ကျနော် လုပ်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုက ကုမ္ပဏီ တခုမှာ ကျနော့်ကို အကြံပေး (supervisor) ရာထူး ခန့်တော့ မန်နေဂျာက (DISC) သင်တန်း တက်ဖူးသလား လို့ မေးတယ်။ မတက်ဖူးဘူး လို့ ဆိုတော့ နောက်လ အဲဒီသင်တန်း တက်ရမယ် လို့ ပြောတယ်။
သင်တန်း မသွားခင် တပတ်လောက် အလိုမှာ မေးခွန်း ၁၀၀ ကို ဖြေဆိုပြီး သင်တန်း ဆရာမဆီကို ပြန်ပို့ ပေးရတယ်။ အမှန်အမှား မဟုတ်ဘဲ ရွေးချယ်စရာတွေ ထဲက ကိုယ့်စိတ်နဲ့ သဟဇာတ ဖြစ်မယ့် အဖြေကို ရွေးရတယ်။ တခုခုလုပ်မယ်၊ တခုခုဖြစ်မယ် ဆိုရင် ဘယ်လို တုံ့ပြန်မလဲဆိုတဲ့ အဖြေတွေကို မေးတာပါ။ သင်တန်းရောက်တော့ ကျနော့် အဖြေလွှာပေါ်မှာ မူတည်ပြီး ကျနော်ဟာ ဘယ်လိုလူစားမျိုးဆိုတာ သုံးသပ်ထားတဲ့ ဇယားတခုရယ်၊ သင်တန်းဆရာရဲ့မှတ်ချက်ရယ်ကို ပေးပါ တယ်။
လူတွေရဲ့ပြုကျင့်မှုတွေကို လေ့လာပြီး အဲဒီလူဟာ ဘယ်လို လူစားမျိုးလဲ၊ ပေးအပ်တဲ့ တာဝန်နဲ့ သူ့ရဲ့ အမူအကျင့်ဟာ ကိုက်ညီမှု ရှိရဲ့လားဆိုတာ သင်တန်းမှာ ဆွေးနွေးပါတယ်။
(DISC) ရဲ့ မူလအစကို ဖော်ထုတ်ခဲ့သူဟာ Dr. William Moulton Marston ဖြစ်ပါတယ်။ ၁၉၂၈ ခုနှစ်မှာ သူရေးသားခဲ့တဲ့ “Emotions of Normal People” စာအုပ်ဟာ DISC ဖြစ်ပေါ်လာဖို့ အခြေခံ အကြောင်းအရင်း ဖြစ်ပါတယ်။ ၁၉၄၀ခုနှစ်မှာတော့ Walter Clark ဆိုသူက Dr. William ရဲ့ အတွေးခေါ်ကို အခြေခံပြီး အကဲဖြတ်ပုံ ၄ မျိုးနဲ့ (DISC) သီအိုရီကို တီထွင်ခဲ့တာ အမေရိကန်ပြည်ထောင်စုမှာ ယနေ့ထိတိုင် သုံးစွဲနေကြပါတယ်။
လူတွေရဲ့ စိတ်နေစိတ်ထား၊ အမူအကျင့်နဲ့၊ ဖြစ်ရပ်တွေ အပေါ်မှာ တုံ့ပြန်ပုံတွေကို အခြေခံပြီး အဲဒီလူဟာ ဘယ်လို နေရာမျိုးမှာ အားသာပြီး ဘယ်လို လုပ်ငန်းမျိုးနဲ့ ကိုက်ညီမလဲ ဆိုတာကို ဆန်းစစ်ခြင်း ဖြစ်ပါတယ်။ ခေါင်းဆောင်မှု အရည်အချင်းနဲ့ ဝန်ထမ်းလေ့ကျင့်ပေးရေးတွေ အတွက် ဒီအစီအစဉ်ကို အသုံးပြုကြပါတယ်။ ကွန်ပြူတာ ပြင်ဆရာကို အရောင်းစာရေးလို တာဝန်မျိုးကို မှားပြီး မခန့်အပ်မိအောင် ဆန်းစစ်ခြင်းမျိုး ဖြစ်ပါတယ်။
(D-I-S-C) ရဲ့ အဓိပ္ပါယ်ကတော့ လူတွေရဲ့ စွမ်းဆောင်ရည်ကို အပိုင်း ၄ ပိုင်း ခွဲခြားထားပြီး ဘယ် အကြောင်းအရာ အပေါ်မှာ လူတဦးချင်းစီက အားသာတယ်၊ အားနည်းတယ် ဆိုတာကို စမ်းသပ်တာပါ။
Dominant (D) – တည့်တည့် ပြောသူ၊ ရလဒ်ကို လိုချင်သူ၊ ပြသနာဖြေရှင်းသူ၊ ခေါင်းဆောင်သူ၊ ညွှန်ကြားချက် ပေးရသူ
Influencing (I)- ရည်မွန်သူ၊ စကားပြောသန်သူ၊ အကောင်းမြင်သူ၊ လူတွေနဲ့ သဟဇာတဖြစ်သူ၊ နှစ်လိုဖွယ်ရှိသူ
