ထိုင်း စစ်အာဏာ သိမ်းပြီးနောက် ဝန်ကြီးချုပ် ယင့်လတ် အစိုးရလက်ထက် ပညာရေး ဝန်ကြီး သည် ဘန်ကောက်မြို့နိုင်ငံခြား သတင်းထောက်များ ကလပ်(FCCT)တွင် ယမန်နေ့က သတင်းစာ ရှင်းလင်းပွဲ လုပ်နေစဉ် ဖမ်းဆီး ခံလိုက်ရသည်။
ပညာရေး ဝန်ကြီးဟောင်း မစ္စတာ ချာတုရွန်သည် ၅ ရက်ကြာ ပုန်းရှောင်နေရာမှ လူမြင်ကွင်းသို့ ထွက်လာပြီး သတင်းစာရှင်း လင်းပွဲ လုပ်စဉ် ထိုင်း စစ်သားများက ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့က ထိုင်းစစ်တပ်မှ အာဏသိမ်းခဲ့ရာ ယခင်အစိုးရ ဝန်ကြီးချုပ် မစ္စ ယင့်လတ် အပါအဝင် အတိုက် အခံများ၊ နိုင်ငံရေးသမားများ အားလုံးကို သတင်းပို့ရန် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ က ထုတ်ပြန်ခဲ့သည်။
သို့သာ် ပညာရေးဝန်ကြီးဟောင်း ချာတုရွန်နှင့် ပြည်ထဲရေး ဝန်ကြီးတို့မှာ သတင်းမပို့ဘဲ တိမ်းရှောင်နေခြင်းဖြစ်သည်။
ထိုင်း သတင်း စာမျက်နှာတခုဖြစ်သည့် khaosod အွန်လိုင်းသတင်းတွင် မစ္စတာ ချာတုရွန်ကို စစ်ကောင်စီသို့ ဆင့်ခေါ်ထားမှု အား ဆန့်ကျင် ပျက်ကွက်မှုဖြင့် ထိုင်း စစ်အာဏာသိမ်း အဖွဲ့ ဖြစ်သော အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ကောင်စီ (National Peace and Order Maintaining Council – NPOMC) က တရားစွဲသွားမည် ဖြစ်ကြောင်း၊ ထောင်ဒဏ် ၂ နှစ် အထိ ကျခံနိုင်ကြောင်း ရေးသားထားသည်။
မစ္စတာ ချတုရွန်ကမူ စစ်တပ်က အာဏာသိမ်းမှုမှာ ထိုင်း ဘုရင်မင်းမြတ်ထံက အတည်ပြုချက် မထွက်ပေါ်လာခင်အထိ တရား မဝင်ဟု နားလည်ထားသည့်အတွက် စစ်ကောင်စီသို့ သတင်းပို့ရန် ငြင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သတင်းထောက်များ ကို ယမန်နေ့ က ပြောဆိုခဲ့သည်။
ထိုသို့ သတင်းပို့ရန် ငြင်းဆိုမှုများကြောင့် ၎င်းအနေဖြင့် ရာဇဝတ်မှုများဖြင့် တရားရင်ဆိုင်ရနိုင်သည်ဟုလည်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ စာနယ်ဇင်း သမားများ စုစု ပေါင်း ၂၀၀ ကျော်လည်း စစ်ကောင်စီသို့ သတင်းပို့ခဲ့ရပြီးနောက် ထိန်းသိမ်းထားမှုများ ရှိနေသည်။
မစ္စတာ ချာတုရွန်က ထိုင်းစစ်သားများက ဖမ်းဆီးသွားမှုကို လက်ခံခဲ့သော်လည်း ထိုင်းနိုင်ငံတွင် စစ်အာဏာ သိမ်းမှုသည် ဒီမိုကရေစီ ပျက်သုဉ်းခြင်း ဖြစ်သည်ဟု ၎င်းက ထုတ်ဖော် ပြောဆိုသည်။
စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည် ပြိုကွဲသွားမည်ဟု သတိပေးကာ၊ ၁၉၇၆ ခုနှစ် ထိုင်း စစ်တပ်က အာဏာသိမ်းပြီး အကြမ်း ဖက်ဖြိုခွဲမှုများကြောင့် အတိုက်အခံများသည် တောတွင်း ကွန်မြူနစ် သောင်းကျန်းသူများနှင့် ဆက်သွယ်၍ သူပုန်ထမှုများ ရှိခဲ့သည်ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသွားသည်။
မစ္စတာ ချာတုရွန်သည် ၁၉၇၀ ပြည့်နှစ်များကာလက ပါလီမန်တွင် လက်ျာယိမ်း ကျောင်းသား တက်ကြွလှုပ်ရှားသူ တဦးလည်းဖြစ်ပြီး ထိုစဉ်က စစ်တပ်လွှမ်းမိုးမှုကို ဆန့်ကျင်ခဲ့သူလည်း ဖြစ်သည်။
“ဒီမိုကရေစီကသာ ကျနော်တို့ နိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ်၊ တခြားနည်းလမ်း မရှိဘူး”ဟု မစ္စတာ ချာတူရွန်က ဆို သည်။
စစ်အာဏာသိမ်းမှုအား ကန့်ကွက်သည့် ဆန္ဒပြမှုများကို ထိုင်းစစ်တပ်အနေဖြင့် အကြမ်းဖက်ဖြိုခွဲမည်ဆိုပါက တောတွင်း လက် နက်ကိုင် သူပုန်အဖွဲ့များ ပေါ်ပေါက်လာနိုင်ကြောင်း၊ စစ်ခေါင်းဆောင်များအား သတိပေးပြောဆိုခဲ့ပြီး အမြန်ဆုံး ရွေးကောက်ပွဲများ ကျင်းပပေးကာ အရပ်သား အစိုးရထံ အာဏာကို ပြန်လည်အပ်နှင်းရန်လည်း သူက တိုက်တွန်းပြောဆိုသည်။
အာဏာသိမ်း စစ်ကောင်စီကလည်း ထိုင်းနိုင်ငံရေး မတည်မငြိမ်ဖြစ်မှုများမှာ ပြည်ပြေး ဝန်ကြီးချုပ်ဟောင်း သက်ဆင် ၏ ပယောဂများဖြစ်သည်ဟု ပြောဆိုမှုများရှိသည်။
မစ္စတာ သက်ဆင်နှင့် ၎င်း၏ ဖုယာ့ထိုင်း ပါတီ အဓိက အမာခံဖြစ်သည့် ထိုင်းနိုင်ငံ မြောက်ပိုင်း ဒေသတချို့တွင် ရှပ်နီ အဖွဲ့ဝင် တချို့ကို လက်နက် ခဲယမ်းများနှင့်အတူ ဆက်တိုက် ဖမ်းဆီးမှုများ ရှိနေသည်။
မကြာသေးခင်ကလည်း မစ္စတာ သက်ဆင်သည် ၎င်းအားထောက်ခံကြသည့် ကမ္ဘောဒီးယားနိုင်ငံတွင် ခိုလှုံနေသော ရှပ်နီခေါင်း ဆောင်များနှင့်လက်တွဲကာ အဝေးရောက် ထိုင်းအစိုးရ ဖွဲ့စည်းမည်ဟူသည့် သတင်းများ ထွက်ပေါ်ခဲ့သည်။
ကမ္ဘောဒီးယား နိုင်ငံခေါင်းဆောင် မစ္စတာ ဟွန်ဆန်နှင့် သက်ဆင်တို့ ပုဂ္ဂိုလ်ရေးအရ အလွန်ရင်းနှီးကြသော်လည်း ကမ္ဘောဒီး ယား နိုင်ငံ အခြေခံဥပဒေအရ ၎င်းတို့နယ်မြေတွင် ထို အဝေးရောက် အစိုးရမျိုး အခြေစိုက်ရန် ခွင့်ပြုမည်မဟုတ်ကြောင်း ပြန်ကြားရေး ဝန်ကြီးက ပြောဆိုထားသည်။