ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဓားပြဂိုဏ်း အဖွဲ့ဝင် တဦးထံမှ စစ်လက်နက် ပစ္စည်းတချို့ ဖမ်းဆီး ရမိကြောင်း သိရ သည်။
မောင်တောမြို့နယ် ဦးဒေါင်းကျေးရွာ အုပ်စု ဇုံမာ ဘင်္ဂါလီကျေးရွာမှ မာမောက်ရာဆိန်း ဆိုသူထံမှ တထောင့်ထိုး လက် လုပ် သေနတ် တလက်၊ GFL 7.65 MM အမျိုးအစားနှင့် .32 PMC တံဆိပ်ပါ ကျည်ဆန် တချို့ကို မေလ ၂၄ ရက်က ဖမ်းဆီး ရမိ ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။
ထို့အတူ မာမောက်ရာဆိန်းသည် ဓားပြခေါင်းဆောင် အဒူလာကိန်း က ရွာသားများထံမှ ငွေတောင်းခိုင်းသည်ဟု ဆိုကာ ကျပ်ငွေ ၅ သိန်း အဓမ္မ တောင်းခံကြောင်း၊ အကယ်၍ မပေးပါက မိသားစုလိုက် သတ်ပစ်မည်ဟု ရွာသားတချို့ကို ခြိမ်းခြောက် ကြောင်းလည်း သတင်းစာ က ရေးသားထားသည်။
ယခုအခါ မာမောက်ရာဆိန်းအား နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့၊ အလယ်သံကျော် ရဲစခန်း၌ အမှုဖွင့် အရေးယူ ဖမ်းဆီးထား ပြီး ဖြစ်ကြောင်း သိရသည်။
“ဖမ်းမိထားသူကိုတော့ ရဲစခန်း တာဝန်ရှိသူတွေက ဥပဒေအတိုင်း ဆောင်ရွက်နေကြပါတယ်၊ ဆက်စပ်သူတွေတော့ စုံစမ်း နေကြဆဲပါ၊ မောင်တောနဲ့နယ်စပ်ဒေ သတွေရဲ့ လက်ရှိ အခြေ အနေကတော့ အားလုံး အေးအေးဆေးဆေးပါပဲ၊ လုံခြုံရေး တွေ လည်း အပြည့်ချပေးထားပါတယ်” ဟု မောင်တော ခရိုင် ရဲတပ်ဖွဲ့မှ ဒု ရဲမှူးကြီး ဦးရွှေသန်း က ဧရာဝတီ ကို ပြောသည်။
မောင်တော ဒေသခံများကမူ လုံခြုံရေးများ တိုးမြှင့်ချထားပေးသည့်တိုင် တည်ငြိမ်မှု မရှိသေးကြောင်း၊ မိမိတို့ လုပ်ငန်းများကို လည်း ယုံကြည် စိတ်ချစွာ လုပ်ကိုင် စားသောက်မှု မပြုလုပ်နိုင်ကြသေးကြောင်း၊ အထူးသဖြင့် ဘင်္ဂါလီ ကျေး ရွာများ၌ ဓားပြ မှု၊ ခိုးမှုများ နေ့စဉ် ဖြစ်ပွား နေကြောင်း၊ ထိုသူခိုး၊ ဓားပြများသည် မောင်တောတွင် နေထိုင်သူများ မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်ဘက်မှ ဝင်ရောက်လာသည့် ဘင်္ဂါလီ လူမျိုးများ ဖြစ်ကြောင်း ပြောဆိုကြသည်။
ယနေ့ထုတ် သတင်းစာများ၌ ရေးသားထားရာတွင် အဒူလာကိန်း ဦးစီးသည့် ဓားပြအဖွဲ့သည် ဘင်္ဂလား ပင်လယ်အော်ရှိ မြန် မာ ရေပိုင်နက်အတွင်း ငါးဖမ်းနေသူများအား ပြန်ပေးဆွဲခြင်း၊ စက်လှေများအား ဓားပြတိုက်ခြင်း၊ ပင်လယ် ကမ်းစပ် အနီး ကျေးရွာများအတွင်း အလစ်အငိုက် ဝင်ရောက်၍ ဓားပြတိုက်ခြင်း၊ ပြန်ပြေးဆွဲခြင်း၊ လူသတ်ခြင်း စသည့် ပြစ်မှုများ ကျူးလွန် ခဲ့ကြောင်း ဖော်ပြထားသည်။
ထိုဓားပြ အဖွဲ့ဝင်များကို ဖမ်းဆီး ရမိရေး ဆောင်ရွက်နေကြောင်းလည်း အစိုးရ သတင်းစာများက ရေးသားထားသည်။
မောင်တော မြို့နယ်အတွင်းရှိ ဒေသခံ တိုင်းရင်းသား ကျေးရွာများတွင် လုံခြုံရေးများ ချပေးထားသော်လည်း ဘင်္ဂါလီ ကျေး ရွာ အများစုတွင် လုံခြုံရေးမရှိကြောင်း၊ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်မှ ဘင်္ဂါလီများ အလွယ်တကူ ဝင်ထွက်သွားလာ လှုပ်ရှား နေကြကြောင်း၊ ရုပ်ပိုင်းဆိုင်ရာများမှာလည်း ခွဲခြားရခက်၍ မောင်တော၌နေထိုင်သူ ဟုတ်မဟုတ်ကို တာဝန်ရှိသူများ အနေ ဖြင့် ခွဲခြား မသိနိုင်ဟု သိရသည်။
နယ်စပ်ဒေသ ကွပ်ကဲရေး အဖွဲ့ (န.စ.က ) တာဝန်ယူစဉ်က ပြစ်မှုကျူးလွန်၍ ဘင်္ဂလားဒေ့ရှ် ဘက်အခြမ်းသို့ ထွက်ပြေး သွားသူ အများအပြားရှိကြောင်း၊ ၎င်းတို့သည် ယခုအခါ ပြန်လည်ဝင်ရောက် လှုပ်ရှားမှုများရှိလာ၍ ဒေသတွင်းတည်ငြိမ်မှု ပျက်ပြား လာနေကြောင်းလည်း ဒေသခံများ က ပြောသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ၌ ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင် တချို့လည်း သေဆုံး ခဲ့သေးသည်။
ထိုသို့ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နယ်စပ်ဒေသနှင့်မောင်တောမြို့နယ် အတွင်း ကျေးရွာများ၌ လုံခြုံရေး တိုးမြှင့် ပေးထားကြောင်း၊ လုံခြုံရေး အပြည့်အ၀ စိတ်မချရသေးသည့် နယ်စပ်ကျေးရွာ တချို့တွင် ပြည်သူ့စစ် သင်တန်းများပေး၍ လက်နက်များကို ပြီးခဲ့သည့် ရက်ပိုင်းတွင် တပ်ဆင်ပေးထားပြီး ဖြစ်ကြောင်း မောင်တော ခရိုင် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တ ဦး က ပြောဆိုသည်။