ကြဖို့ တိုက်တွန်းပါတယ်”လို့ ပြောပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာ ရွှေ့ပြောင်း အလုပ်သမား စုစုပေါင်း ၃ သန်းခန့်ရှိပြီး ၂၀၀၉ ခုနှစ်က စတင်လုပ်ပေးခဲ့တဲ့ ယာယီ နိုင်ငံကူး လက် မှတ် အစီအစဉ်မှာ မြန်မာလုပ်သား ၁၇ သိန်းက တရားဝင် လုပ်ဆောင်ထားတယ်လို့ မြန်မာအစိုးရရဲ့ တရားဝင် ထုတ်ပြန်ထားချက် များ အရ သိရပါတယ်။