ပြည်ထောင်စု ရွှေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ ၆၅ ခုအတွက် မြေနေရာနှင့် အခွန်းကင်းလွတ်ခွင့်ဖြင့် ကား ၅ စီး တင်သွင်းခွင့်ပြုရန် နိုင်ငံတော်သမ္မတရုံးသို့ မေလ ၂၂ ရက်နေ့ နေ့စွဲဖြင့် စာတစောင် ပေးပို့ခဲ့ရာ ယင်းသို့ နိုင်ငံရေး ပါတီများ အတွက် မြေကွက်နှင့် ကားပါမစ်ပေးအပ်မည်ဆိုပါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နှင့် ရှမ်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) တို့က လက်ခံမည် အခြေအနေမရှိကြောင်း ပြောဆိုကြသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံတော်သမ္မတရုံးထံသို့ ပေးပို့သော စာတွင် နိုင်ငံရေး ပါတီများအတွက် ပါတီရုံးခန်းများ ဖွင့်လှစ်ရန် လိုအပ်သောမြေနေရာများ ရရှိရန် နိုင်ငံတော်ပိုင် လစ်လပ်လျက်ရှိသော အဆောက် အဦ များ၊အခန်းများ၊ ရုံးခန်းများတွင် စီစဉ်ပေးမည် ဖြစ်ပြီး နိုင်ငံရေး ပါတီများ၏ စည်းရုံးရေး ခရီးစဉ်များ၊ ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ၏မဲဆွယ်စည်းရုံးရေး ခရီးစဉ်များတွင် သွားလာရေး အဆင်ပြေရေးတို့အတွက် နိုင်ငံရေးပါတီ တခုလျှင် မော်တော်ယာဉ် ၅ စီးနှုန်းအခွန်ကင်းလွတ်ခွင့်ပြုပေးရန် စီစဉ်ပေးစေလိုကြောင်း၊ နိုင်ငံရေးပါတီများသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ပါဝင်ဆောင်ရွက်ရမည့် အင်အားစုများ ဖြစ်သည့် အတွက် ထို့ကြောင့် ပါတီရုံးချုပ်နှင့် ရုံးခန်းအတွက် သင့်လျှော်သော ရုံးအဆောက်အဦ(သို့မဟုတ်) မြေနေရာ ရရှိရေး ဆောင်ရွက်ပေးစေလိုခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပေးပို့သော စာအရ နိုင်ငံတော်သမ္မတရုံးက နိုင်ငံရေးပါတီများအတွက် မြေကွက် နှင့် အခွန်ကင်းလွတ်ခွင့်ရှိသော ကားပါမစ်များ ချပေးမည်ဆိုပါက နိုင်ငံရေးပါတီများအကြား မြေကွက်နှင့် ကားပါမစ် ယူမည့် ပါတီနှင့် လက်မခံမည့် ပါတီများ ဟူ၍ ကွဲပြားခြားနားမှုများဖြစ်ပေါ်နိုင်ပြီး NLD နှင့် SNLD က လက်ခံမည် မဟုတ်ဟု ပါတီတာဝန်ရှိသူတချို့က ဧရာဝတီသို့ ပြောဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးက NLD ၏ မူဝါဒအရ သာမက ဒေါ်အောင်ဆန်းစုကြည် ၏ မကြာခဏဆိုသလို မှာကြားချက်များအရ အစိုးရ ပေးမည့် မြေကွက်နှင့် ကားပါမစ်ကို လက်ခံနိုင် သည့် အခြေအနေမရှိဟု ဆိုသည်။
“အန်တီ(ဒေါ်အောင်ဆန်းစုကြည်)က ကျမတို့ လွှတ်တော်အမတ်တွေနဲ့ အစည်းအဝေးမှာ ပြည်သူပိုက်ဆံကုန်မယ့် ကိစ္စတွေ မလုပ်ဖို့ တဖွဖွပြောခဲ့ပါတယ်။ ပါတီမူူဝါဒအရလည်း ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အကြံပြုချက်အတိုင်း အစိုးရက မြေကွက်နဲ့ ကားပါမစ်ပေးလာရင်တောင် ဘယ်လိုမှ လက်ခံမှာ မဟုတ်ဘူး။ အဲဒါတော့ သေချာ ပြောနိုင်တယ်” ဟု NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးက ဧရာဝတီသို့ပြောသည်။
ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက အစိုးရပေးမည့် မြေကွက်နှင့် ကားပါမစ်ကို လက်ခံမည် မဟုတ်ဟု ဧရာဝတီသို့ ပြောသည်။
