Obituary

တောင်လေးလုံးမှာ သံမဏိကြယ်ပြာ လင်းထိန်တဲ့ နေ့

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အမရပူရ တောင်သမန် အင်းစောင်းက တောင်လေးလုံး ကျောင်းတိုက်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သဘာပတိအဖွဲ့ဝင်၊ သတင်းစာဆရာ စာရေးဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၁ လပြည့် အထိမ်းအမှတ် အခမ်းအနား မေလ ၂၁ ရက်နေ့က ကျင်းပတယ်။

မန္တလေးက စာပေ အနုပညာရှင်တွေ၊ စာချစ်သူတွေ၊ ဟံသာဝတီ ဦးဝင်းတင်ကို လေးစားကြည်ညိုသူတွေ စုပေါင်းပြီး အမှတ်တရ သစ်ပင်စိုက်တယ်၊ အမှတ်တရ ကမ္ပည်းမော်ကွန်း ကျောက်စာတိုင် စိုက်ထူ ဖွင့်လှစ်တယ်။ အမှတ်တရ စကားတွေပြောကြ၊ အမှတ် တရ ကဗျာတွေ ရွတ်ဆိုကြတယ်။

ဒီကနေ့ မန္တလေးမှာရှိတဲ့ သက်ကြီးဝါကြီး စာရေးဆရာ၊ သတင်းစာ ဆရာတွေသာမက သက်ကြီးဝါကြီး မန္တလေးသူ၊ မန္တလေးသား တွေကအစ ဟံသာဝတီ ဦးဝင်းတင် ဆိုတာနဲ့ ကိုယ့်ရဲဘော် ရဲဘက်၊ ကိုယ့် ရေးဖော်ရေးဖက်၊ ကိုယ့် ဆရာသမား၊ ကိုယ့် ဆွေမျိုးသားချင်း တယောက်လို ရင်းနှီးကျွမ်းဝင်ကြရုံ မက၊ လေးစား ကြည်ညို တန်ဖိုးထားကြပါတယ်။

အောက်မြန်မာပြည် ပဲခူးတိုင်းထဲက ကြို့ပင်ကောက်မြို့မှာ မွေး၊ ရန်ကုန်မှာ ပညာသင်၊ ရန်ကုန်မှာပဲ စာပေ လုပ်ငန်း၊ သတင်းစာ လုပ်ငန်းကို တလျှောက်လုံး တစိုက်မတ်မတ် လုပ်ကိုင်ခဲ့ပြီး ၁၉၆၉ ခုနှစ် ကနေ ၁၉၇၈ ခုနှစ် ဆိုတဲ့ ဆယ်စုနှစ်နီးပါး ကာလတို လေး ပဲ မန္တလေးမှာ နေထိုင်ခဲ့ပါလျက် မန္တလေးက ဟံသာဝတီ ဦးဝင်းတင်ကို မန္တလေးသား တယောက်လို သာမက မန္တလေး မြို့မိမြို့ဖ တဦးပမာ လေးစား ချစ်ခင်ခဲ့ကြတယ်။

တကယ်တော့ ဆရာဦးဝင်းတင်ဟာ မန္တလေးကို တာဝန်အရပဲ ရောက်လာခဲ့သူပါ။ ပြည်သူပိုင် သိမ်းထားတဲ့ “ဟံသာဝတီ သတင်း စာ ကို မန္တလေး ပြောင်းပြီး ဖွင့်လှစ်ဖို့ ပြင်ဆင်တော့ ဆရာ့ကို အယ်ဒီတာချုပ် တာဝန်နဲ့ မန္တလေးကို အစိုးရက လွှတ်လိုက်တာပါ။ ဆရာဦးဝင်းတင် စကားနဲ့ပြောရရင် “ချောင်ထိုး” ပညာပြလိုက်တာပါ ပဲ။ ဒီတာဝန်အရ ဦးစီးထုတ်ပေးရမယ် ဆိုတော့ “ပြည်သူ့ဘက် တော်သား၊ ပြည်သူ့စကားပြန်” သတင်းစာ တစောင် ဖြစ်ရေးဆိုတဲ့ မှန်ကန်တဲ့ ရည်ရွယ်ချက်ကို ခိုင်ခိုင်မာမာချမှတ် ပြီးမှ ပျော်ပျော်ကြီး ရောက်လာတာပါ။

