မြန်မာ-ထိုင်း နှစ်နိုင်ငံ စီမံကိန်း၏ အရှေ့အနောက် စီးပွားရေး စင်္ကြန်လမ်း စီမံကိန်းတွင် ပါဝင်သည့် လမ်းနှင့်တံတား တည်ဆောက် ရေး စီမံကိန်းများ အတွက် ဒေသခံများ၏ ပတ်ဝန်းကျင်နှင့် လူမှုရေး အခြေအနေများကို ဇွန်လ အတွင်း စတင်၍ စစ်တမ်း ကောက် ယူ လေ့လာသွားမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာဆိုင်ရာ ဆက်သွယ်ရေး အမြန်လမ်းမကြီး စီမံကိန်းအရ မြန်မာ-ထိုင်း နှစ်နိုင်ငံ စီမံကိန်း၏ အရှေ့အနောက် စီးပွားရေး စင်္ကြန်လမ်း စီမံကိန်းတွင် မွန်နှင့် ကရင်ပြည်နယ်ရှိ သထုံမြို့ရှောင်လမ်းနှင့် ဒုံသမိ တံတား၊ နောင်လုံ တံတား၊ ဂျိုင်း-ကော့ကရိတ် တံတား၊ ဂျိုင်း-ဇာသပြင် တံတား၊ အတ္တရံ တံတား၊ ကျားကလေး မြို့ရှောင်လမ်း၊ ကော့ကရိတ်နှင့် မြဝတီကြားတွင် ဥမင်လိုဏ်ခေါင်း အသစ် တည်ဆောက်ခြင်းတို့ ပါဝင်သည်။
“ဇွန်လ အတွင်းမှာ စစ်တမ်း ကောက်ယူမှု စတင်ဖို့ လုပ်ကြမယ်၊ လူမှုစစ်တမ်း၊ ပတ်ဝန်းကျင် အခြေအနေတွေကို စစ်တမ်း ကောက်၊ အစီရင်ခံစာ လုပ်ပြီးတော့ ဂျပန်နဲ့ မြန်မာ နှစ်နိုင်ငံ အစိုးရကို တင်ပြမယ်၊ အဲဒီ အစီရင်ခံစာ အပေါ် မူတည်ပြီးမှ စီမံကိန်းတွေ ဆက် လုပ်သင့် မလုပ်သင့် ဆုံးဖြတ် ကြမယ်၊ စီမံကိန်းကြောင့် ဒေသခံတွေရဲ့ အလုပ်အကိုင်နဲ့ လယ်ယာမြေတွေ မဆုံးရှုံးအောင် တော့ အတတ်နိုင်ဆုံး ကြိုးစားကြမှာပါ”ဟု ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) လေ့လာရေး အဖွဲ့မှ တာဝန်ရှိသူ ဦးအေးသီဟ က ပြောသည်။
ထိုနယ်မြေများတွင် စီမံကိန်းများ လုပ်ဆောင်ဖြစ်ခဲ့ပါက ဒေသခံများ၏ လယ်ယာမြေနှင့် အိမ်ရာ အဆောက်အအုံများ ထိခိုက် နစ် နာမှုအပေါ် သက်ဆိုင်ရာ ဌာန က ဥပဒေနှင့် အညီ နစ်နာကြေး ပေးလျော်ရေး ကိစ္စ၊ ဒေသတွင်း လမ်းပန်း ဆက်သွယ်ရေး အတွက် အသုံးပြုနေဆဲ ဖြစ်သည့် အတ္တရံ တံတား၊ ဂျိုင်း – ကော့ကရိတ်၊ ဂျိုင်း-ဇာသပြင် တံတားနှင့် နောင်လုံ တံတားများ၏ အခြေအနေ၊ ယာဉ်သွားလာမှု အခြေအနေ၊ ဒေသခံများ၏ စားဝတ်နေရေး အခြေအနေနှင့် လူမှုရေး အခြေအနေများကို လေ့လာမှု စစ်တမ်း ကောက် ယူမည် ဖြစ်ကြောင်း သိရသည်။
“တံတားသစ်တွေ ထပ်ပြီး တည်ဆောက်ဖို့ လျာထားတော့ ဒေသခံတွေရဲ့ အခက်အခဲ ဘယ်လို ရှိမလဲဆိုတာ အရင် နားထောင်ပြီး အစီရင်ခံစာ တင်ပြမယ်ပေါ့၊ သေချာတာကတော့ တံတားတွေကတော့ ဆောက်ဖြစ်မှာပါ”ဟု ကရင်ပြည်နယ် ပြည်သူ့ ဆောက်လုပ် ရေး လုပ်ငန်း ဒုတိယ အင်ဂျင်နီယာမှူးကြီး ဦးစောချစ်သန်းက ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် အဆိုပါ စီမံကိန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းနှင့် JICA မှ လမ်းနှင့် တံတားများ၏ စီမံကိန်း တိုးတက်မှုဆိုင်ရာ လေ့လာဆန်းစစ်မှုများ ပြုလုပ်နေကြောင်း သိရသည်။
“သူတို့တွေ လေ့လာတာ၊ စစ်တမ်းတွေ ကောက်မှာ စိတ်မဝင်စားဘူး၊ မြေယာတွေ အသိမ်းခံရမယ် ဆိုရင် နစ်နာကြေး ဘယ်လို လုပ်ပေးမှာလဲ ဆိုတာပဲ သိချင်တာ”ဟု ဘားအံမြို့နယ် နောင်လုံ ကျေးရွာ ဒေသခံ ဦးစိန်သန်း က ပြောသည်။
မဲခေါင် ဒေသတွင်း နိုင်ငံများ၏ နိုင်ငံတကာ ဆိုင်ရာ ဆက်သွယ်ရေး အမြန်လမ်းမကြီး စီမံကိန်း၏ မြန်မာ-ထိုင်း နှစ်နိုင်ငံ စီမံကိန်း အဖြစ် တာချီလိတ်-မယ်ဆိုင် တံတား၊ မြဝတီ-သင်္ကန်းညီနောင်လမ်းပိုင်း၊ သင်္ကန်းညီနောင်-ကော့ကရိတ် လမ်းပိုင်းတို့ကို ထိုင်းနိုင်ငံ အကူအညီဖြင့် ဆောင်ရွက်ထားပြီး ဖြစ်ပြီး ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် အတွင်း စီမံကိန်းများကို ဂျပန် အစိုးရ နည်းပညာ အကူ အညီများဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။