ထိုင်းနိုင်ငံတောင်ပိုင်း ပတ္တရားခရိုင် စတ်တဟစ် (Satthip) ဒေသက ငါးဖမ်းလှေတွေပေါ်မှာ ရောင်းစားခံထားရတဲ့ မြန်မာ နိုင်ငံသား ၆ ဦးကို ထိုင်းနိုင်ငံ အထူး စုံစမ်းစစ်ဆေးရေး ဌာန (DSI)၊ စတ်တဟစ် ဒေသ အထူး မှူးခင်းနှိမ်နှင်းရေး ရဲတပ်ဖွဲ့နဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီပေးနေတဲ့ အဖွဲ့တို့ ပူးပေါင်းပြီး မနေ့က ကယ်တင်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
ရောင်းစားခံထားရသူ ၆ ဦးအနက် ၃ ဦးမှာ အသက် ၁၈ နှစ် မပြည့်သေးကြောင်း၊ လိုက်လံကယ်တင်ချိန်မှာ ငါးဖမ်းလှေတွေဟာ ပင်လယ်ပြင်ထဲ ရောက်နေပြီဖြစ်တဲ့အတွက် ခက်ခက်ခဲခဲ ကယ်တင်ခဲ့ရတာ ဖြစ်တယ်လို့ ဖမ်းဆီးရာမှာ ထိုင်းအာဏာပိုင်တွေနဲ့ အတူ ပူးပေါင်းလိုက်ပါခဲ့တဲ့ ထိုင်းတောင်ပိုင်း ဖန်ငခရိုင် အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း (FED) မှ ကိုမင်းဦးက ပြောပါတယ်။
“ရောင်းစားခံထားရတဲ့ တယောက်က ပင်လယ်ထဲရောက်နေတဲ့ လှေပေါ်ကနေ ဖုန်းခိုးဆက်ပေးတယ်။ ခက်ခက်ခဲခဲ ရှာပြီးတော့မှ အဲဒီလှေကို ဝင်စီးပြီး လှေမောင်းကို ဖမ်းလိုက်တယ်။ အဲဒီလှေမှာ ရှိတဲ့ မြန်မာ ၃ ယောက်ကို ကယ်လာခဲ့ပြီး တခြားလှေမှာ ကျန်တဲ့ ၃ ယောက်ကို ရဲစခန်းကို လာပို့ပေးဖို့ လှေပိုင်ရှင်ကို ရဲက လှမ်းသတိပေးတော့ လှေပိုင်ရှင်က ၃ နာရီလောက် အကြာမှာ ရဲစခန်းရှေ့ကို လာပို့သွားတယ်” လို့ ကိုမင်းဦးက ဧရာဝတီကိုပြောပါတယ်။
မြန်မာ ၆ ဦးကို ငါးဖမ်းလှေမှာ ရောင်းစားလိုက်သူဟာ ဇော်လင်း (ခေါ်) မောင်နိုင် ဖြစ်ပြီး ဘန်ကောက်မှာ နေထိုင်တယ်လို့ လွတ်မြောက်လာသူတွေ ထံကတဆင့် သိရပါတယ်။ မူလက ထိုင်းမှာရှိတဲ့ အလုပ်သမား ၆ ဦးရဲ့ မိတ်ဆွေတွေထံကို တဦး ဘတ်ငွေ ၁၆၀၀၀ နဲ့ လာရွေးဖို့ အကြောင်းကြားခဲ့ပြီး အချိန်မီ လာမရွေးတဲ့အတွက် ငါးဖမ်းလှေတွေမှာ ရောင်းစားလိုက်တာလို့ ဆိုပါတယ်။
ရောင်းစားခံရတဲ့ ၆ ဦးအနက် ၂ ဦးမှာ တရားဝင် နိုင်ငံကူးလက်မှတ် ရှိထားသူတွေဖြစ်ပြီး အလုပ်ရှာနေချိန်မှာ ပွဲစားနဲ့နီးစပ်သူက တဆင့် လစာကောင်းတဲ့ စက္ကူစက်ရုံမှာ အလုပ်ရမှာဖြစ်ကြောင်း စရိတ်ကိုတော့ အလုပ်ရပြီးမှ ပြန်ပေးနိုင်ကြောင်း ပြောပြီး လှေဆိပ်မှာ ရောင်းစားလိုက်တာလို့ သိရပါတယ်။ နိုင်ငံကူးလက်မှတ်တွေကို သိမ်းဆည်းလိုက်သလို လှေဆိပ်အရောက်မှာလည်း သေနတ်နဲ့ ချိန်ပြီး အကြပ်ကိုင် ခြိမ်းခြောက်တယ်လို့လည်း ဆိုပါတယ်။
ပြန်လွတ်မြောက်လာတဲ့ အထဲက ကိုမြလွင်ဟာ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်သားဖြစ်ပြီး သူက “ခုလိုပြန်လွတ်လာတာ ကျနော် ဝမ်းသာလွန်းလို့ ဘာပြောရမှန်းတောင် မသိဘူးဗျာ။ ကျနော်တို့က ကမ်းမမြင် လမ်းမမြင် ပင်လယ်ကြီးထဲ ရောက်သွားတာ၊ ကိုယ့်ကိုယ်ကို သေပြီလို့တောင် မှတ်လိုက်တာဗျာ။ လာပြီး ကယ်တင်တဲ့သူတွေကိုလည်း ဘယ်လို ကျေးဇူးဆပ်ရမယ်တောင် မသိတော့ဘူး” လို့ ဧရာဝတီကို ပြောပါတယ်။
