သတင်း

သစ်တောများ အပြောင်ရှင်းခုတ်နေ ဆိုသော စွပ်စွဲမှု သစ်တောဒုဝန်ကြီး ပယ်ချ

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံတွင် သစ်တောများ အပြောင်ရှင်းစနစ်ဖြင့် ခုတ်ထွင်မှုများရှိနေသည်ဆိုသော စွပ်စွဲချက်များသည် မှန်ကန်မှု မရှိဘဲ အစိုးရ အနေဖြင့် သစ်ထုတ်လုပ်မှုကို လျော့ချခြင်းဖြင့် သစ်တောများကို ကာကွယ် လျက်ရှိကြောင်း သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့်သစ်တော ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးမြင့်မောင်က ပြောဆိုလိုက်သည်။

မေလ ၂၉ ရက်နေ့ နေပြည်တော်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ရွှေပြည်သာ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက “၂၀၁၄ခုနှစ် မကုန်ဆုံးမီ တနိုင်ငံ လုံးရှိ သစ်များ အပြောင်ရှင်းမည့် အနေအထားဖြင့် ထုတ်လုပ်နေခြင်းနှင့် ပတ်သက်၍ မည်သို့ တားဆီး ကာကွယ် ဆောင်ရွက်နေ ပါသနည်း”  ဆိုသော မေးခွန်းမေးမြန်းခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့်သစ်တော ရေးရာ ဝန်ကြီးဌာန ဒုဝန်ကြီး ဦးအေးမြင့်မောင် က သစ်များ အပြောင်ရှင်းစနစ်ဖြင့် ခုတ်ထွင်မှုမရှိဟု တုံ့ပြန်ပြောဆိုခြင်းဖြစ်ကြောင်း သိရှိရ သည်။

“၂၀၁၄ ခုနှစ် မတိုင်မီ အပြောင်ရှင်းနေတာ မဟုတ်ဘူးဆိုတာကို သုံးသပ်ရင်အဖြေထွက်လာမှာပါ။ တချို့အရာတွေမှာ တော့ အားနည်း ချက်တွေရှိနေတာမှန်ပါတယ်။ ပြည်တွင်းသစ်ထုတ်လုပ်မှု ကိုသိသိသာသာ လျော့ချမှာ ဖြစ်ပါတယ်။ သစ်ထုတ် လုပ်မှု ကို ရပ်ဆိုင်းတာမဟုတ်ဘူး။ ပြည်ပ ကို သစ်အလုံးလိုက်တင်ပို့တာကို ရပ်ဆိုင်းတာဖြစ်တယ်”ဟု ဒုဝန်ကြီး ဦးအေးမြင့်မောင်က ပြောကြားခဲ့သည်။

