အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် နိုင်ငံ့ ဝန်ထမ်းများ လက်မှတ် ထိုးခွင့် ရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်း ဖြစ်တဲ့ တပ်မတော်သားတွေ အနေနဲ့ လက်မှတ်ထိုးကြဖို့ တိုက်တွန်းချင်ကြောင်း ပြော ဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံ တနိုင်ငံရဲ့ အနာဂတ်အတွက် ပြုပြင် ပြောင်းလဲသင့်တဲ့ ကိစ္စကို လုပ်နေတာပါ၊ လက်မှတ် ထိုး မယ် ဆိုရင် နိုင်ငံသူ နိုင်ငံသား တာဝန် ကျေတယ်လို့ ပြောလို့ ရတယ်၊ ကိုယ့်အသိုင်းအဝိုင်းကိုလည်း တိုက်တွန်းကြပါ၊ ဒီလောက် တော့ ဒုက္ခခံကြပါ”လို့ မေလ ၂၇ ရက်က ဥတ္တရသီရိ မြို့နယ် NLD ရုံးခန်း၌ လက်မှတ် ရေးထိုးအပြီး လူထုနဲ့ တွေ့ဆုံပွဲမှာ ပြောကြား သွားပါတယ်။
ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ ကြိုးပမ်းနေတဲ့ NLD ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မေ ၂၇ ရက်က နေပြည်တော် ကောင်စီ၊ ဥတ္တရသီရိ မြို့နယ်မှာရှိတဲ့ NLD ရုံးခန်းမမှာ လက်မှတ်ထိုး ဆန္ဒပြုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က “ပုဒ်မ ၄၃၆ ဟာ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆောင်ရွက်ရာမှာ ပြည်သူ့ဆန္ဒ မပါလည်း ဖြစ်တယ်၊ ပါလို့ မဖြစ် ဘူးဆိုတဲ့ သဘော သက်ရောက်နေတယ်၊ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ သဘောတူညီမှုက အဓိက ကျနေတယ်၊ တပ် မတော်သား ကိုယ်စားလှယ်တွေကို ကာကွယ်ရေး ဦးစီးချုပ်ကသာ တိုက်ရိုက်ခန့်အပ်ခြင်း ဖြစ်ပြီး ကာချုပ်ရဲ့ဆန္ဒအတိုင်းသာ မဲပေးကြ တာကြောင့် ပုဂ္ဂိုလ်တဦး တယောက်ရဲ့ ဆန္ဒအရ ဥပဒေက ပြောင်းလဲခြင်း၊ မပြောင်းလဲခြင်း ဖြစ်နေတယ်”လို့ ပြောပါတယ်။
မေ ၂၇ ရက်မှာ စတင်တဲ့ လက်မှတ် ကောက်ခံမှုကို နေပြည်တော်ကောင်စီ မြို့နယ် ၅ မြို့နယ် ဖြစ်တဲ့ ဥတ္တရ သီရိ၊ ဇဗ္ဗူ သီရိ၊ ဒက္ခိဏ သီရိ၊ ဇေယျာ သီရိ နဲ့ ပုဗ္ဗ သီရိ မြို့နယ်များမှာ ကောက်ခံပြီး၊ လူထု လက်မှတ် ကောက်ယူမှုကို ဒေါ်အောင်ဆန်းစုကြည် ကိုယ် တိုင် လိုက်ပြီး ဆောင်ရွက် နေတယ်လို့ အနီးကပ် လိုက်ပါနေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။
ဒီလို ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ် ကောက်ယူနေတာကြောင့် နေပြည်တော် အခြေစိုက် အစိုးရအဖွဲ့ ရုံးတွေက ဝန်ထမ်းတွေ အားလုံးကို မေ ၂၇ ရက် မှ မေ ၂၉ ရက် အထိ မည်သည့် အကြောင်းပြချက်နဲ့မဆို ခွင့်ယူခွင့်မရှိဟု ရုံးတွင်းကြေညာချက် ထုတ်ပြန် ထားတာကို ကြားနေရတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တချိူ့က ပြောပါတယ်။
“ထူးခြားချက်က နေပြည်တော် ရုံးတွေမှာ ဝန်ထမ်းတွေ အနေနဲ့ ၃ ရက် ခွင့်ယူလို့ မရဘူး၊ ခွင့်မပေးဘူးလို့ သိရတယ်”လို့ မန္တလေး တိုင်း ဒေသကြီး တံတားဦး မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန္တာက ဧရာဝတီကို ပြောပါတယ်။
လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ်များရဲ့ သဘောတူညီမှု ရရှိမှသာ ပြင်ဆင်နိုင်မယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပါဝင်တဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ အတွက် ပြည်သူလူထုရဲ့ထောက်ခံ လက်မှတ်ထိုး ဆန္ဒခံယူမှုကို မေ ၂၇ ရက်မှ ဇူလိုင် ၁၉ ရက် အထိ ၂လ နီးပါးကြာ တနိုင်ငံလုံး ပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက လက်မှတ် ထိုးဖို့ ဆန္ဒ ရှိတယ်လို့ ဆိုရှယ် မီဒီယာ တချို့မှာ ဖော်ပြနေကြတာ တွေ့ရပေမယ့် လက်ရှိ အချိန်အထိတော့ လက်မှတ်ထိုးတာ မတွေ့သေး ဘူးလို့ ဒေါ်ခင်သန္တာက ဆိုပါတယ်။
တိုက်ဆိုင်စွာပဲ မန္တလေးတိုင်း ဒေသကြီး၊ အောင်မြေသာစံ မြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ စာအုပ် လက်ပွေ့ရောင်း နေတဲ့ တပ်မတော်သား ယူနီဖောင်းဝတ်၊ စစ်မှုထမ်းဟောင်း တဦးရဲ့ လက်မှတ်ထိုး နေပုံက လူမှုရေး ဝက်ဘ်ဆိုက်များမှာ ပျံ့နှံ့နေ တာတွေ့ရပါတယ်။
အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်ပြီး တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ဝေလင်းက“တပ်မတော်သား တွေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာ လက်မှတ် ထိုးခွင့် ရှိမရှိ ဆိုတာကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးမှာ သီးသန့် တာဝန်ပေးထား တဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်း ဆွေးနွေး ရဦးမှာပါ”လို့ ရှင်းပြပါတယ်။
မေလ ၂၇ ရက်က စတင်တဲ့ လက်မှတ် ရေးထိုးမှုကို NLD ၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းက ပုဂ္ဂိုလ်များ အပါအဝင် ရုပ်ရှင် လောကသားများပါ ရန်ကုန်မြို့ NLD ရုံးမှာ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ မှာ (က) ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း(၃) ပုဒ်မ ၅၉၊ ၆၀ ၊အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း(၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း (၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀၊ အခန်း (၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ၊ အခန်း (၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင် လိုလျှင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု လည်း ကောင်း၊ (ခ) ပုဒ်မခွဲ (က) တွင် ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ အခြား ပြဋ္ဌာန်းချက်များကို ပြည်ထောင်စု လွှတ်တော် ကိုယ်စား လှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံ ဆန္ဒမဲဖြင့်သာ ပြင်ဆင် ရမည်ဟု ပြဋ္ဌာန်း ဖော်ပြထားပါတယ်။