နိုင်ငံရေးရှုပ်ထွေးမှုများဖြစ်ပေါ်နေသော ထိုင်းနိုင်ငံတွင် စစ်တပ်က ကယ်တင်ရှင်ပုံစံဖြင့် အာဏာသိမ်းမှုသည် မြန်မာ့ နိုင်ငံရေး အပေါ် ရိုက်ခတ်မှု များရှိနေပြီး မြန်မာစစ်တပ်က ထိုင်းစစ်အာဏာသိမ်းမှုကို စံပြသဖွယ် အတုယူမည်ကို စိုးရိမ်ရ ကြောင်း ပြည်တွင်း နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်ပြောဆိုလိုက်သည်။
ထိုင်းနိုင်ငံ၏ တည်ငြိမ်မှု မရှိသည့် နိုင်ငံရေးအခြေအနေကို ထိုင်းစစ်တပ်က အာဏာသိမ်းမှု၍ ကိုင်တွယ်ဖြေရှင်းလိုက်သည့် ပုံစံသည် အိမ်နီးချင်း နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံကိုလည်း ရိုက်ခတ်မှုများစွာရှိနေပြီး ကယ်တင်ရှင် ဆန်ဆန် စစ်အာဏာ သိမ်းမှု ကြောင့် နိုင်ငံရေး ပြန်လည် တည်ငြိမ်သွားခြင်းနှင့် အေးချမ်းသွားသည်ဆိုသော အမြင်များ ဖြစ်ပေါ်နိုင်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေးက ပြောသည်။
“ဒီမှာ ဘယ်လို ရိုက်ခတ်မှု ရှိနိုင်သလဲဆိုတော့ နိုင်ငံရေး မတည်မငြိမ် ဖြစ်လို့ရှိရင် ထိုင်းစစ်တပ်လို အာဏာသိမ်းနိုင်တယ် ဆိုတာ မျိုးပဲ။ အခု အခြေအနေက ထိုင်းစစ်တပ် အာဏာသိမ်းလိုက်မှ နိုင်ငံရေးပြန်တည်ငြိမ်သွားတာမျိုး၊ အေးသွားတာမျိုး ဆိုတဲ့ အမြင်တွေ ရှိတာကိုး။ ရှင်းရှင်းပြောရရင် စစ်တပ်က ကယ်တင်ရှင်ကြီးဖြစ်သွားတာမျိုးဗျာ။ အဲဒီအမြင်တွေက ကျနော် တို့ နိုင်ငံကို ရိုက်ခတ်မှု ရှိတယ်။ အဲဒီလို ပုံစံမျိုးတွေက ဒီဘက်ကို ကူးစက်လာနိုင်တယ်လို့ မြင်ပါတယ်။ ကူးလည်း ကူးစက် နေပါတယ်။ ထိုင်းနိုင်ငံမှာ ဒီလောက် ဒီမိုကရေစီ ကျင့်သုံးလာတဲ့ နိုင်ငံမှာ စစ်တပ်ရဲ့ အရေးပါမှုက ရှိနေတုန်း ဆိုတော့ ကျနော် တို့လို သက်တမ်းနုနုလေး ရှိတဲ့နိုင်ငံမျိုးဆိုရင်တော့ ပိုပြီး ဖြစ်နိုင်တာပေါ့” ဟု ဦးမြအေးက ဆိုသည်။
ထိုင်းနိုင်ငံ၏ နိုင်ငံရေး အခြေအနေသည် မြန်မာနိုင်ငံနှင့် ကွာခြားမှုရှိသော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာမှ စစ် အာဏာသိမ်းမှု ပေါ်လာခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး တွင်ကျယ်စွာ တောင်း ဆို နေသည့် အချိန်နှင့် တိုက်ဆိုင်နေသည့်အတွက် ထိုင်းစစ်အာဏာသိမ်းမှုသည် မြန်မာ့နိုင်ငံရေးအပေါ် ကြီးမားစွာ သက် ရောက်မှု ရှိနေကြောင်း ပြည်တွင်းနိုင်ငံရေးသမားတချို့က သုံးသပ်ပြောဆိုသည်။
ဒီမိုကရက်တစ် ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက “ထိုင်းနိုင်ငံမှာ ပြဿနာ တတ်နေသလို ကျနော်တို့ နိုင်ငံမှာလည်း အထူးသဖြင့် ဖွဲ့စည်းပုံ ဥပဒေတွေနဲ့ ပတ်သက်လို့ လှုပ်ရှားမှုတွေ ရှိနေတယ်။ နောက်ပြီး လူမျိုးရေး ပြဿနာကလည်း လုံးလုံး ငြိမ်သွားသေးတာ မဟုတ်သလို ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေကလည်း လုပ်ဆောင်နေဆဲပဲ ဆိုတော့ ထိုင်းနိုင်ငံရေး အခြေအနေက မြန်မာနိုင်ငံကို ရိုက်ခတ်မှုတွေ ရှိနေတယ်” ဟု ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)မှ မင်္ဂလာတောင်ညွှန့် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း က ဒီမိုကရေစီ ကျင့်သုံးနေသည့် ထိုင်းနိုင်ငံတွင် နိုင်ငံရေးတည်ငြိမ်မှု ရှိရန်ဟုဆိုကာ ထိုင်းစစ်တပ်က အာဏာသိမ်း ဖြေရှင်း လိုက် သည့် ပုံစံမျိုးကို လက်မခံနိုင်ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံရေးတွင်လည်း စစ်တပ်၏ အာဏာလွှမ်းမိုးမှု အပြည့်အ၀ ရှိနေ သေးသဖြင့် နိုင်ငံရေးတွင် စစ်တပ်ပါဝင်မှ ဖြစ်မည်ဆိုသော အမြင်မျိုး စစ်ဗိုလ်ချုပ်များတွင် စွဲမြဲသွားမည်ကို စိုးရိမ် သည်ဟု ဆိုသည်။
