၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဌာန်းထားသော သမ္မတ ဖြစ်ခွင့်ဆိုင်ရာ ပုဒ်မ ၅၉(စ) ပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည် ဖော်မှု ကော်မတီက လာမည့် ဇွန်လအတွင်း စတင်ဆွေးနွေး၍ အချက် တချို့ကို ပြင်ဆင်ပေးနိုင်ဖွယ် ရှိကြောင်း စုံစမ်း သိရှိရသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတဖြစ်ခွင့် အရည်အချင်း သတ်မှတ်ချက်တွင် ပါဝင်သည့် ပုဒ်မ ၅၉(စ)တွင် မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတဦးဦးသော်လည်းကောင်း၊ ထို တရားဝင် သားသမီး တဦးဦး၏ ဇနီးနှင့်ခင်ပွန်းသည် နိုင်ငံခြားသား မဖြစ်စေရဆိုသော အချက်များ သတ်မှတ်ထားရာ နောက်ဆုံး အချက်ဖြစ်သည့် သားသမီး တဦးဦး၏ ဇနီးနှင့် ခင်ပွန်းသည် နိုင်ငံခြားသား မဖြစ်စေရဆိုသော အချက်ကိုသာ ဖြုတ်ပယ်ပေးရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေး)က လွှတ်တော်သို့ တင်သွင်းမည်ဟု ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက ကျင်းပခဲ့ သော ကြံ့ခိုင်ရေးပါတီ ဗဟို ကော်မတီ အဆင့် အစည်းအဝေးတွင် သဘောတူညီမှု ရရှိထားသည်။
ပုဒ်မ ၅၉(စ)ကို ပြင်ဆင်လိုက်ပါက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့် ရှိလာ မည် ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတ ဖြစ်လိုပါက သူ၏ သားနှစ်ဦးကို မြန်မာနိုင်ငံသားအဖြစ် ခံယူရန် လိုအပ်ကြောင်း ကြံခိုင်ရေးပါတီ ဗဟိုကော်မတီဝင် ဦးလှဆွေက ဧရာဝတီသို့ ပြောသည်။
NLD နေပြည်တော် ခရိုင် ဥက္ကဋ္ဌ ဦးမင်းသူကလည်း ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ သားနှစ်ဦးကို မွေးဖွားခဲ့သည့် အချိန်တွင် မြန်မာ သံရုံးသို့ သွားရောက်ပြီး နိုင်ငံသား မှတ်ပုံတင်ခဲ့ကြောင်းကို ၁၉၈၉ ခုနှစ်က ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်၏ ပထမ ဆုံး သတင်းစာဆရာများနှင့် တွေ့ဆုံပွဲတွင် ထုတ်ဖော် ပြောဆိုထားကြောင်း၊ သားနှစ်ဦးလုံးမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြောင်းကို ရှင်းလင်းခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ သား ၂ ဦးသည် ယခုအခါ ဗြိတိန်နိုင်ငံသားများ ဖြစ်ကြပြီး မွေးဖွားချိန်မှ ၁၉၈၉ ခုနှစ် အထိ မြန်မာနိုင်ငံ သားများ ဖြစ်ခဲ့ကြောင်း၊ သို့သော် နောက်ပိုင်းတွင် နိုင်ငံရေးအရ တပ်မတော် အစိုးရက မြန်မာနိုင်ငံသား အဖြစ် ရုပ်သိမ်းခဲ့သည့် အတွက် ၎င်းတို့နှစ်ဦးကို (Stateless) နိုင်ငံမဲ့ ဖြစ်မသွားစေရန် ဗြိတိန်နိုင်ငံက နိုင်ငံသား ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်ကမူ ဖွဲ့စည်းပုံ ပြင်ဆင်ခြင်းမှာ သူသမ္မတ ဖြစ်လို၍ မဟုတ်ဘဲ သားနှစ်ဦး မြန်မာနိုင်ငံသား ခံယူခြင်းကိစ္စမှာလည်း အရွယ်ရောက်ပြီးဖြစ်သော သားများ၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်သာ ဖြစ်ကြောင်း မီဒီယာများသို့ ထုတ်ဖော် ပြောဆိုထားသည်။
အာဏာရ ကြံခိုင်ရေးပါတီက ၅၉(စ)တွင် နောက်ဆုံးတချက်သာ ပြင်ဆင်ပေးမည်ဟု သဘောတူ ထားသော်လည်း လွှတ်တော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင် အထည်ဖော်မှု ကော်မတီတွင်မူ ၅၉(စ) ကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရန် ရှိကြောင်း ယင်းကော်မတီဝင် အာဏာရ ကြံခိုင်ရေးပါတီမှ ရွှေပြည်သာ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးဟောင်း ဦးတင်မောင်ဦးက ဧရာဝတီသို့ ပြောသည်။
“လူတွေ စိတ်ဝင်စားတဲ့ ၅၉ (စ)လုံးက ဇွန်လထဲမှာ ဆွေးနွေးဖို့ ရှိသလို ပြင်ဆင်သင့်တာတွေ အားလုံး ပြင်ဆင်ပေးသွားမယ်” ဟု ဦးတင်မောင်ဦးက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အတိုက်အခံ အင်အားကြီးပါတီ ဖြစ်သော NLD ပါတီကမူ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်နိုင်ရေးအတွက် လွှတ်တော်ကော်မတီသို့ တင်ပြထားသည့် အချက်ပေါင်း ၁၆၈ ချက် ပါဝင်ကြောင်း၊ ထိုအထဲတွင် ၅၉(စ) သည် အရေးကြီးသော ပုဒ်မတခုဖြစ်ကြောင်း NLD ၏ ပြောရေးဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။
“ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ ကျနော်တို့က ရသမျှတော့ အကုန်လိုချင်တယ်။ အတိုးအလျှော့လည်း မလုပ်နိုင်ဘူး”ဟု ဦးဉာဏ်ဝင်း က ပြောသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် အဓိက ပြင်ဆင်ရမည့် ပုဒ်မ ၉၀ ကျော် ရှိရာ ၅၉(စ) ပုဒ်မ အပါအဝင် ပုဒ်မအားလုံးသည် ပြင်ဆင်ရန် အဆင့် ၂ ဆင့် ဖြတ်သန်းရသဖြင့် ၂၀၁၅ မတိုင်မီ ယင်းပုဒ်မအားလုံးကို ပြင်ဆင်ရန် မဖြစ်နိုင်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။
“ဘယ်အပိုင်းမှာ ပြင်မလဲဆိုရင် တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ကိစ္စ ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေရဲ့ ဥပဒေပြုရေး အပိုင်း တွေကိုပဲ ပြင်ပေးလိမ့်မယ်။ ၅၉ (စ) ကိစ္စကလည်း ပြည်ထောင်စု လွှတ်တော်မှာ တပိုဒ်ချင်းစီအလိုက် ဆွေးနွေးတဲ့အခါကျရင် ကျန်ခဲ့မှာပဲ ။ ပြင်လို့ရမှာ မဟုတ်ဘူးလို့ မြင်တယ်”ဟု ဒေါက်တာ ရန်မျိုးသိမ်းက သုံးသပ်သည်။
ပုဒ်မ ၅၉ (စ)ကို အတိုင်းအတာ တခုအထိ ပြင်ဆင်ပေးမည် ဖြစ်သော်လည်း တပ်မတော်သည် ၂၀၁၅ မတိုင်မီ လွှတ်တော်တွင်းမှ လုံး၀ ထွက်ခွာသွားဦးမည် မဟုတ်ဘဲ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ဆက်လက် ပါဝင်နေဦး မည် ဖြစ်ကြောင်းလည်း လွှတ်တော် ကော်မတီ၏ အဆိုအရ သိရသည်။
အတိုက်အခံ နိုင်ငံရေး အင်အားစုများဖြစ်သည့် NLD နှင့် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း တို့ က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးတွင် အရေးကြီးသည့် ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးအပါအဝင် ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး လှုပ်ရှားမှုများ ရန်ကုန်နှင့် မန္တလေးနှင့် မြို့ကြီး ၁၇ မြို့တွင် ဟောပြောပွဲများ ပြုလုပ်ခြင်း၊ တနိုင်ငံလုံးတွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ထောက်ခံလက်မှတ်များ စုဆောင်းခြင်းများ ပြုလုပ်လျက်ရှိသည်။