Steady (S)- အစုအဖွဲ့နဲ့လုပ်ကိုင်တတ်သူ၊ စိုက်လိုက်မတ်တတ် ရှိသူ၊ စိတ်ရှည်သူ၊ ကြားဝင်စေ့စပ်ပေးသူ၊ စာနာစိတ် ရှိသူ၊ သူတပါး ခံစားချက်ကို နားထောင်ပြီး ဖြေသိမ့်ပေးတတ်သူ
Compliant (C) – တိကျသူ၊ အချက်အလက်နဲ့ အလုပ်လုပ်သူ၊ စေ့စပ်သေချာသူ၊ အကျိုးအကြောင်း ဆီလျှော်အောင် စဉ်းစားသူ၊ အသေးစိတ် အကြောင်းအရာတွေကို နိုင်နင်းသူတို့ ဖြစ်ပါတယ်။
ကုမ္ပဏီ၊ ပါတီ အဖွဲ့အစည်း၊ စစ်တပ်နဲ့ လူမှု အသိုင်းအဝိုင်းတွေမှာ (DISC) လေးမျိုး စလုံးမှာ အားကောင်းတဲ့ သူတွေ ရှိဖို့ လိုအပ်ပါတယ်။ မရှိခဲ့ရင်လည်း ရှိလာအောင် လေ့ကျင့်ပျိုးထောင်ပေးဖို့ လိုပါတယ်။ ဒါမှ အဖွဲ့အစည်းဟာ သဟဇာတ ဖြစ်ပြီး အားကောင်းမောင်းသန်တဲ့ အင်အားစု ဖြစ်လာမှာပါ။ ဟန်ချက်ပိုညီပြီး ထိရောက်တဲ့ စွမ်းဆောင်ရည် ရှိလာမှာဖြစ်ပါတယ်။
(D) နဲ့ (I) သမားတွေဟာ ရှေ့ထွက် ပြရသူတွေဖြစ်ပြီး နောက်ကွယ်က (S) နဲ့ (C) သမားတွေရဲ့ ပံ့ပိုးမှု မရှိဘဲနဲ့ သူတို့ရဲ့ ရှေ့ထွက် လုပ်ငန်းတွေဟာ မအောင်မြင်နိုင်ပါဘူး။
မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်က ကြီးလေးကြီးကို (DISC) ခေါင်းဆောင်မှု ရှုထောင့်ကနေ ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည် ဟာ (I) နဲ့ (D) မြင့်မားသူလို့ သုံးသပ်လို့ ရပါတယ်။ သူမဟာ ပြည်သူလူထုရဲ့ နှစ်လိုမှုကို ရပြီး အပြောအဟော ကောင်းသူဖြစ်ပါတယ်။ ဒီချုပ် ပါတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ အတွက် ညွှန်ကြားမှု၊ ဦးဆောင်မှု၊ ဆုံးဖြတ်ချက် ချမှုတွေကို လုပ်ရသူဖြစ်ပါတယ်။
စစ်ခေါင်းဆောင်ဟောင်းတွေ ဖြစ်ကြတဲ့ လက်ရှိသမ္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဌ ဦးသူရရွှေမန်း နဲ့ ကာချုပ် ဦးမင်းအောင်လှိုင်တို့ဟာ စစ်ဘက်ကလာတဲ့သူတွေဖြစ်တဲ့ အတွက် အမိန့်၊ ညွှန်ကြားချက်တွေကို ပေးရသူမို့ (D) အားကောင်းချက် ကတောာ့ အသေအချာ ရှိပြီးသားပါ။ ဒါပေမယ့် ခေါင်းဆောင်ကောင်း တယောက်မှာ ရှိသင့်တဲ့ (I) အရည်အသွေး ကင်းမဲ့မှုကတော့ ပြည်သူနဲ့ အလှမ်းဝေးနေ ရသေးတဲ့ အကြောင်းအရင်း တခု ဖြစ်ပါတယ်။
တပ်မတော် ခေါင်းဆောင်တွေဆီမှာ အမြဲရှိတဲ့ (D) အမိန့်ပေးခြင်း ဆိုတဲ့ အရည်အချင်း တခုတည်းနဲ့ တိုင်းပြည်ကို မတည်ဆောက်နိုင်တာ နှစ်ပေါင်း ၅၀ ကျော်က သက်သေပြခဲ့ပြီး ပါပြီ။ ထို့အတူပဲ ပညာတတ်၊ ကျွမ်းကျင်သူတွေဖြစ်တဲ့ (C) နဲ့ (S) သမားတွေကို နေရာမပေးမှု ကြောင့်လည်း ဘယ်စနစ်ပဲ ကျင့်သုံး ကျင့်သုံး အောင်မြင်မှု မရရှိ ခဲ့ပါဘူး။