“ထိုင်းနိုင်ငံက ဖြစ်တဲ့ အခြေအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်တဲ့အခြေအနေကတော့ အများကြီး ကွာခြားတယ်လို့ ကျမ မမြင်ပါဘူး။ ဒီမိုကရေစီ ကျင့်သုံးနေတဲ့ ထိုင်းနိုင်ငံကို စစ်တပ်က အာဏာသိမ်းတယ်။ မြန်မာနိုင်ငံမှာတော့ ဒီမိုကရေစီလည်း မရသေးဘူး။ နောက်တခုကတော့ စစ်တပ်အာဏာသိမ်းတဲ့ အခြေအနေကနေတောင် မြန်မာနိုင်ငံက လွတ်မြောက်မှု ရှိပြီလို့လည်း မခံစားရသေးဘူးဆိုတော့ ထိုင်းနိုင်ငံနဲ့ အများကြီး ကွာတယ်လို့ မပြောနိုင်ဘူး” ဟု ဒေါ်ဖြူဖြူသင်းက ပြောသည်။
မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် ၈ လေးလုံး ဒီမိုကရေစီ လူထုအုံကြွမှု ဖြစ်ပေါ်လာပြီးနောက် စစ်တပ်က မြန်မာနိုင်ငံကို ကယ်တင်သည်ဆိုကာ စစ်အာဏာသိမ်းမှု တရပ် ပြုလုပ်ခဲ့ပြီး နှစ်ပေါင်း ၂၀ ကျော်အကြာ ၂၀၁၀ ခုနှစ်တွင် စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် စစ်အစိုးရ ဖျက်သိမ်းခဲ့ပြီး ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရထံ အာဏာ လွှဲပြောင်းသို့ အာဏာလွှဲပြောင်းပေးခဲ့သည်။
စစ်အစိုးရ၏ ထိပ်တန်းခေါင်းဆောင် တဦးဖြစ်ခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းက ထိုင်းစစ်အာဏာသိမ်းမှုသည် မြန်မာနိုင်ငံအပေါ် ရိုက်ခတ်မှုရှိသော်လည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းနိုင်သည့် အခြေအနေမျိုးမရှိဟု သုံးသပ်ပြောဆိုသည်။
“ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှုက မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှုက အနည်းငယ်တော့ သက်ရောက်မှာပေါ့။ ဘာလို့လဲ ဆိုတော့ ဒီလိုဖြစ်ဖို့မသင့်ဘူး။ ပြည်သူတွေကတော့ ဒီလိုဖြစ်တာ မကြိုက်ဘူးပေါ့။ ပြည်သူတွေက ဒီလိုများ ဖြစ် မလား လို့ စိုးရိမ်မှုတွေ ဖြစ်နေမှာပါ။ အဲဒီအတွေးအခေါ်တွေမှာတော့ သက်ရောက်မှုတော့ ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံ အနေ နဲ့ ဆိုရင်ရော အဲဒီလို ထိုင်းနိုင်ငံအနေအထားမျိုး ရောက်ရှိလာဖို့ဆိုရင် လောလောဆယ်တော့ ဒီတိုင်းပြည် အနေနဲ့တော့ မရှိသေးပါဘူး။ မရောက်နိုင်သေးပါဘူး” ဟု ဦးအောင်သောင်းက ရှင်းပြသည်။
ဒီမိုကရေစီ စနစ် ကျင့်သုံးနေသော နိုင်ငံတိုင်းတွင် လက်နက်ကိုင်သော စစ်တပ်၏ အာဏာသိမ်းမှု မှန်သမျှသည် ဒီမိုကရေစီစနစ်ကို မှေးမှိန်စေသည့်အတွက် လက်မခံနိုင်ကြောင်း ရခိုင်အမျိုးသားပါတီမှ ခေါင်းဆောင်တဦးလည်း ဖြစ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဒေါက်တာအေးမောင်က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ကတော့ အာဏာသိမ်းတယ် ဆိုတာ မကြားချင်ဘူး။ ထိုင်းမှာလည်း အခု စစ်တပ်က အာဏာ သိမ်းလိုက် တာမျိုးကို ပြည်သူလူထုက လက်မခံဘူး။ လက်နက်ကိုင်တဲ့ အခြေအနေကိုတော့ ဘယ်ပြည်သူမှ လက်မခံဘူး”ဟု ဒေါက်တာ အေးမောင်က ပြောသည်။
ထိုင်းနိုင်ငံတွင် ဗိုလ်ချုပ်ကြီးပရာယွတ် ချန်အိုချာဦးဆောင်သော စစ်ဗိုလ်ချုပ်များက စစ်အာဏာသိမ်းထားပြီး လူ ၅ ဦးထက် မစုစည်းရ၊ ဆန္ဒပြခြင်းမပြုရ၊ ညမထွက်ရ အမိန့် ထုတ်ပြန်ခြင်း အပါအဝင် စစ်အုပ်ချုပ်ရေးဖြင့် တိုင်းပြည်ကို အုပ်ချုပ်လျက် ရှိပြီး သတင်းမီဒီယာများကို ကန့်သတ်ချက်များစွာဖြင့် ထိန်းချုပ်လျက်ရှိသည်။