ဟုတ်ပါတယ်။ ဆရာဦးဝင်းတင်က အခုလိုမန္တလေးကို ဟံသာဝတီ သတင်းစာတာဝန်နဲ့ မရောက်ခင်ကတည်းက “မန္တလေး သတင်း စာ အသိုက်အဝန်း” ကို ရန်ကုန် ကနေ လေးစားတန်ဖိုးထားခဲ့တဲ့ သူပါ။ ရန်ကုန်က လစာကောင်း၊ နေရာကောင်းတဲ့ စာပေဗိမာန် စာတည်းစားပွဲမှာ ရှိနေစဉ်ကလိုပဲ မန္တလေးက “လူထုသတင်းစာ” မှာ လာရောက် လုပ်ကိုင်ဖို့ ပြောခဲ့၊ ဆိုခဲ့၊ တွေ့ခဲ့၊ ညှိနှိုင်းခဲ့ ပြီး သား ပါ။ မန္တလေး လူထုသတင်းစာမှာ လုပ်ကိုင်ဖို့ ဆုံးဖြတ်ပြီး ကာမှ နိုင်ငံခြားကို သတင်းစာပညာသင် ခရီးသွားလိုက်ရလို့ မန္တလေး ရောက်မလာခဲ့ရတာပါ။

၁၉၆၉ ခုနှစ် မန္တလေးမှာ ဟံသာဝတီ သတင်းစာ ပြောင်းရွှေ့ဖွင့်လှစ်ဖို့ ဆုံးဖြတ်ပြီး ဆရာဦးဝင်းတင်ကို အယ်ဒီတာချုပ် တာဝန် ပေး တော့ သက်ဆိုင်ရာ ပြန်ကြားရေးဌာန တာဝန်ခံက ကန့်သတ် ချုပ်ချယ်မှုတွေ ပေးချင်တယ်။ မန္တလေးမှာ လူထုဦးလှ၊ လူထု ဒေါ်အမာ တို့နဲ့ မတွေ့ရ၊ မပေါင်းရ၊ အစိုးရက လက်ဝဲသမားလို့ သတ်မှတ်ထားတဲ့ မန္တလေး စာရေးဆရာများ စာမူ မသုံးရ။ ဒီဆရာတွေ အုံနဲ့ကျင်းနဲ့ ရေးသားနေတဲ့ “စကားပြော” အရေးအသား ဆောင်းပါးတွေ မသုံးရ ဆိုတာမျိုးတွေပါပဲ။

“စ” ကတည်းက ယဉ်သကိုပေါ့။ စ,စချင်း ဆောက်နဲ့ ထွင်းလိုက်တဲ့ ကန့်သတ်ချုပ်ချယ်မှု တွေကို လက်မခံ ပါဘူး။ ဆရာဦးဝင်းတင် က အကျိုးနဲ့ အကြောင်းနဲ့ ပြန်ချေပတယ်။ နှုတ်နဲ့ ချေပရုံသာမက မန္တလေး ရောက်တာနဲ့ လက်တွေ့ သဘောဆောင်ရွက်တယ်။ မန္တလေး ရောက်ရောက်ချင်း လူထုဦးလှ ၊ လူထု ဒေါ်အမာနဲ့ တွေ့တယ်။ အကြံဉာဏ်တွေ တောင်းတယ်၊ အကူအညီယူတယ်၊ စာမူ တောင်းတယ်၊ တွေ့သင့်တွေ့ထိုက်တယ် လို့ ယုံကြည်တဲ့ စာရေးဆရာ၊ ဆရာမ၊ ပုဂ္ဂိုလ်ကြီးငယ်မရွေး ချက်ချင်းတွေ့တယ်၊ စာမူ တောင်းတယ်။

၁၉၆၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ ဟံသာဝတီ သတင်းစာ ထွက်ကတည်းက မန္တလေး သားတွေက ဟံသာဝတီကို အားရ ဝမ်း သာ ကြိုဆို လိုက်ကြတာပါပဲ။ အစိုးရ သတင်းစာမို့ ပေါ်လစီတွေ၊ ဝါဒဖြန့်သတင်းတွေ၊ ဌာနဆိုင်ရာ အစိုးရထုတ်ပြန်ချက်တွေနဲ့ “ရွှေပေလွှာ” ပဲ၊ ထူးမခြားနား ဖြစ်လေ မလားလို့ သံသယဝင်ခဲ့ကြတာတွေ ကျေပျက်ကုန်တယ်။ “လူထု” သတင်းစာနဲ့ အသားကျ ပျော်ဝင်ခဲ့ ကြသူတွေဟာ “ဟံသာဝတီ” ကို ဖတ်လိုက်ရတာနဲ့ “လူထုသတင်းစာ” အလွမ်းပြေ သွားတယ်။ ကျေနပ် သွားကြတယ်။

