မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသရှိ လူဦးရေ ၁ သိန်း ၆ သောင်း ကျော်အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည့် SHINE စီမံ ကိန်း ကို အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ(USAID)နှင့် Pact တို့ ပူးပေါင်း၍ ၃ နှစ် ပြုလုပ်မည်ဟု သိရသည်။
ယခုနှစ်မှ လာမည့် ၂၀၁၇ ခုနှစ်အထိ မြို့နယ် ၃ ခုရှိ ကျေးရွာပေါင်း ၃၉၃ ရွာတွင် ပြုလုပ်သွားမည့် ၃ နှစ်တာ စီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ၃ သန်း အသုံးပြုသွားမည် ဖြစ်ကြောင်း Pact(ပက်)က မေလ ၂၆ ရက်က သတင်း ထုတ်ပြန် လိုက်သည်။
“ပြင်ဦးလွင်၊ မတ္တရာနဲ့ ကောလင်းမြို့တွေမှာ လုပ်မှာပါ။ ဒီနှစ်ဇန်နဝါရီကနေ ၂၀၁၇ ခုနှစ် ဇန်နဝါရီအထိ ၃ နှစ်တိတိ လုပ်သွားမှာပါ” ဟု ဖွံ့ဖြိုးရေး အကူအညီ လုပ်ငန်းများ လုပ်နေသော Pact အဖွဲ့မှ ပြန်ကြားရေး အရာရှိက ဧရာဝတီသို့ ပြောသည်။
USAID နှင့် Pact တို့ကြားတွင် Public Private Partnership(PPP)ဆိုင်ရာ သဘောတူညီချက် စာချုပ်ကိုလည်း မေလ ၂၆ ရက်တွင် လက်မှတ်ရေးထိုးလိုက်ပြီး၊ ယင်းစီမံချက်အတွက် စွမ်းအင် ကုမ္ပဏီများ ဖြစ်သော Chevron/Unocal Myanmar က အဓိက ကူ ညီ ထောက်ပံ့၍ USAID ၏ ထည့် ဝင်မှုများလည်း ပါဝင်သည်ဟု ဆိုသည်။
ယခုနှစ်တွင် စတင်သည့် SHINE စီမံကိန်းတွင် အမျိုးသမီးများ၏ စီးပွားရေးစွမ်းအား မြင့်တက်လာစေရေးအတွက် ကျေးရွာ ကျန်း မာ ရေးနှင့် ဖွံ့ဖြိုးရေး ရန်ပုံငွေများ ထူထောင်ပေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်နှင့် ကလေးငယ်များအား ကျန်းမာရေး ပြုစုစောင့် ရှောက် ခြင်း၊ တီဘီ ရောဂါ တိုက်ဖျက်ရေး၊ ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေးတို့ကို အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရ သည်။
အလားတူ စီမံချက်ဝင် ကျေးရွာများရှိ ကိုယ်ဝန်ဆောင် မိခင်များသည် ကျွမ်းကျင်သော သားဖွားဆရာမများနှင့် မွေးဖွားနှုန်းအား လက်ရှိထက် ၂ ဆတိုးလာစေရန် (သို့မဟုတ်) ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားစေရန် SHINE စီမံချက်၏ အဓိက ရည်မှန်းချက် တခုဖြစ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Pact သည် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးရေးစီမံကိန်းများကို ၁၉၉၇ ကစတင်ပြုလုပ်ခဲ့ပြီး လက်ရှိတွင် ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေး တိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီးများရှိ မြို့နယ်ပေါင်း ၃၀ ကျော်၊ ကျေးရွာပေါင်း ၂၇၅၀ ကျော် တွင် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။
ပက်သည် USAID ၊ Chevron နှင့် Coca-Cola တို့က ထောက်ပံ့ ထားသည့် ရန်ပုံငွေများဖြင့် ဒေသခံများပါဝင် စီမံခန့်ခွဲသော ကျေးရွာကျန်းမာရေးနှင့် ဖွံ့ဖြိုးရေး ရန်ပုံငွေအဖွဲ့ပေါင်း ၁၆၁၇ ဖွဲ့ကို ကူညီဖွဲ့စည်းပေးခဲ့ပြီး၊ ကိုယ်ထူကိုယ်ထ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရေး စနစ်များ၊ ရေကောင်းရေသန့် ရရှိရေး စနစ်များ၊ စာသင်ကျောင်း သစ်များ၊ ကျေးလက် ဆေးပေးခန်းများ၊ ကျန်းမာရေး စရိတ် ထောက်ကူခြင်းများနှင့် အရေးကြီး လူနာများအား နီးစပ်ရာ ဆေးရုံဆေးပေးခန်းများသို့ ပို့ဆောင်ပေးခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အလားတူ USAID ၏ အဓိက စီမံကိန်းတခုဖြစ်သော ၅ နှစ်တာကြာမြင့်မည့် “ရှေ့သို့စီမံချက်”ကိုလည်း ပက်က အကောင် အထည် ဖော်လျက်ရှိပြီး၊ အမေရိကန်ဒေါ်လာ ၅၅ သန်းသုံးစွဲကာ မြန်မာနိုင်ငံ အလယ်ပိုင်း မိုးနည်းရပ်ဝန်း ဒေသ၊ ကယားပြည်နယ်နှင့် ရန်ကုန် တိုင်း ဆင်ခြေဖုံးဒေသများရှိ မြို့နယ်ပေါင်း ၂၀၊ အိမ်ထောင်စုပေါင်း ၃၆၇၃၀၀ တို့အတွက် ဖွံ့ဖြိုးရေး လုပ်ငန်းများကို လုပ် ကိုင်လျက်ရှိသည်။