ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း ဒေသရှိ ဝါရာဇွပ် ကျေးရွာ အုပ်စုရှိ မြေယာများ သိမ်းဆည်းမှုနှင့် ပတ်သက်ပြီး ယုဇန ကုမ္ပဏီ ကို ဒေသခံ လယ်သမားများက ဆန္ဒပြမှုများ၊ တရားစွဲဆိုမှုများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်း မြေယာသိမ်းဆည်းမှုအတွက် အငြင်းပွားမှုဖြစ်ပွားနေသည်မှာ ၇ နှစ်ခန့် ကြာခဲ့သော်လည်း တိကျသည့်ဖြေရှင်းမှုမျိုး မရှိသေးကြောင်းလည်း ဒေသခံများက ပြောသည်။
ကူညီပေးနေသည့် ဒေသခံတဦး ဖြစ်သည့် ဒေါ်ဘောက်ဂျာက “ဒေသဖွံ့ဖြိုးရေး အတွက် ကျမတို့ဒေသကို ကုမ္ပဏီတွေ ဝင်လာမှ ဒေသခံတွေ ဒုက္ခတွေ ပိုဖြစ်လာကြတယ်၊ ဒေသခံတွေ ဖြစ်ချင်တာက တောင်သူတွေရဲ့ လယ်ယာမြေကို မူလအတိုင်း ပြန်ပေးစေချင် တယ်၊ တောင်သူတွေရဲ့ နစ်နာမှုကို ထိုက်တန်စွာ ကုစားပေးစေချင်တယ်၊ သိမ်းယူ ထားတဲ့ အိမ်ခြံများကို ပြန်ပေးဖို့ တောင်းဆိုချင် ပါတယ်၊ ကုမ္ပဏီရဲ့ ဖြေရှင်းပေးမယ့် ပုံစံတွေအရ ဥပဒေပညာရှင်တွေနဲ့တိုင်ပင်ပြီး တရားစွဲဆိုမှု ပြုလုပ်သွားမယ်”ဟု ပြောသည်။
ယင်း ဒေသဖွံဖြိုးရေး အတွက် လာရောက် လုပ်ကိုင်သည့် ယုဇန ကုမ္ပဏီသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သည့် ဦးဌေးမြင့် ပိုင်ဆိုင်သော ကုမ္ပဏီဖြစ်သည်။
ယုဇန ကုမ္ပဏီသည် ၂၀၀၆ ခုနှစ်ခန့်မှစတင်၍ ယင်းဒေသသို့ ရောက်ရှိလုပ်ကိုင်လာပြီး ၂၀၀၇ ခုနှစ်တွင် ဒေသခံများ၏ မြေယာများကို သိမ်းဆည်းမှု စတင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယုဇန ကုမ္ပဏီက ကချင်ပြည်နယ် ဟူးကောင်း ချိုင့်ဝှမ်း ဒေသခံများ ပိုင်ဆိုင်သည့် လယ်မြေဧက ၃ သိန်းကျော်အား သိမ်းယူထား သည်ဟု ဒေသခံများက ပြောဆိုသည်။
လယ်မြေများကို သိမ်းယူပြီး စက်ရုံများ တည်ဆောက်ခြင်း၊ ငါးကန်များ တူးဖော်ခြင်း၊ အုတ်ဖုတ် လုပ်ငန်းများ လုပ်ကိုင်ခြင်း၊ ပီလော ပီနံပင်များ စိုက်ပျိုးခြင်း တို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ လယ်ယာမြေများ သိမ်းဆည်းခံရမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အစိုးရအာဏာပိုင်များသို့ ၂၀၀၇ ခုနှစ်မှ စတင်၍ ဒေသခံများက တိုင်ကြားစာများ ပေးပို့ခဲ့သော်လည်း ထူးခြားမှုမရှိသည့်အတွက် ၂၀၁၀ ပြည့်နှစ်တွင် ကချင်ပြည်နယ် တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့သည်ဟု ဒေါ်ဘောက်ဂျာက ဆိုသည်။
တရားရင်ဆိုင် လာခဲ့ရာမှ တရားရုံး၏ ဆုံးဖြတ်ချက်များကို ဒေသခံ တောင်သူများက ကျေနပ်မှု မရှိခြင်းကြောင့် သက်ဆိုင်ရာ တရား လွှတ်တော်များသို့ အဆင့်ဆင့် အယူခံ ထပ်မံတင်သော်လည်း ပလပ်ခံခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။