ဟံသာဝတီ သတင်းစာဟာ မန္တလေးမြို့လူထုရဲ့ ခံစားချက်တွေကို ကိုယ်စားပြုတယ်။ အစိုးရနဲ့ ဌာနဆိုင်ရာရဲ့ အကျင့်ပျက်မှုတွေ၊ မတရား လုပ်ဆောင်မှုတွေ၊ လာဘ်စားမှုတွေ၊ အပေါ်ဖား အောက်ဖိ လုပ်တာတွေ၊ ဆင်သေကို ဆိတ်ရေနဲ့ဖုံးတာတွေ အားလုံးကို ဖော်ထုတ်တယ်၊ ဖွင့်ချတယ်၊ ဝေဖန်တယ်။ အမှန် တရားတွေကို ရေးသားတင်ပြတယ်။ အမှားတရားတွေကို တိုက်ခိုက် ဆန့်ကျင် တယ်ပေါ့။ သတင်းစာဟာ သတင်းမှန် ရေးသား တင်ပြတဲ့အပြင် သတင်းစာဟာ လိုအပ်ချက်တွေအထိ ကိုယ်ထိလက်ရောက် ကူ ညီတယ်။ ပူးပေါင်း ပါဝင်တယ်။ ပြည်သူလူထုထဲ အထိ ဆင်းပြီး တစိတ်တဝမ်းတည်း ဖြစ်စေခဲ့တယ်။ ဒါကြောင့် သတင်းစာ စထွက်ပြီး လပိုင်း အတွင်းမှာပဲ ဆရာဦးဝင်းတင်က မန္တလေးမြို့ လူထုနဲ့ ခံစားချက်တူ၊ ဘဝတူ၊ တသားတည်း ဖြစ်သွားတာပါပဲ။

အလားတူ မြို့ကို ဗန်းပြပြီး လုပ်စားနေကြတဲ့၊ ကိုယ်ကျိုးရှာ နေကြတဲ့ ဌာနဆိုင်ရာ အရာရှိတွေ၊ အုပ်ချုပ်ရေး အာဏာပိုင်တွေ၊ ဝိသမလောဘ သမားတွေကတော့ ဆရာဦးဝင်းတင်ကို “ရန်သူ” လို့ သတ်မှတ် လာကြတာပါပဲ။ ဟံသာဝတီ သတင်းစာရဲ့ “ခေါင်းကြီး” တွေဟာ အမှန်တရားကို ဖော်ထုတ်၊ အမှားတရားတွေကို ဖွင့်ချဝေဖန် တိုက်ထုတ်နေတာ ကိုး။ ဒီတော့ မန္တလေးမှာ ဟံသာဝတီ သတင်းစာ ထုတ်ဝေခဲ့တဲ့ ၁၉၆၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှသည် ၁၉၇၈ ခုနှစ် ဇွန်လ ၃၀ ရက်အတွင်း ၁၀ နှစ် တာမျှ မပြည့်မီ ကာလမှာပဲ ဟံသာဝတီ ဦးဝင်းတင်ဟာ မန္တလေးသားတွေရဲ့ နှလုံးသားပေါ် ကမ္ပည်း တင်သွားသလို “အသည်းစွဲ” သွားကြပါ တော့တယ်။

အခု မေလ ၂၁ ရက် အမရပူရ တောင်လေးလုံး ကျောင်းတိုက်မှာ ကျင်းပခဲ့တဲ့ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ ကွယ်လွန်ခြင်း ၁ လပြည့် အခမ်းအနားမှာ ဒီအကြောင်းအရာတွေကို တသသ ဖော်ကျူးခဲ့ ကြတယ်။ ဦးဝင်းတင်ဆီမှာ သတင်းစာပညာကို  အန္တေဝါသိက တပည့်အဖြစ် ခံယူခဲ့တယ်လို့ ဂုဏ်ယူစွာ ပြောလေ့ ရှိတဲ့ ဆရာကြီး ဦးသိန်းတန် (သိန်းတန်-စာနယ်ဇင်း)၊ လက်ရှိ NLD နာယကကြီးကလည်း ဒီပွဲမှာ “ဟံသာဝတီ သတင်းစာ ဘာလို့အပိတ်ခံရ တာလဲ” ဆိုတဲ့ မေးခွန်းရဲ့ အတွင်းကျကျ အဖြေတွေကို ဖွင့် ချရင်း ဆရာ ဦးဝင်းတင်အတွက် မျက်ရည်ကျသွား ပါတယ်။

