သမ္မတဦးသိန်းစိန်၏ ညွှန်ကြားချက်ဖြင့် သာသနာရေးဝန်ကြီးဌာနက ရေးဆွဲထားသော ကိုးကွယ်ရာ ဘာသာကူးပြောင်း ခြင်း ဆိုင်ရာ ဥပဒေကြမ်းတွင် နိုင်ငံသားအခွင့်ရေး ကန့်သတ်ချက်များ ပါဝင်နေကြောင်း ခရစ်ယာန်နှင့် မွတ်စလင် အသိုင်းအဝိုင်းမှ ခေါင်းဆောင်တချို့က ဧရာဝတီသို့ပြောဆိုသည်။
သာသနာရေးဝန်ကြီးဌာနက ရေးဆွဲထားသော ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းသည် မြန်မာနိုင်ငံအတွင်းရှိ ဘာသာပေါင်းစုံ နှင့် နိုင်ငံသား အားလုံးအတွက် အကာကွယ်ပေးထားသော ဥပဒေ မဟုတ်ဘဲ နိုင်ငံသားတဦးချင်းစီ၏ လွတ်လပ် စွာ ကိုးကွယ်ခွင့်ကို ကန့်သတ်ထားသည့်အတွက် လက်မခံကြောင်း၊ ဘာသာကူးပြောင်းမှုကို သက်ဆိုင်ရာ အာဏာ ပိုင် များ၏ ခွင့်ပြုချက်ရမှာသာလျှင် ပြောင်းလဲခွင့်ပြု မည်ဆိုသည့် အချက်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်း ပါရှိသည့် နိုင်ငံသားတို့၏ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ကန့်သတ်ထားကြောင်း မန္တလေးမြို့ ခရစ်ယန် အသင်းတော် များ ကောင်စီ၏ ဒုတိယဥက္ကဋ္ဌ ဦးဇော်ဝင်းအောင်က ဆိုသည်။
“ခွင့်ပြုချက်ရမှ ဘာသာ ပြောင်း၊ မရရင် မပြောင်းနဲ့ဆိုတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ခွင့်မပြုဘဲနဲ့ ပြောင်းမယ်ဆိုရင် အရေးယူမယ့် ပုံစံပဲ။ ဒီရဲ့အကျိုးဆက်ကတော့ လူ့အခွင့်အရေးကို ချိုးဖောက်တာ၊ နိုင်ငံသားဖြစ်ခွင့်ကို အချည်းအ နှီးဖြစ်စေတာပဲ” ဟု ဦးဇော်ဝင်းအောင်က ဆိုသည်။
မြန်မာနိုင်ငံခရစ်ယန်အသင်းတော်များကောင်စီက မေလ ၈ ရက်နေ့တွင် အစိုးရက ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်မည့် မျိုးစောင့် ဥပဒေများကို လက်မခံနိုင်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံသား အစ္စလမ်ဘာသာဝင်များဖြင့် ဖွဲ့စည်းထားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံတွင် နိုင်ငံရေးပါတီ မှတ်ပုံတင် လျှောက်ထားဆဲ ပြည်ထောင်စုအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးသာအေး(ခ) အဘူတာဟေး က ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းတွင် ဒီမိုကရေစီနှင့်မညီညွတ်သော ပြဋ္ဌာန်းချက်များ ပါဝင်နေသည်ဟု ဆိုသည်။
“အစ္စလမ် ဘာသာဝင်တဦးအနေနဲ့ ဥပဒေကြမ်းကို ကျနော်ဘာမှ ကန့်ကွက်စရာမရှိဘူး။ ဒါပေမယ့် လူတဦးချင်းစီရဲ့ လွတ်လပ်ခွင့် အရ ကြည့်မယ်ဆိုရင် ကျနော်တို့ ၂ ပိုင်းကြည့်မယ်။ တပိုင်းက ဘာသာရေးယုံကြည်မှု၊ နောက်တပိုင်းက လူ့အခွင့် အရေး။ ဘယ် ဘာသာကိုပဲ ကြည့်ကြည့် ကန့်သတ်စရာမရှိပါဘူး။ ကိုယ့်ဘာသာနဲ့ကိုယ် လုပ်နေကြတာပဲ။ လူတဦးချင်းစီရဲ့ လွတ်လပ်ခွင့်ကို ကန့်သတ် လိုက်တာက အခု အစိုးရသွားနေတဲ့ ဒီမိုကရေစီစနစ်နဲ့လည်း ကိုက်ညီမှု မရှိဘူး။ အားလုံး ပါဝင်တဲ့ လူဘောင်တခု တည်ဆောက်ရေးဆိုတဲ့ အချက်နဲ့ ဘယ်လိုမှ မကိုက်ညီဘူး” ဟု ဦးသာအေးက ရှင်းပြ သည်။
ရဟန်းတော်များ နှင့် ဗုဒ္ဓဘာသာဝင် တချို့ကမူ ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေကြမ်းကို ကြိုဆိုလိုက်ကြပြီး မြန်မာနိုင်ငံတွင် အမျိုး၊ ဘာသာ ၊ သာသနာကို စောင့်ရှောက်သော ဥပဒေများလိုအပ်ကြောင်း ပြောဆိုကြသည်။
