၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါဝင်သော ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရန် အတွက် လူထုဆန္ဒ ခံယူပွဲကို မေ၂၇ မှ ဇူလိုင် ၁၉ရက် အထိ ၂ လကြာ တိုင်းနှင့်ပြည်နယ် အသီးသီးရှိ မြို့ကြီး ၁၇ မြို့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
“ဒီမိုကရေစီ စနစ်၊ ဖက်ဒရယ် စနစ်တွေကို သွားနိုင်အောင် အခြားသော ပုဒ်မတွေကို ပြင်ဆင်နိုင်အောင်လို့ အရင်ဆုံး ပုဒ်မ ၄၃၆ ဟာ ပထမဆုံး တွန်းဖွင့် ရမယ့် တံခါးလို ဖြစ်နေတဲ့အတွက် လွှတ်တော်တွင်းကနေ ပြင်ဆင် သွားမှာပါ။ ၄၃၆ ပြင်ဆင်ရေးမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပါဝင်နိုင်အောင် ဆောင်ရွက်သွားမယ်။ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့လည်း ဆွေးနွေးထားပါတယ်။ သူတို့ကလည်း ဒီပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေး အတွက် သဘောတူ ကြပါတယ်”ဟု ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ပြောသည်။
လူထုဆန္ဒ ကောက်ယူရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ ၈၈ မျိုးဆက် ကျောင်းသားများနှင့် နိုင်ငံရေး အင်အားစုများက စည်းရုံးလှုံဆော်မှုများ၊ ဟောပြောပွဲများ ပြုလုပ်ကာ ပူးပေါင်း ဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။
ယင်းအပြင် ပြည်တွင်း၌ သာမက ပြည်ပရောက် မြန်မာနိုင်ငံသားများပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးတွင် ဆန္ဒပြု လက်မှတ်ရေးထိုး ပါဝင်နိုင်ရန် အတွက် အွန်လိုင်း စာမျက်နှာများ ဖွင့်လှစ်ခြင်း၊ လက်မှတ် ရေးထိုးနိုင်သော နေရာများ စီစဉ်ပေးခြင်း တို့ကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ကပါ စီစဉ် ဆောင်ရွက်ထားကြောင်း သိရသည်။
လူထုဆန္ဒ ကောက်ယူရန် သတ်မှတ်ကာလ အတွင်း ပြည်နယ်၊ တိုင်း၊ မြို့နယ် အသီးသီးရှိ NLD ရုံးများ၊ ၈၈ ရုံးများတွင် ဒေသခံ ပြည်သူများက ဆန္ဒပြု လက်မှတ်များ သွားရောက် ရေးထိုးနိုင်ကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း က ပြော သည်။
ရရှိလာသော လူထုဆန္ဒ သဘောထား ရလဒ်များကို လွှတ်တော်သို့ တင်သွင်းကာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် ဆက်လက် ဆောင်ရွက် သွားမည်ဟု သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပုဒ်မ ၄၅၇ ခု ပါရှိပြီး ယင်းတို့ အထဲမှ ပုဒ်မ ၉၃ ခုသည် လွှတ်တော်အတွင်း ဆန္ဒမဲ အရေအတွက် ၇၅ ရာခိုင်နှုန်း အထက် ထောက်ခံမှု ရရှိပြီး ဖြစ်သည့် အပြင် ပြည်သူ့ ဆန္ဒခံယူပွဲ ပြန်လည် ကျင်းပပြီး ထောက်ခံမှု ရရှိမှသာ ပြန် လည် ပြင်ဆင်နိုင်သည့် ပုဒ်မများ ဖြစ်ကြောင်း ၈၈မျိုးဆက် ကျောင်းသားများ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာချက်များ အစီရင် ခံစာတွင် ဖော်ပြထားသည်။
ကျန်ရှိသည့် ပုဒ်မ ၃၆၃ ခုသည် လွှတ်တော်အတွင်း ထောက်ခံ ဆန္ဒမဲ အရေအတွက် ၇၅ ရာခိုင်နှုန်း အထက် ထောက်ခံမှသာ ပြန် လည် ပြင်ဆင်နိုင်သည့် ဥပေဒများ ဖြစ်သည်ဟု သိရသည်။