အလားတူ လူထုသတင်းစာ အယ်ဒီတာ တာဝန်ယူခဲ့သူ ဆရာ မောင်သစ်လွင် (လူထု) ကလည်း မန္တလေးမှာ ဆရာဦးဝင်းတင် ရောက်လာတော့မယ် ဆိုတာနဲ့ ဦးလေးနဲ့ ဒေါ်ဒေါ်က ဆရာ မောင်သစ်လွင် (လူထု) ကို ဟံသာဝတီ သတင်းစာမှာ ဝင်လုပ်မလား ဆိုတဲ့ တိုင်ပင်မှုမျိုး ကအစ ဆရာ ဦးဝင်းတင် ကြေးမုံမှာ ရှိကတည်းက တိုင်တိုင်ပင်ပင်နဲ့ ရဲဘော်ရဲဘက်များပမာ အလုပ်လုပ်ခဲ့ ကြ တာတွေ၊ ဟံသာဝတီမှာ ကြုံခဲ့ရတာတွေ၊ အမှတ်တရစကားတွေ ပြောခဲ့ပါတယ်။

ကဗျာဆရာကြီး (ဦး) ကိုလေး(အင်းဝဂုဏ်ရည်) ကလည်း ဟံသာဝတီမှာ ဆရာ ဦးဝင်းတင်ကြောင့် စကားပြော ဆောင်းပါးတွေ ရေး ဖြစ်တာကအစ မန္တလေးရဲ့ အစဉ်အလာ၊ အသိုင်းအဝိုင်း၊ အနုပညာနဲ့ သဘောထားတွေကို ပြောပါတယ်။ ရန်ကုန်က တကူးတက ရောက်လာတဲ့ တော်ဝင်နှင်းဆီ ဦးစိုးညွန့် ကလည်း ဆရာဦးဝင်းတင်နဲ့ နိုင်ငံရေး ကိစ္စတွေ တွဲဖက်လုပ်ကိုင် ထိစပ်ရင်း၊ ဦးဝင်းတင်ရဲ့ လူသားဆန်တဲ့ သိမ်မွေ့နူးညံ့မှုနဲ့ အတူ ယုံကြည်ချက်နဲ့ ပတ်သက်ရင် ခိုင်မာပြတ်သားမှု တို့ကို မှတ်မှတ်ရရ ပြောသွားတယ်။

ဒီအခမ်းအနားမှာ ထူးခြားမှု အနေနဲ့ စာပေ ချစ်သူ၊ စာပေ မွေ့လျော်သူတွေ ဦးစီးကျင်းပကြလို့ ဆရာကြီး ဦးဝင်းတင်ရဲ့ သတင်းစာ ဆရာဘဝ၊ စာရေးဆရာ ဘဝ၊ အထူးသဖြင့် ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ်ဘဝ ပုံရိပ်တွေ ပြန်လည် ဝင်းလက် ရွှင်ပျမှုတွေ အလေးကဲသော်ငြား NLD တာဝန်ရှိသူတွေ၊ ပါတီဝင်တွေ၊ တခြား နိုင်ငံရေး ပါတီဝင်တွေသာ မက ဦးဝင်းတင်နဲ့ တွေ့ထိရင်းနှီးဖူးတဲ့ မန္တလေးသူ၊ မန္တလေးသား ရဟန်းရှင်လူ ပရိသတ်များပါ တက်ရောက်ကြလို့ စည်ကားလှပါတယ်။

တောင်လေးလုံးကျောင်း အဝင်ဝ၊ စက္ကူပန်းပင် ရိပ်မှာ ခင်းကျင်း ပြသထားတဲ့ ဓာတ်ပုံမှတ်တမ်း၊ စာအုပ် စာတမ်း၊ မှတ်တမ်းတွေကို ကြည့်ရှုကြရင်း မန္တလေးမြို့မှာ ဆရာဦးဝင်းတင် လုပ်ကိုင်ဆောင်ရွက် ခဲ့ပုံတွေ ပြန်လည်သတိရ မျက်ရည်ဝဲကြသူချည်း။

ဓာတ်ပုံနဲ့ စာအုပ်တွေ ကြည့်ရှုပြီးသူတိုင်း သူဌေးဘုရား ရင်ပြင်ရှုထောင့်မှာ စိုက်ထူထားတဲ့ အထိမ်းအမှတ် ကမ္ပည်းကျောက်တိုင်ဆီ သွားကာ ဦးခိုက် အလေးပြုကြတာ ပါပဲ။ ကိုယ်စီမှာ ဆရာဦးဝင်းတင် အမှတ်တရ “အပြာရောင်လွယ်အိတ်”တွေနဲ့လေ…။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading