လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ထံမှ အမေရိကန်ဒေါ်လာ ၁၃၆ သန်း ချေးယူရန် လွှတ်တော်သို့ တင်ပြခဲ့ရာ ပြည်ထောင်စုလွှတ်တော်က ယင်းချေးငွေ ချေးယူမည့်အစီအစဉ်ကို အတည်မပြုဘဲ ရွှေ့ဆိုင်းလိုက်ကြောင်း သိရှိရသည်။
မေလ ၂၈ ရက်နေ့ စတင်ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာနက ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၂၀၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ကမ္ဘာ့ဘဏ်မှ ဒေါ်လာ သန်း ၁၀၀ နှင့် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ထံမှ အမေရိကန်ဒေါ်လာ ၃၆ သန်း ချေးယူရန် တင်ပြခဲ့ရာ ပြည်ထောင်စုလွှတ်တော်က ပညာရေးဝန်ကြီးဌာနက ချေးယူမည့် အမေရိကန်ဒေါ်လာ သန်း ၂၀ ကို သာ အတည်ပြု ပေးခဲ့ပြီး လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ချေးယူမည့် အမေရိကန်ဒေါ်လာ ၁၃၆ သန်းချေးငွေကိုမူ အတည် မပြုခဲ့ဘဲ ပြန်လည် ဆွေးနွေးတင်ပြရန် ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု လွှတ်တော်အမတ် များထံမှ သိရှိရသည်။
“နိုင်ငံခြား ချေးငွေနဲ့ လုပ်ထားတဲ့ ပိုင့်လော့ ပရောဂျက်တွေ ဆိုတာက ပြည်ထောင်စုလွှတ်တော်မှာ အသေးစိတ် ဆွေးနွေး ပြီးမှ အတည်ပြုတာပါ။ ပညာရေး စီမံကိန်းကတော့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုချက်ယူပြီးမှ လုပ်ဆောင်တဲ့ ပရောဂျက်ပါ။ အဲဒီပရောဂျက်ကို နှစ်သက်တမ်း ထပ်တိုးဖို့ ချေးငွေးတောင်းခံတဲ့ ကိစ္စကိုတော့ သဘောတူ လိုက်ပါတယ်။ လယ်၊ ဆည် ဝန်ကြီးဌာနက လုပ်မယ့် စီမံကိန်းက ၇ နှစ် စီမံကိန်းပါ။ ဒီစီမံကိန်းက နှစ်ရှည် စီမံကိန်း ဖြစ်နေတော့ ပြည်ထောင်စု လွှတ်တော်ရဲ့ သဘောတူအတည်ပြုချက် ကြိုတင်ရပြီးမှ လုပ်ဖို့သင့်တယ် ဆိုပြီးတော့ ရွှေ့ဆိုင်းလိုက်တာပါ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မကွေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်သိန်းက ဧရာဝတီသို့ ပြောသည်။
ပညာရေး ဝန်ကြီးဌာနသည် မြို့နယ် ၈ ခုတွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အထိ ပြုလုပ်မည့် ပညာရေးအကူအညီပေးရေး၊ ပညာသင်ထောက်ပံ့ပစ္စည်းများ ကူညီရေး စီမံချက်အတွက် အမေရိကန် ဒေါ်လာ သန်း ၆၀ ရရှိထားပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် အမေရိကန် ဒေါ်လာ သန်း ၂၀ ထပ်မံ ချေးယူခြင်းဖြစ်သည်ဟု သိရှိရ သည်။