“ ဒီဟာတွေ သွားယူလိုက်ရင် နှောင်ကြိုးတွေ ဖြစ်လာမှာပေါ့။ ကျနော်ပါတီကတော့ အဲဒါမျိုး ဘယ်တော့မှ မယူဘူး။ ပြောစရာရှိရင် အစိုးရကို ဝေဖန်စရာရှိရင် ပွင့်ပွင့်လင်းလင်း ပြောမယ်ဆိုတဲ့ ကျနော်တို့ရဲ့ မူကို ဘယ်တော့မှ ပြောင်းမှာ မဟုတ်ဘူး။ ကျနော်တို့ လွတ်လွတ်လပ်လပ် နိုင်ငံရေး လုပ်ချင်တယ် ” ဟု ဦးခွန်ထွန်းဦးက ဧရာဝတီသို့ ပြောသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူတချို့ကမူ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီများကို ကားပါမစ်နှင့် မြေကွက် မက်လုံးများ ပေးရန် ဆောင်ရွက်လာသည့်အပေါ် စိုးရိမ် မကင်းဖြစ်ရသည်ဟု ပြောဆိုသည်။
“တိုင်းပြည်အတွက် ရိုးရိုးဖြောင့်ဖြောင့် စဉ်းစားပြီးတော့ ပေးမယ်ဆိုရင်တော့ တမျိုးပေါ့ဗျာ။ အဲလိုမဟုတ်ဘဲနဲ့ အခု ကော်မရှင် ဥက္ကဋ္ဌကစစ်တပ်က လာတာ။ အာဏာရပါတီမှာလည်း အမတ်ဖြစ်ခဲ့သေးတယ်ဆိုတော့ သူတို့ပါတီအတွက် မဲဆွယ်တဲ့ နည်းတမျိုး ဖြစ်နေမှာတော့ စိုးရိမ်မိတယ်။ အဲလို ပုံစံမျိုး လုပ်နေတာဆိုရင်တော့ လုံး၀ လက်ခံလို့ မရဘူး” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးထွန်းကြည်က ပြောသည်။
ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက နိုင်ငံရေးပါတီတချို့နှင့် တိုင်းရင်းသား ပါတီတချို့၏ ရုံးခန်းဖွင့်လှစ်ရန် မြေနေရာအခက်အခဲနှင့် ပါတီရန်ပုံငွေ အခက်အခဲများ ကြုံတွေ့နေရကြောင်း တင်ပြချက်ကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယခုကဲ့သို့ စီစဉ်လာခြင်းဖြစ်သည်ဟု ဆိုသည်။
“လွန်ခဲ့တဲ့ တနှစ်လောက်က ကျနော်တို့ ပါတီတွေနဲ့ ကော်မရှင် တွေ့တုန်းက ပါတီတချို့က တင်ပြကြတယ်။ ရန်ကုန်မှာ မြေနေရာ အခက်အခဲဖြစ်တယ်ပေါ့။ ပါတီတွေကတောင်းဆိုခဲ့တဲ့ အတွက် အဲဒါကြောင့် ကော်မရှင်က လုပ်ပေးတာ” ဟု ဦးသုဝေက ပြောသည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက အစိုးရက နိုင်ငံရေးပါတီများအတွက် မြေကွက်နှင့် ကားပါမစ်များ ချပေးခဲ့လျှင် ထိုသို့ ချပေးမှုကို လက်ခံခြြင်းသည် အခွင့်အရေးယူခြင်း မဟုတ်ကြောင်း၊ ပါတီစုံ ဒီမိုကရေစီ စနစ်တည်ဆောက်ရန် နိုင်ငံပါတီများအားလုံး ရှင်သန်ရပ်တည်နိုင်ရန် အရေးကြီးကြောင်း၊ ငွေရေးကြေးရေး တတ်နိုင်ပြီး အရှိန်အဝါကြီးသည့် စီပွားရေး လုပ်ငန်းရှင်များက သဘောကျနေသည့် ပါတီကြီးများအနေဖြင့် အထောက်အပံ့ မလိုအပ် သော်လည်း ပါတီငယ်လေးများ အနေဖြင့် ရပ်တည်နိုင်ရန် အခက်အခဲများ ရှိနေကြောင်း သုံးသပ်ပြောဆိုသည်။
“ပါတီငယ်တွေမှာက ပိုက်ဆံမရှိဘူး။ စည်းရုံးရေး သွားဖို့တောင် ဟိုကအလှူခံ ၊ ဒီက အလှူခံ အိပ်ထဲကစိုက်ပြီး သွားရတဲ့ အခါကျတော့ အဆင်မပြေဘူး။ ပါတီစုံ ဒီမိုကရေစီ စနစ်ကို တကယ် ထူထောင်ချင်တယ်ဆိုရင် ပါတီလေးတွေလည်း လွှတ်တော်ထဲရောက်ဖို့လိုတယ်”ဟု ဦးခင်မောင်ဆွေက ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပေးအပ်မည်ဆိုသော မြေကွက်နှင့်ကားပါမစ် ကိစ္စနှင့် ဆက်စပ်၍ နိုင်ငံတော် သမ္မတရုံးနှင့် သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်ထံသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့သော်လည်း တစုံတရာ အကြောင်း ပြန်ကြား ခြင်း မရှိပေ။
(ထက်နိုင်ဇော်နှင့် သာလွန်ဇောင်းထက် ပူးတွဲရေးသားသည်)