Military

ဦးပိုင် အတွက် လစာဖြတ်တောက်မှု အောက်ခြေ စစ်သည်များ အခက်အခဲကြုံနေ

This article has been converted from Zawgyi One to Unicode

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ခြေလျင်တပ်ရင်း တချို့တွင် အစိုးရ ဝန်ထမ်းများ လစာတိုးပေးသည့် ဧပြီလမှ စတင်၍ ဦးပိုင် စုကြေးငွေအဖြစ် လစာငွေများ လစဉ်ပြန်လည် ဖြတ်တောက်နေသဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း စစ်သည် မိသားစုဝင်များက ဧရာဝတီသို့ ပြောသည်။

ယင်းသို့ လအနည်းငယ် ရပ်ဆိုင်းထားရာမှ လစာငွေ ပြန်လည် ဖြတ်တောက်မှုကြောင့် မကျေနပ်သည့်တပ်ရင်းများက ထည့်ဝင်ခြင်း မပြုသည့်အတွက် မဖြစ်မနေထည့်သွင်းရန် ဖိအားပေးမှုများကြောင်း အမှတ် ၃၈ ခြေလျင် တပ်ရင်းမှ အောက်ခြေ စစ်သည်များထံမှလည်း သတင်း ရရှိသည်။

“၁၅ သိန်းပြည့်တဲ့ အထိ ဖြတ်သွားမယ်တဲ့။ အတိုးပဲ ထုတ်စားရမယ်တဲ့။ အတိုးတောင် ၁၅ သိန်းပြည့်မှ ထုတ်ရမယ်၊ သေတဲ့အထိ အရင်းပြန်မရဘူး။ ဦးပိုင်ဆိုတာလည်း ဘာမှန်းမသိဘူး။ အတိုး ပြန်ထုတ်တဲ့ အခါလည်း ဘာနံပါတ်နဲ့ ဘယ်လိုထုတ်ရမယ် ဆိုတာ မသိဘူး”ဟု အမည်မဖော်လိုသူ စစ်သည် ရဲဘော်၏ ဇနီး တဦးက ဧရာဝတီသို့ ပြောသည်။

ပုသိမ်မြို့ရှိ အနောက်တောင်တိုင်း စစ်ဌာနချုပ်(နတခ)နှင့် အမှတ် ၃၈ ခြေလျင် တပ်ရင်းတို့တွင် ယင်းသို့ လစာ ဖြတ်တောက်မှုများ အပြင် ရိက္ခာများအတွက် လစာဖြတ်ထားသော်လည်း ယခုအချိန်ထိ ရိက္ခာစုံလင်စွာ မရရှိသေးသည့် အခက်အခဲများ ကြုံနေရကြောင်း လည်း သူက ဆက်ပြောသည်။

လစာ ကျပ် ၁ သိန်း ဝန်းကျင်သာ ရရှိသည့် စစ်သည် ရဲဘော်များသည် နာမကျန်းမှုနှင့် အရေးပေါ် ငွေလိုအပ်ခြင်းများ ကြုံရပါက အလွယ်တကူ ပြန်လည်ထုတ်ယူ၍ ရသည့် ဘဏ်များတွင်သာ မိမိတို့၏အစီအစဉ်ဖြင့် စုဆောင်းလိုကြကြောင်း စစ်သည် မိသားစု ဝင် များက ပြောသည်။

“ဆီထုတ်ပေးမယ်ဆိုပြီး လစာထဲက ဖြတ်ထားတာ အခုချိန်ထိ ဆီမရသေးဘူး။ ရဲဘော်တွေလစာနဲ့ ဒီလိုပဲ အရင်းအနှီး လုပ်စားနေကြတယ်။ ရဲဘော် မိန်းမတွေဆိုတော့ တပ်ပြင်ထွက်ပြီးလည်း အလုပ်လုပ်လို့မရတော့ တပ်တွင်းထဲမှာပဲ ချေးငှားပေါင်နှံပြီး လစာ ထုတ်လိုက်၊ အကြွေးဆပ်လိုက် လုပ်နေရတာပဲ”ဟု အထက်ပါ စစ်သည် ရဲဘော်၏ ဇနီးက ပြောပြသည်။

သို့သော် ပြည်သူ့လွှတ်တော်မှ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီးဌေးနိုင်က ယင်းသို့ ဦးပိုင် စုကြေးငွေ ဖြတ်တောက်ခြင်း သည် စစ်သည်များအတွက် အခွင့်အရေးပေးထားခြင်းဖြစ်ပြီး မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်၏ လုပ်ငန်း လည်ပတ်မှုများတွင် အစုရှယ်ယာ ထည့်ဝင်နိုင်ရန် စီစဉ်ပေးထားခြင်းဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“စစ်သည်တွေရဲ့ ရေရှည်အကျိုးကို မျှော်ကိုးပြီး လူကြီးတွေက စီမံပေးထားတာ။ ငွေ ၁၀၀ ထည့်ရင် တနှစ်မှာ အတိုး ၃၀ ပြန်ရမယ်။ ဒီလို လူတိုင်းတောင် ထည့်ခွင့်မရှိဘူး။ အရင်းကို ပြန်ထုတ်ခွင့်တော့ မရှိဘူး။ ဒါပေမယ့် ၃ နှစ်ဆိုရင် အရင်းပြန်ရပြီ။ နောင်နှစ်တွေထည့်တာက အမြတ်ပဲလေ။ ဒီလိုအတိုးနှုန်းမျိုး ဘယ်ဘဏ်ကမှ မပေးနိုင်ဘူး”ဟု ဗိုလ်မှူးကြီးဌေးနိုင်က ရှင်းပြသည်။