ငါးဖမ်းလှေကို ရောင်းစားတဲ့ ပွဲစားကိုတော့ ထိုင်းအာဏာပိုင်တွေက ဖမ်းမိဖို့ ကြိုးစားနေပြီး ပွဲစားရဲ့ နေထိုင်ရာ ဒေသနဲ့ ဓာတ်ပုံ မှတ်တမ်းတွေကိုလည်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကိုလည်း ပေးအပ်ထားကြောင်း ကိုမင်းဦးက ပြောပါတယ်။
“ထိုင်းရဲတွေက မေးတယ်၊ ကျနော်တို့ကို မင်းတို့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မင်းတို့အစိုးရနဲ့ ဘယ်လို ဆက်သွယ် ဆောင်ရွက်သလဲလို့ မေးတယ်။ ကျနော်တို့က ရောင်းစားခံထားရကြောင်းနဲ့ သွားကယ်ဖို့ လုပ်တဲ့ အချိန်တွေကလည်း သံရုံးကို တော်တော် ခက်ခက်ခဲခဲ ဆက်သွယ်တယ်၊ ကယ်ပြီး ပြန်လာတော့လည်း ထပ်ဆက်တယ် မရဘူး” လို့ ကိုမင်းဦးက ဆက်ပြောပါတယ်။
လွတ်မြောက်လာသူတွေကိုတော့ တရားစီရင်ဆဲကာလ ယာယီ ထိန်းသိမ်းရေးဌာနမှာ ခေတ္တထားရှိမှာဖြစ်ပြီး အမှုပြီးသွားရင်တော့ အလုပ်သမားတွေရဲ့ ဆန္ဒအပေါ်မူတည်ပြီး အကူအညီတွေ ပေးသွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုကြောင်း ကိုမင်းဦးက ပြန်ပြောပြပါတယ်။ ဒါ့အပြင် အသိမ်းခံထားရတဲ့ နိုင်ငံကူး လက်မှတ်တွေ ပြန်ရရေး မြန်မာသံရုံးနဲ့ ဆက်သွယ်ပေးသွားမယ်လို့ ဆိုပါတယ်။
မြန်မာအလုပ်သမား ၆ ဦးကို ရောင်းစားခဲ့တဲ့ လူပွဲစားကို ဖမ်းဆီး အရေးယူနိုင်ရေးနဲ့ လွတ်မြောက်လာသူတွေကို ကူညီနိုင်ရေးအတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို အကြောင်းကြားပေးသွားမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးသိန်းနိုင်က ဧရာဝတီကို ပြောပါတယ်။
“ပွဲစားကို တရားဥပဒေအရ ဖမ်းဆီးနိုင်ရေးနဲ့ တရားစွဲနိုင်ရေးအတွက် ကျနော်တို့ ဒီက သံရုံးကြီးကို အကြောင်း ကြားသွားမှာပါ။ ကျနော်တို့လည်း အစက ဒီသတင်းကြားတယ်၊ ရောင်းစားခံရတဲ့ သူတွေကို လှေမှာ ရိုက်နှက်တယ်လို့တောင် ကြားတယ်” လို့ ဦးသိန်းနိုင်က ပြောပါတယ်။
လွတ်မြောက်လာတဲ့ မြန်မာအလုပ်သမား ၆ ဦးကို ရောင်းစားခဲ့တဲ့ ပွဲစားကို ဖမ်းမိနိုင်ရေးနဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး အတွက် မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့ ဒုတိယ သတင်းတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်ထွန်းနဲ့ ထိုင်းနိုင်ငံ လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေးအဖွဲ့ တာဝန်ရှိသူတွေ ဘန်ကောက်မြို့မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးနေကြတယ်လို့ သိရပါတယ်။