မန္တလေးမြို့၊ ဓမ္မိကာရာမ ကျောင်းတိုက်မှ ဂဠုန်နီဆရာတော်ဦးကာဝိယက မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး၊ မိမိတို့ ယဉ်ကျေးမှု အတွက် ထိန်းသိမ်းစောင့်ရှောက်သည့် ဥပဒေများ လိုအပ်သော်လည်း အခြားသော ဘာသာဝင်များနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို မထိခိုက်ရန် လိုအပ်ကြောင်း၊ ယခင်တည်ရှိပြီးသား လက်ထပ်ထိမ်းမြားခြင်းဥပဒေကို အစိုးရ အဆက် ဆက်က တိကျစွာ အကောင်အထည်မဖော်နိုင်ခဲ့ခြင်းကလည်း ဗုဒ္ဓဘာသာဝင်များအတွက် အားနည်းချက် များစွာ ဖြစ်ခဲ့ရကြောင်း မိန့်ကြားသည်။
“ဥပဒေတခုကို ထုတ်ပြန်တာထက် အရေးကြီးတာက တိကျပြတ်သားစွာနဲ့ ရိုးရိုးသားသား ဆောင်ရွက်ရင်တော့ ကောင်း တာ ပေါ့။ ရိုးရိုးသားသားမလုပ်ရင် ရုပ်ပြပဲဖြစ်နေဦးမှာပဲ။ ဆောင်ရွက်တဲ့နေရာမှာလည်း ဘက်မလိုက်ဘဲနဲ့ ဆောင်ရွက် ရမယ်။ ဗုဒ္ဓဘာသာဘက်မှာ တင်းကျပ်တဲ့စည်းမျဉ်းတွေ မရှိခဲ့တာကြောင့် တခြားဘာသာဝင်တွေရဲ့ လွှမ်းမိုးတာကို ခံကြ ရတာ။ ဒီဥ ပဒေကို ထုတ်ပြန်တာ လက်ခံကြိုဆိုပေမယ့် တကယ်လုပ်ဖို့လိုတယ်” ဟု ဆရာတော်ဦးကာဝိယက မိန့်ကြားသည်။
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)က ဘာသာကူးပြောင်းဆိုင်ရာ ဥပဒေကြမ်း ထုတ်ပြန်မှုကို ကြိုဆို လိုက်ပြီး ရဟန်းရှင်လူ ပြည်သူများ၏ အကြံပြုချက်ကို အကောင်အထည်ဖော်ခြင်းဖြစ်သည့်အတွက် ဘာသာအားလုံး အတွက် မျှတသော ဥပဒေတရပ်ဖြစ်လာမည်ဟု မဘသ ဗဟိုအဖွဲ့မှ ဦးဆောင်ဆရာတော် ဒေါက်တာ သောဘာက က ဧရာဝတီ သို့ မိန့်ကြားသည်။
“ဒီဥပဒေက ဘုန်းကြီးတို့တွေ တောင်းဆိုခဲ့တာကို အစိုးရက ဆောင်ရွက်ပေးတာပဲ။ လွှတ်တော် ကတဆင့် ပဲ သွားရတာ။ ဘုန်းကြီးတို့က မဲပေးခွင့်တို့၊ ဘာတို့တောင်းဆိုတာမှမဟုတ်တာ။ ကိုယ့်ဘာသာ၊ ကိုယ့်လူမျိုး အ တွက် တောင်းတာ။ ဥပဒေ ဆိုရင် ပြစ်မှု၊ ပြစ်ဒဏ်ဆိုတာ တတွဲတည်းပါလာရတာပဲ´´ ဟု ဆရာတော်ဒေါက်တာ သောဘာက က မိန့်ဆိုသည်။
မတ်လ ၂၇ ရက်နေ့ အစိုးရပိုင် သတင်းစာများတွင် ထုတ်ပြန်လိုက်သော ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ မူကြမ်းနှင့်ပတ်သက်၍ အကြံပြုချက်များ တောင်းခံထားပြီး ပြည်သူများအနေဖြင့် ဇွန်လ ၂၀ ရက်နေ့ နောက်ဆုံး ထား၍ အကြံပြုချက်ပေးပို့နိုင်သည်ဟု အစိုးရက ဖိတ်ခေါ်ထားသည်။
ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းတွင် ပြစ်မှုနှင့်ပြစ်ဒဏ်များ ပါဝင်ပြီး ဘာသာသာသနာကို အလွဲသုံးစားပြုရန် ရည်ရွယ်ချက်ဖြင့် ဘာသာကူးပြောင်းသူများကို ထောင်ဒဏ် ၂ နှစ်(သို့မဟုတ်) ငွေဒဏ် ၂ သိန်း၊ ဒဏ် ၂ရပ်လုံး ပူးတွဲ ချမှတ် နိုင်ကြောင်း၊ ဘာသာကူးပြောင်းရန် ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်း၊ သွေးဆောင်ခြင်း၊ မလျှော် သြဇာသုံးခြင်း၊ အနိုင် အထက်ပြုခြင်းများကျူးလွန်းလျှင် ထောင်ဒဏ် ၁ နှစ်(သို့မဟုတ်) ငွေဒဏ် တသိန်း(သို့မဟုတ်) ပြစ်ဒဏ် ၂ ရပ်လုံး ပူးတွဲချမှတ်နိုင်ကြောင်း၊ ဘာသာကူးပြောင်းမှုကို ဟန့်တားခြင်း၊ ပိတ်ပင်ခြင်းနှင့် နှောင့်ယှက်ခြင်းများအတွက် ထောင်ဒဏ် ၆ လ၊ ငွေဒဏ် ၅ သောင်း (သို့မဟုတ်) ဒဏ် ၂ ရပ်လုံး ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။