ပြည်ထောင်စုလွှတ်တော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီရဲ့ ဖွဲ့စည်းပုံ ပြင်ဆင် ရေး အထူးအစည်းအဝေးတွေမှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးတွေကို မူအားဖြင့် သဘောတူညီမှု တွေ ရှိလာပေမယ့် တပ်မတော်ကို အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍက ထုတ်ပစ်ဖို့ ဆိုတဲ့အချက်ကို ပြင်ဆင် ရေး ဆွေးနွေးမှုတွေမှာ အငြင်းပွားမှု ရှိနေတာမို့ အခြေခံဥပဒေ ပြင်ဆင်ဖို့ တပ်မတော် နဲ့ အပေးအယူ မဖြစ်မနေ လုပ်ဖို့ လိုအပ်တယ် ဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်လာပါတယ်။
လွှတ်တော်အမတ် ၃၁ ဦးနဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော် ဖွဲ့စည်းပုံပြင်ရေး ကော်မတီက အခြေခံဥပဒေ အခန်း ၁၂ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အဓိကျတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ နိုင်ငံခြားသား သားသမီးနဲ့ခင်ပွန်း ရှိသူတွေ နိုင်ငံတော် သမ္မတဖြစ်ခွင့် မရှိဆိုတဲ့ ပုဒ်မ ၅၉ (စ) ပြဋ္ဌာန်းချက် ပါ အချက်အလက်တချို့ကို ပြင်ဆင်နိုင်ဖို့ လွှတ်တော်သို့ တင်ပြ အဆုံးအဖြတ်ခံယူဖို့ရှိပါတယ်။
ဒါပေမယ့် အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ သက်ဆိုင်တဲ့ ပုဒ်မတွေ ပြင်ဆင်ဖို့မှာတော့ အာဏာရ ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ်တွေကြားမှာတင် သဘောထား ကွဲလွဲမှု တွေ ရှိနေတာမို့ တပ်မတော်နဲ့ အပေး အယူ လုပ်မှသာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၏ အရေးကြီးသော အစိတ်အပိုင်း တချို့ကို ပြင်ဆင် နိုင်မယ့် အခြေအနေကို ဆိုက်ရောက်လာပါတယ်။
လွှတ်တော် ဖွဲ့စည်းပုံ ပြင်ရေး ကော်မတီက ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ သဘောတူညီလိုက်ပြီးတဲ့နောက် ဒေါ်အောင်ဆန်း စုကြည် ကို သမ္မတ ဖြစ်ခွင့် ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉(စ) ပြင်ဆင်ရေး ကိစ္စကို လာမယ့် ဇွန်လမှာ ဆွေးနွေး ဆုံးဖြတ် ကြဖို့ရှိပြီး လတ်တလောမှာတော့ ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်တွေက ပုဒ်မ ၅၉ ပါ ပြဋ္ဌာန်းချက်တချို့ကို ပြင်ဆင် ပေးဖို့ တော့ သဘောတူညီထားပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်းက ညွှန်ကြား ထားတာမို့ အခြေခံဥပဒေ ပြင်ဆင်ရေး လွှတ်တော်ဘက် အမြန်ဆောင်ရွက်လာပေမယ့် လက်ရှိ အနေအထားမှာအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) နဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့တွေက ပြင်ဆင်ချင်တဲ့ ပြဋ္ဌာန်းချက်တွေ ပြင်ဆင် နိုင်မယ့် အလားအလာမရှိသလို တပ်မတော်နဲ့ အပေးအယူ ဆန်ဆန် သဘောမျိုး လွှတ်တော်ထဲမှာ လုပ်ဆောင် ရမယ့် ပုံစံ ရှိတယ် လို့ လွှတ်တော်အမတ်တချို့က သုံးသပ်ပါတယ်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေပါဝင်တဲ့ လွှတ်တော်ဖွဲ့စည်းပုံ ပြင်ရေး ကော်မတီက ကျင်းပနေတဲ့ အစည်း အဝေးတွေမှာ စစ်တပ်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပါ အခွင့်အရေးတွေကို ဆက်လက် ချုပ်ကိုင်ထားမယ်ဆိုတဲ့ သဘောထား တွေ ပြသခဲ့ပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ကိုတော့ သဘောတူညီလာတယ်လို့ သိရပါတယ်။ ဒါပေမယ့် အခြေခံ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟာ လက်နက်ကိုင် တပ်ဖွဲ့အားလုံး၏ အကြီးအကဲ ဖြစ်ခြင်း အစား သမ္မတသည် လက်နက်ကိုင် တပ်ဖွဲ့တွေအားလုံးရဲ့ အကြီးအကဲဆိုတဲ့ ပြဋ္ဌာန်းချက်ကိုတော့ လုံး၀ ပြောင်းလဲ ချင်တဲ့ ဆန္ဒ စစ်တပ်မှာ မရှိဘူးလို့ သိရပါတယ်။
ဖွဲ့စည်းပုံ ပြင်ရေး ကော်မတီမှာပါဝင်တဲ့ လွှတ်တော်အမတ် တချို့က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို သမ္မတ လက် အောက် မှာ ထားရှိဖို့ ဆိုတဲ့ ပြဋ္ဌာန်းချက် ထည့်သွင်းပြီး ဖွဲ့စည်းပုံ ပြင်ဖို့ တင်ပြ တောင်းဆိုတာတွေ ရှိခဲ့ပေမယ့် အဲဒီ တင်ပြမှု ပယ်ချ ခံခဲ့ရတယ်လို့ ဆိုပါတယ်။
မေလ ၁၉ ရက်နေ့မှ မေလ ၂၈ ရက်နေ့အထိ တောက်လျှောက် ကျင်းပခဲ့တဲ့ လွှတ်တော် ဖွဲ့စည်းပုံ ပြင်ရေး ကော်မတီ အစည်းအဝေးတွေမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဖက်ဒရယ် ပြည်ထောင်စု စနစ် ထည့်သွင်းဖို့ ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံမှုရှိမှ ပြင်ဆင်နိုင်တယ်ဆိုတဲ့ ပြဋ္ဌာန်းချက်အစား လွှတ်တော်အမတ် ၃ ပုံ ၂ ပုံ ဟု ထောက်ခံရင် ပြင်ဆင်နိုင်တယ်ဆိုပြီး ပြောင်းလဲ ပြဋ္ဌာန်းဖို့၊ စစ်မှန်ပြီး စည်းကမ်း ပြည့်ဝတဲ့ ပါတီစုံ ဒီမိုကရေစီ စနစ် အစား ပါတီစုံ ဒီမိုကရေစီ စနစ် လို့ ပြောင်းလဲဖို့ ဆိုတဲ့ သဘောတူညီချက်တွေ ရရှိထားပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင် အထည်ဖော်မှု ကော်မတီဝင် ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးဟောင်း ဦးတင်မောင်ဦးက “ အင်ဒိုနီရှားမှာလည်း တပ်က တဖြည်းဖြည်း နောက်ဆုတ် သွား တာ ပဲ။ ဒီမှာလည်း တည်ငြိမ်လာရင် လျော့ပေးသွားမှာပေါ့။ ပြင်ဆင်သင့်တာတွေ အားလုံး ပြင်ဆင်ပေးသွားမယ်။ ဖက်ဒရယ်မူ ဆိုတာ တချို့က ခွဲထွက်ခြင်းလို့ ပြောတယ်။ တပ်မတော်အစိုးရ ကလည်း အဲဒီလို မြင်ခဲ့တာပေါ့လေ။ ဖက်ဒရယ် က ခွဲထွက်ခြင်း မဟုတ်ပါဘူး။ ဖက်ဒရယ် ဆိုတာက လေ့ကျင့်ပျိုးထောင်ရင်း လှုပ်ရှားရင်းနဲ့မှ ပေါ်လာမယ့် မူတွေ ဖြစ်ပါတယ် ”လို့ ဆိုပါတယ်။
လတ်တလော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့က ပုဒ်မ ၄၃၆ ပြင်ဆင် နိုင်ဖို့ ဟောပြောပွဲတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆက်လက် ကျင်းပနေပြီး ဖွဲ့စည်းပုံ ပြင်ရေး ထောက်ခံ လက်မှတ် တွေ စုဆောင်းနေပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရဲ့ ပြောရေးဆုခွင့်ရှိသူ ဦးဉာဏ်ဝင်းက NLDအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် နိုင်ဖို့ လွှတ်တော်ကော်မတီသို့ တင်ပြထားတဲ့ အချက်ပေါင်း ၁၆၈ ချက် ပါဝင်ပြီး တပ်မတော်အနေနဲ့ နိုင်ငံရေးမှာ မပါဝင်ဖို့ ဆိုတဲ့ အချက် ၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေး တွေပါ အပါအဝင်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ ပြင်နိုင်ဖို့ အတိုးအလျော့ လုပ်ဖို့ မရှိကြောင်း ပြောဆိုပါတယ်။
“ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ ကျနော်တို့က ရသမျှတော့ အကုန်လိုချင်တယ်။ အတိုးအလျှော့လည်း မလုပ်နိုင်ဘူး”လို့ ဦးဉာဏ်ဝင်းက ရှင်းပြပါတယ်။
တပ်မတော်အနေနဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ သဘောတူတယ်ဆိုရင် အပြောင်းအလဲ တွေ ဖြစ်လာမယ်လို့ ယုံကြည်ကြောင်း၊ နောက်ဆုံးမှာ တပ်မတော်က ပြောင်းလဲလာတဲ့ နိုင်ငံရေး အခြေအနေတွေပေါ် မူတည်ပြီး သဘောထား ပြောင်းလဲ လာမယ်လို့ ယုံကြည်ကြောင်း ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမြအေးက ပြောသည်။
“ကျနော်တို့ကတော့ ဒီမိုကရက်တစ် ဖွဲ့စည်းပုံ စစ်စစ်ဖြစ်ချင်တာ။ ဒါပေမယ့် လက်တွေ့နိုင်ငံရေးက အဲဒီလောက် အခြေအနေ မပေးသေးတဲ့ အတွက် တဆင့်ချင်း ပြောင်းလဲလာမယ်ဆိုရင်လည်း လက်ခံပေးရမှာပဲ။ ကျနော်တို့ တောင်းဆိုနေတဲ့ ၄၃၆ ကို ပြင်လိုက်နိုင်ခြင်း အားဖြင့် လွှတ်တော်ထဲမှာ ကျန်တဲ့ပုဒ်မတွေပြင်ဖို့ လမ်းပွင့်သွားလိမ့်မယ်”လို့ ကိုမြအေးက သုံးသပ်ပါတယ်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက လက်ရှိမှာ NLD နဲ့ ၈၈ တွေ တောင်းဆိုနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်တွေအားလုံး ပြင်ဆင်ဖို့ မဖြစ်နိုင်သေးဘဲ လတ်တလော ပုဒ်မ ၄၃၆ နဲ့ ပုဒ်မ ၅၉ (စ) ပြင်ဆင် ပေးမယ်ဆိုတဲ့ ပြောဆိုချက်တွေကလည်း လွှတ်တော်ထဲမှာ လက်တွေ့ ဖြစ်လာနိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
“တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ကိစ္စ ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေရဲ့ ဥပဒေပြုရေး အပိုင်း တွေကိုပဲ ပြင်ပေးလိမ့်မယ်။ကျန်တဲ့ ပြဋ္ဌာန်းချက်တွေက ပြင်လို့ရမှာ မဟုတ်ဘူးလို့ မြင်တယ်”ဟု ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်သည်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ အာဏာရ ကြံခိုင်ရေးပါတီနဲ့ စစ်တပ်က ပုဒ်မ ၄၃၆ နဲ့ ၅၉(စ) တို့ကို ပြင်ဆင်ပေးမယ်ဆိုရင် တပ်မတော်အနေနဲ့ နိုင်ငံရေးမှ သိက္ခာရှိရှိ ဆုတ်ခွာမယ့် သဘောလို့ ယူဆနိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လှည်းကူးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။
“နှစ်ဖက်စလုံးက အလျှော့အတင်းဆိုတာမျိုး ရှိသင့်တယ်။ တဖက်တည်းက သိပ်တင်းနေလို့ မရဘူး။ အခုတပ်မတော်က လည်း ဒီမိုကရေစီ ထူထောင်ရာမှာ ပါခဲ့တယ်။ ဒါပေမယ့် ဒီမိုကရေစီ ရင့်သန်လာတဲ့အခါ အရပ်သားဆီကို တဖြည်းဖြည်း အာဏာပြန်လွှဲသွားတာမျိုး လုပ်ပြီး နိုင်ငံရေးကနေ သိက္ခာရှိရှိ နောက်ဆုတ်သွားတာမျိုး လုပ်နိုင်ရင် သိပ်ကောင်းတယ် ” လို့ ဦးဖြိုးမင်းသိန်းက ပြောဆိုပါတယ်။
လွှတ်တော်ဖွဲ့စည်းပုံပြင်ရေး ကော်မတီ နဲ့ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေက ပုဒ်မ ၄၃၆ ပြင်ဆင်ပေးမယ်၊ ပုဒ်မ ၅၉ (စ) ပြင်ဖို့ရှိတယ်၊ တပ်မတော် အခန်းကဏ္ဍကို ပြောင်းလဲဖို့ရှိတယ်ဆိုပြီး မီဒီယာတွေမှာ ပြောဆိုနေတာတွေက တကယ် လက်တွေ့ဖြစ်လာဖို့ စောင့်ကြည့်ရမှာဖြစ်သလို NLD နဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ လုပ်ဆောင်နေတဲ့ ဖွဲ့စည်းပုံ ပြင်ရေး လှုပ်ရှားမှုတွေကို အရှိန်လျှော့ကျအောင် ချွေးသိပ်တဲ့ ပြောဆိုမှုတွေ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးသမား တချို့က သုံးသပ်ပါတယ်။
တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ်လို့ တွင်တွင်ကျယ်ကျယ် ပြောဆိုနေတာမို့ ဖွဲ့စည်းပုံ ပြင်ရေး တပ်မတော်နဲ့ အပေးအယူ လုပ်ရမယ်ဆိုတဲ့ သုံးသပ်ချက်တွေက လက်တွေ့ဖြစ်လာဖို့ မလွယ်ပေမယ့် လွှတ်တော်တွင်းနဲ့ လွှတ်တော်ပြင်ပ နိုင်ငံရေးအင်အားစုတွေအားလုံး ကြိုးစားသင့်တဲ့ တိုင်းပြည် အထိမနာစေမယ့် လမ်းကြောင်းဖြစ်သလို တပ်မတော်အနေနဲ့လည်း ပြည်သူ့မျက်နှာ၊ တိုင်းပြည်ဖွံ့ဖြိုးရေးကို ကြည့်လို့ နိုင်ငံရေးကနေ တဖြည်းဖြည်း စစ်တန်းလျား ပြန်လည် ဆုတ်ခွာရေး လမ်းစဉ် ကျင့်သုံးသင့်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက ပြော ဆိုပါတယ်။