(D) ပဲရှိပြီး (I) မရှိတဲ့ ခေါင်းဆောင်ဆိုရင် ခေါင်းပဲရှိပြီး ကိုယ်မရှိတဲ့ ရထားတွဲလို ဖြစ်နေမှာပါ။ အရောင်းစာရေး ကောင်း တဦးဟာ (I) အားကောင်းတဲ့သူတဦးဖြစ်ရပါမယ်။
ပါတီတခုရဲ့ (Campaign Manager) အောင်နိုင်ရေး တာဝန်ခံ ဆိုတဲ့ ရာထူးမျိုးကို ပါတီစီနရာထက် (I)အရည်အသွေး ပြည့်ဝသူတွေကို ခန့်အပ်ပေးဖို့လိုပါတယ်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်ရသူ တွေဟာ (S) အားကောင်းသူတွေဖြစ်ဖို့ လိုပါတယ်။ သူတပါးရဲ့ ခံစားချက်ကို နားထောင်တတ်သူ ဖြစ်ပြီး နာကျင်မှုတွေကို နှစ်သိမ့်နိုင်သူ ဖြစ်ရပါမယ်။ ဒါကြောင့် ဘာသာရေး ခေါင်းဆောင်တွေဟာ အဲဒီ အရည်အသွေး ပြည့်ဝသူတွေ ဖြစ်တဲ့ အတွက် သူတို့ဟာ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ ထဲထဲဝင်ဝင် ပါဝင်ဖို့ လိုပါတယ်။ နှစ်ဖက် ယူနီဖောင်းဝတ် စစ်သားေတွေပဲ တက်တဲ့ အစည်းအဝေးမျိုးဆို တင်းမာနေတဲ့ ရေခဲကို ခွဲဖို့ မလွယ်နိုင်ပါဘူး။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပိုမိုကြန့်ကြာနိုင် ပါတယ်။
သုတေသန လုပ်ငန်းတွေမှာ လုပ်ကိုင်သူတွေဟာ (C) အားကောင်းရမှာဖြစ်ပြီး ခေါင်းဆောင် လုပ်သူတွေကို တိကျတဲ့ အချက်အလက်နဲ့ ကျိုးကြောင်းဆီလျှော်မှုကို တင်ပြရသူတွေ ဖြစ်ပါတယ်။ လူတိုင်းမှာ အားသာချက်၊ အားနည်းချက် ဆိုတာ ရှိတာမို့ အားသာချက်ကို အလေးထားပြီး အဲဒီလူကို အံဝင်ခွင်ကျ ဖြစ်မယ့်နေရာမှာ တာဝန်ပေးနိုင်အောင် (DISC) က ပံ့ပိုးကူညီ ပါတယ်။
သင်တန်းက နေ့တဝက်ပဲ ဖြစ်တာမို့ ထမင်းစားအပြီး ရုံးပြန်တက်တော့ မန်နေဂျာက သူ့အခန်းထဲကနေ မင်း အားကောင်းချက် ဘာရလဲလို့ လှမ်းအော်တယ်။ ကျနော်က (C) အမြင့်ဆုံး ဖြစ်ပြီး ဒုတိယမြင့်တာက (D) လို့ လှမ်းပြောတော့ မန်နေဂျာက ဒါဆိုအံကိုက်ပေါ့ ကွ လို့ ဆိုတယ်။ မင်းက ကွန်ပြူတာမှာ ဇယားတွေ အချက်အလက်တွေနဲ့ အမြဲ အလုပ်လုပ်ဖို့ လိုတယ်။ ပြီးတော့ supervisor လုပ်ရမယ်ဆိုတော့ ညွှန်ကြားချက် ပေးရမယ်။ ကွက်တိ ပဲကွ လို့ ထပ်ပြောပြီး သူ့ ကွန်ပြူတာနဲ့ အလုပ်ဆက်လုပ်နေတယ်။
အင်း … လူမှန်နေရာမှန် ဖြစ်လို့ တော်သေးတာပေါ့ လို့ ကျနော့ဘာသာ တွေးနေမိတယ်။ မြန်မာပြည်က လူသား အရင်းအမြစ် စီမံခန့်ခွဲမှုမှာ လူမှန်နေရာမှန် ရှိဖို့ ပြင်ဆင်ချက်တွေ စတင်နေပြီလား ဆိုတာ ကျနော်တို့ အားလုံးဝိုင်းပြီး မေးခွန်းထုတ်ကြရမှာ ဖြစ်ပါတယ်။ ။
(စာရေးသူသည် အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်တွင် အခြေချနေထိုင်လျက်ရှိသည့် မြန်မာစကားပြန် တဦး ဖြစ်သည်။)