၂၀၁၄ ခုနှစ် မေလ ၂၂ ရက်နေ့တွင် ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Prayuth Chan-Ocha က ထိုင်းနိုင်ငံ၏ အစိုးရအဖွဲ့နှင့် ပါလီ မန်ကိုဖျက်သိမ်းပြီး အခြေခံဥပဒေကို ဆိုင်းငံ့ကာ စစ်အာဏာ သိမ်းယူလိုက်ပြီးနောက် ထိုင်းနိုင်ငံမှ သတင်းစာဆရာ ၁၈ ဦးကို
ထိန်းသိမ်းလိုက်သည့် ဖြစ်ရပ်အပေါ် မြန်မာ ဂျာနယ်လစ် ကွန်ရက်(MJN)က စိုးရိမ်ပူပန်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။
ထိုင်းနိုင်ငံအတွက် အရေးကြီးသည့် ကာလမျိုးတွင် ပြည်သူ၏ နားမျက်စိ သဖွယ်ဖြစ်သည့် သတင်းစာဆရာများကို ထိန်သိမ်းခြင်း၊ သတင်းမီဒီယာ တချို့ကို ဆိုင်းငံ့ခြင်းများသည် ထိုင်း သတင်းလောက သာမက အိမ်နီးချင်း နိုင်ငံများဖြစ်သည့် အာဆီယံနိုင်ငံများ အတွက်ပါ ကောင်းမွန်သည့် လက္ခဏာမဟုတ်ဟု MJN က ရှုမြင်ကြောင်း၊ MJN အနေဖြင့် ထိန်းသိမ်းခံရသည့် ထိုင်း သတင်းစာ ဆရာများကို စိတ်ဓာတ်ရေးရာ အရ အားပေးထောက်ခံပြီး ထိန်းသိမ်းခံ သတင်းစာဆရာများ၏ မိသားစုဝင်များကိုလည်း စာနာကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် ထိုင်း အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးမှု ထိန်းသိမ်းရေး ကောင်စီ အနေဖြင့် ထိုင်း သတင်းစာ ဆရာများ ထိန်းသိမ်းထားခြင်းကို အမြန်ဆုံး ပြန်လွှတ်ပေးပြီး သတင်းလွတ်လပ်ခွင့် အာမခံချက် ပေးရန် MJNက တိုက်တွန်းထားသည်။