မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC) က သီးခြားလွတ်လပ်သော အဖွဲ့အစည်းတခု အဖြစ် လာမည့်လအတွင်း စတင် ဆောင် ရွက် သွားမည်ဖြစ်ကြောင်း သမ္မတ စီးပွားရေး အကြံပေး အဖွဲ့ဝင်တဦးဖြစ်သူ ဒေါက်တာ အောင်ထွန်းသက်က ပြောသည်။
“MIC ကို သီးခြား ရပ်တည်ဖို့ကိစ္စ စနေပါပြီ၊ ရှေ့လထဲ ဖြစ်မယ် ထင်တယ်၊ ဖွဲ့စည်းပုံကတော့ အရင် ပုံစံပါပဲ၊ ဒါပေမယ့် သမ္မတရုံးရဲ့ အစိတ်အပိုင်းတခု အနေနဲ့တော့ ဖြစ်လာလိမ့်မယ်”ဟု ၎င်းက ပြောသည်။
ယင်းသို့ MIC က သီးခြား ရပ်တည်သွားမည့် အဖွဲ့အစည်းအဖြစ် ရှိမည်ဖြစ်သော်လည်း သမ္မတရုံး၏ အစိတ်အပိုင်းတခု အဖြစ် ရှိလာခြင်းမှာ ဝန်ကြီးဌာနများ အားလုံးနှင့်ချိတ်ဆက်မှု ပိုမိုအဆင်ပြေစေရန်နှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပိုမိုသွက်လက်စွာ လုပ်ဆောင် နိုင်စေရန် ရည်ရွယ်သည်ဟု ဒေါက်တာ အောင်ထွန်းသက်က ဆိုသည်။
“ဗဟိုဘဏ်လိုမျိုး သီးခြား လွတ်လပ်တဲ့ အဖွဲ့အစည်း အနေနဲ့ ရပ်တည် သွားမှာပါ၊ ပိုမို သွက်လက် ချောမွေ့အောင်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ ပိုလွယ်ကူအောင် ဖန်းတီး ကြည့်တာပါ”ဟု ဒေါက်တာ အောင်ထွန်းသက်က ဆက်ပြောသည်။
MIC သည် လက်ရှိတွင် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန လက်အောက်တွင် ရှိနေပြီး သီးခြား လွတ် လပ်စွာ ရပ်တည်လိုသဖြင့် ယခုကဲ့သို့ ပြောင်းရွှေ့ရခြင်း ဖြစ်သည်ဟု သိရသည်။
MIC ကို လက်ရှိတွင် အဖွဲ့ဝင် ၁၀ ဦးဖြင့် ဖွဲ့စည်းထားပြီး လုပ်ငန်းရှင်၊ စီးပွားရေး ပညာရှင်နှင့် အစိုးရပိုင်းမှ တာဝန်ရှိသူတို့ဖြင့် ပေါင်းစည်း ဖွဲ့စည်း ထားသည်။
မြန်မာနိုင်ငံ အထည်ချူပ် လုပ်ငန်းရှင် အသင်း ဥက္ကဌ ဥၤီးမြင့်စိုးက“ကောင်းပါတယ်၊ နိုင်ငံတကာအတိုင်း သွားတာ၊ ဘာကို ကောင်း တာလဲဆိုတော့ သူ့ဟာသူ ဆုံးဖြတ်နိုင်တဲ့အတွက် နိုင်ငံတကာရဲ့လိုအပ်ချက်ကို သူက တုံ့ပြန်နိုင်တယ်၊ နောက်တချက် က လုပ်ပုံ ကိုင်ပုံ အဆင့်ဆင့်တွေဆိုရင် သူတို့တာဝန် သူတို့ခံရမှာဖြစ်ပြီး ဘယ်သူ့မှ တင်ပြနေစရာ မလိုတော့ဘူး၊ အခု ဟာက ဟိုလူတင်ပြ ဒီလူတင်ပြနဲ့ ဟိုလူဆီ သွားလိုက်ဦး ဒီလူ့ဆီ သွားလိုက်ဦး၊ ဖြစ်တာပေါ့၊ ဒီတော့ နိုင်ငံတကာ ကျင့်စဉ်နဲ့ လုပ်တဲ့ ဟာတွေက နိုင်ငံ တကာမှာလည်း တိုးတက်တယ်၊ အောင်မြင်တယ် ဆိုတော့ ဒါကို ကျင့်သုံး သင့်ပါတယ်၊ ဖြစ်အောင် လုပ်သင့် တယ်”ဟု ပြော သည်။
သမ္မတ ဦးသိန်းစိန် အစိုးရသစ် တက်လာပြီးနောက်ပိုင်း စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့်အတူ နိုင်ငံတကာနှင့် ပြန်လည် ဆက်သွယ်မှုများ ရှိခဲ့သည်။ အလားတူ ပြည်တွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ စီးဝင်ရန်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နည်း ဥပဒေများ ပြဌာန်းခဲ့သည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုမှာ ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ အထိ အမေရိကန် ဒေါ်လာ ၈.၂ ဘီလီယံ ကျော် ရှိကြောင်း ယခုနှစ် ဖေဖော်ဝါရီလက ပြုလုပ်သည့် သမ္မတနှင့် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် သမ္မတ က ပြောကြားထားသည်။
ဘဏ္ဍာနှစ်အလိုက် ဝင်ရောက်သည့် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၃.၅ ဘီလီယံကျော် ရှိခဲ့ သည်။
ပြည်တွင်းရှိ ရင်းနှီးမြှုပ်နှံမှုများ အားလုံးပေါင်း ပမာဏဆိုပါက လက်ရှိတွင် အမေရိကန်ဒေါ်လာ ၄၆ ဘီလီယံ ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန က ထုတ်ပြန်ထားသည်။
ယခုအခါ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် ပြည်တွင်း လုပ်ငန်းရှင်များ အတွက် ထားရှိသည့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေ တို့ကို တခုတည်း အဖြစ် ပေါင်းစည်းရန် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။