၂၀၁၄ – ၂၀၁၅ ခုနှစ် ဘဏ္ဍနှစ်တွင်  နိုင်ငံတဝန်း ကျွန်းနှင့် သစ်မာထုတ်လုပ်မှုများ ဆက်လက် ရှိနေမည်ဖြစ်သော်လည်း ထုတ်လုပ်မှုကို သိသိသာသာ လျှော့ချမည်ဖြစ်ကြောင်း၊ ၂၀၁၃- ၂၀၁၄ ဘဏ္ဍရေးနှစ်တွင် ကျွန်းသစ် ၉၃၁၇၈ တန်နှင့် သစ်မာ တန်ချိန် ၆၁၀၀၀၀ ကျော် ထုတ်လုပ်ခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍရေးနှစ်တွင်မူ ကျွန်းသစ် ၆၀၀၀၀ တန်နှင့် သစ်မာ ၆၇၀၀၀၀ ကျော်သာ ထုတ်လုပ်ရန် လျာထားကြောင်း၊  တနှစ်ထက်တနှစ် သစ်ထုတ်လုပ်မှု လျော့နည်းလာမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လွှတ်တော်အမတ် ဦးတင်မောင်ဦးက သစ်ထုတ်လုပ်ရေးကုမ္ပဏီများသည်  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အမြင် မရှိဘဲ သစ်တောများ ထိန်းသိမ်းမှု အလွန်အကျွံ့ခုတ်မှုများရှိနေကြောင်း၊ ထို့ပြင် သစ်ခိုးထုတ်မှု အမြောက်အမြား ရှိနေပြီး တရားမဝင် သစ်ခိုးထုတ်မှုများ မကြာခဏ ဖမ်းမိသည် ဆိုသော သတင်းများ ကြားသိနေရကြောင်း၊ အစိုးရဝန်ထမ်း များ တွင် လည်း တာဝန်ယူမှု နှင့် တာဝန်ခံမှု အားနည်းနေသည် ကို တွေ့ရှိရကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံတွင် အစိုးရအာဏာပိုင်များနှင့် နီးစပ်သော ခရိုနီများနှင့် ကုမ္ပဏီများသည် သစ်ထုတ်လုပ်မှုဖြင့် အကြီးအကျယ် ချမ်းသာကြွယ်ဝလာကြပြီး စစ်အစိုးရဗိုလ်ချုပ်ကြီးများ၏ သားသမီးကိုယ်တိုင် သစ်ထုတ်လုပ်တင်ပို့မှုများ အကြီးအကျယ် လုပ်ကိုင် ကြကြောင်း၊ လတ်တလော ကချင်ပြည်နယ်တွင်လည်း သစ်ခိုးထုတ်မှုများကို ဖမ်းဆီးသည်ဟုဆိုကာ အစိုးရ စစ်တပ်နှင့် ကချင် လွတ်လပ်ရေးတပ်မတော်အကြား တိုက်ပွဲများ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့သစ်တောပြုန်းတီးမှုအများဆုံး ၁၀ နိုင်ငံစာရင်းတွင် အဆင့် ၈ နိုင်ငံအဖြစ် စာရင်းဝင်နေပြီး  ဗြိတိန် နိုင်ငံ အခြေစိုက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်း စစ်ဆေးရေး အဂျင်စီ (EIA) ၏ ၂၀၁၃ ခုနှစ် မတ်လ ၂၅ ရက်က ထုတ်ပြန် ခဲ့သော အစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ ၂၀၀၀ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ၁၃ နှစ် အတွင်း တရားမဝင် သစ်ခိုး ထုတ်မှု တန်ဖိုး အမေရိကန် ဒေါ်လာ ၅ ဘီလီယံ ကျော်ရှိခဲ့ကာ  သစ်ခိုးထုတ်မှုများ ဆက်လက်ဖြစ်ပွား နေဆဲဟု ဖော်ပြ ထားသည်။

ပြည်တွင်းကုမ္ပဏီများနှင့်လုပ်ငန်းရှင်များက သစ်ခိုးထုတ်မှုများ ပြုလုပ်ကြရုံသာမက ပြည်ပကုမ္ပဏီများ အထူးသဖြင့် တရုတ်ကုမ္ပဏီများက သစ်ခိုးထုတ်မှုများ အကြီးအကျယ် လုပ်ကိုင်နေကြကြောင်း သိရှိရသည်။

“မဲဇာတော အထက်ပိုင်းဆို တတောလုံးကုန်ပြီ။ တရုတ်ကုမ္ပဏီတွေက ရွာခံတွေကို တရက် ၅၀၀၀ ပေးပြီး သစ်ခုတ် ခိုင်းတယ်၊ နယ်စပ်ဘက်ကို သစ်တွေပို့ကြတယ်။ အဲဒီဘက်တွေကို ဘယ်အာဏာပိုင်မှလည်း သွားမဖမ်းရဲဘူး၊ နယ်မြေ ကြမ်းတယ်။ မြို့ထဲမှာလည်း သစ်တွေ ခိုးထုတ် သယ်လာတဲ့ကားတွေ တွေ့လို့ သက်ဆိုင်ရာကို အကြောင်း ကြားလည်း ဖမ်းဆီး တာ နည်းပါတယ်။ ဖမ်းလည်း တရားခံမပေါ်ဘူး”ဟု ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ဒေသခံ ဦးမောင်မောင် က ပြောပြသည်။

သစ်ခိုးထုတ်မှုများသည် နယ်စပ်ဒေသများတွင် အများဆုံးဖြစ်ပွားပြီး အထူးသဖြင့် ကချင်ပြည်နယ်နှင့် တရုတ်နယ်စပ် လမ်းကြောင်းမှတဆင့်  တရုတ်နိုင်ငံသို့ တရားမဝင် မှောင်ခိုတင်ပို့ခြင်ဖြစ်ပြီး အစိုးရအာဏာပိုင်များနှင့် ဒေသခံ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများပါ ပါဝင်ပတ်သက်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

Loading