ဒေသခံ တောင်သူတဦး ဖြစ်သည့် ဒေါ်ဂျာလွယ်က“ပြည်သူတွေရဲ့ နစ်နာချက်တွေကို လုပ်ပေးမယ်လို့ ကုမ္ပဏီက ပြောပေမယ့် တကယ်တမ်း ဘာမှ လုပ်ပေးတာ မတွေ့ရဘူး၊ ဒီလိုအချိန် ၇ နှစ်အတွင်းမှာ ကျမတို့ ဒေသက တောင်သူတွေ အလုပ်လက်မဲ့ ဖြစ်ခဲ့ရတယ်၊ ကလေးတွေ ကျောင်းနေဖို့ အခက်အခဲတွေ ဖြစ်ခဲ့ရတယ်၊ ဒါကြောင့် ကျမတို့ အရင်လုပ်ခဲ့တဲ့ မြေနေရာတွေကိုပဲ ပြန်လိုချင်တယ်”ဟု ဧရာဝတီကို ပြောသည်။
၂၀၁၂ ခုနှစ် အတွင်းက ဒေသခံများက ကုမ္ပဏီရုံး အခြေစိုက်တည်ရှိရာ ရန်ကုန်တွင် ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့ရာ ကုမ္ပဏီ က ခေါ်ယူ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး တာဝန်ယူ ဖြေရှင်းပေးမည် ဆိုသော်လည်း ယခုအချိန်အထိ ဖြေရှင်း ဆောင်ရွက်ပေးမှု မရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
မြေယာ သိမ်းဆည်းမှုကြောင့် ကချင်ပြည်နယ် မိုးညှင်းခရိုင် အတွင်းရှိ ဝါရာဇွပ်၊ ရှဒူးဇွပ်၊ ဘန်ကောက်၊ အောင်ရာ၊ နမ်ဆိုင် ကျေးရွာ အုပ်စုများမှ ကျေးရွာတချို့ ကွယ်ပျောက်ခဲ့ပြီး၊ ယုဇန ကုမ္ပဏီက ပီလောပီနံ စိုက်ခင်းများ စိုက်ပျိုးထားသည့် ယင်းစိုက်ခင်းများမှ ထွက်လာသည့် ဓာတ်မြေသြဇာ သုံးရေများကြောင့် အဆိုပါ ဒေသရှိ မြစ်ချောင်း အတွင်းရှိ ရေနေသတ္တဝါများ သေဆုံးခြင်း အပြင် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်ဟုလည်း ဒေသခံများက ပြောဆိုသည်။
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက စတင်ပြီး ယုဇနကုမ္ပဏီက သိမ်းဆည်း မြေယာများတွင် ရွှေ တူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည်ဟုလည်း ဒေသခံများက ပြောသည်။
ဟူးကောင်း ချိုင့်ဝှမ်းဒေသသည် ကျားများ ထိန်းသိမ်းရာ ဒေသတခု ဖြစ်သည့် အပြင်၊ လီဒို မလမ်းကြီး တည်ရှိ၍ စိုက်ပျိုးမြေ ဖြစ်ထွန်း သည့် အတွက် မြန်မာနိုင်ငံ၏ စတုတ္ထ စပါးကျီဟု တင်စား ခေါ်ဝေါ်ကြောင်း သိရသည်။
ထိုမြေယာ ပြဿနာကို ဆောင်ရွက်ပေးနေသည့် အထက်တန်းရှေ့နေ ဦးလွန်ဂျာ ဆိုသူက“တောင်သူတွေ အထောက်အထားတွေ ရှိနေတဲ့ကြားက ဆုံးရုံးနေရတယ်၊ ဥပဒေနဲ့အညီ ဒေသခံ တောင်သူတွေကို ပြန်လည် ကုစားပေးအောင် ဥပဒေဘောင် အတွင်း ကနေ ဆောင်ရွက်သွားမှာပါ”ဟု ပြောသည်။
တောင်သူအားလုံး၏ လယ်ယာမြေများ ပြန်လည် ရရှိရေး၊ နစ်နာခဲ့ရသော တောင်သူများအတွက် ထိုက်တန်စွာ အကျိုးခံစားခွင့် ပေး ရေး၊ သိမ်းယူထားသော လယ်ယာမြေ၊ အိမ်ခြံများကို ဥပဒေနှင့်အညီ ပြန်ပေးရန်နှင့် ယုဇန ကုမ္ပဏီအား ဟူးကောင်း ဒေသမှ အပြီး ထွက်သွားပေးရန် ဆန္ဒပြ တောင်းဆိုမှုများကို ပြုလုပ်ပြီး တရားစွဲဆိုမှုများလည်း ဆက်လက် ပြုလုပ်သွားမည်ဟု ဒေသခံများက ပြောဆိုကြသည်။