သူက ဆက်လက်၍ “တနှစ်တောင် စုရမယ်ဆိုတော့ တချို့က နားမလည်တာရှိတယ်။ ဘယ်လောက် ထည့်ရမယ် ဆိုတာ အပေါ်က ညွှန်ကြား ထားတာတော့ မရှိဘူး။ တိုင်းမှူးတွေရဲ့ အစီအစဉ်တွေနဲ့ ထည့်ခိုင်းကြတာ။ အဆင်မပြေဘူး ဆိုရင်လည်း လစဉ် ဒါဘာ အစည်းအဝေးတွေမှာ ဒီလတော့ အဆင်မပြေဘူးဆိုတာ ထပြောနိုင်ပါတယ်”ဟုလည်း ပြောသည်။

ယခုလက်ရှိ ဖြတ်တောက်နေသည့် ဦးပိုင်စုကြေးငွေများကို သာမန် ရဲဘော်များနှင့် အရာရှိ၊ အရာခံ အဆင့်များ အားလုံးကို ဖြတ် တောက်ခြင်းဖြစ်ရာ လစာနည်းပါးသော စစ်သည်မိသားစုများအတွက် အခက်ကြုံနေကြောင်း အမှတ် ၃၈ ခြေလျင် တပ်ရင်းမှ စစ် သည် တဦးက ပြောဆိုသည်။

“တပ်ထဲမှာ စစ်သားပေါင်း ၂၀၀ လောက်ရှိတယ်။ အားလုံးထည့်ရတယ်။ လူတွေက မကျေနပ် ဖြစ်နေကြတယ်။ ဒါဘာမှာ ပြန်ပြော တော့လည်း မထည့်လို့မရဘူး၊ ဒါအထက်အမိန့်လို့ ပြောတယ်။ အရာရှိတွေကျတော့ တခါတည်း ၁ သိန်းဖြတ်ပြီး နောက်လတွေ မဖြတ်တော့ဘူးလို့ သိရတယ်”ဟု သူက ပြောသည်။

ရှမ်းပြည်နယ် သီပေါမြို့ရှိ ခြေမြန်တပ်ရင်း(ခမရ)တခုမှ အမည်မဖော်လိုသူ တပ်ကြပ်တဦးကမူ စုငွေကို အဆင်ပြေသလို ထည့်၍ ရကြောင်း ပြောဆိုသည်။

“ကျနော်တို့တပ်မှာတော့ ၅ ထောင်စီဖြတ်တယ်။ အတင်းအကျပ်မဟုတ်ပါဘူး။ စုလို့လည်းရတယ်။ မစုလို့လည်းရတယ်။ အရာရှိတယောက်ကို သိန်း ၃၀ ပြည့်အောင်စုရမယ်တဲ့။ ကျန်တဲ့အဆင့်ကတော့ ၁၅ သိန်းစီလို့ပြောတယ်။ ကျနော်ကတော့ ၅ ထောင်ပဲ ထည့်ပြီး နောက်လတွေ မထည့်ဖြစ်ဘူး”ဟုလည်း ၎င်းက ဧရာဝတီသို့ ပြောသည်။

ဦးပိုင် လီမိတက်သည် သယ်ယူပို့ဆောင်ရေး၊ ကျောက်မျက်၊ သတ္တု တူးဖော်ရေး၊ ရေနံတူးဖော်ရေး၊ သဘာဝဓာတ်ငွေ့၊ မွေးမြူရေး၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေး၊ ဘဏ်လုပ်ငန်း စသည့် လုပ်ငန်းများ အပြင် ကြယ်ငါးပွင့် သဘောၤလိုင်း၊ ပြည်တွင်း ရေကြောင်းပိုင် လုပ်ငန်းတချို့၊ လောင်စာဆီ အရောင်းဆိုင်များ၊ ပြည်ပမှ ကားတင်သွင်းခွင့် ပါမစ်များနှင့် ပြည်ပ ဆန် တင်ပို့မှု၊ ဘီယာချက်စက်ရုံ၊ စီးကရက်စက်ရုံ၊ သောက်ရေသန့်၊ သကြားစက်၊ ပလတ်စတစ် စက်ရုံလုပ်ငန်း စသည့်လုပ်ငန်းပေါင်း များစွာကို လုပ်ကိုင်နေကြောင်း သိရသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင် လီမိတက် ကို ၁၉၉၀ ပြည့်နှစ်တွင် ယခင်စစ်အစိုးရ၏ စစ်တပ်အကြီးအကဲများ ဦးဆောင် ၍ ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ရည်ရွယ်ချက်မှာ တပ်မတော်သားများနှင့် မိသားစုဝင်များ၊ တပ်မတော် အငြိမ်းစားများ စားဝတ် နေရေး ပြေလည်စေရန်ဖြစ်သည်ဟု ဆိုသည်။

ဦးပိုင်၏ လက်ရှိ ဥက္ကဋ္ဌ မှာ စစ်ရေးချုပ် ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ဖြစ်ပြီး ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးလည်း ဦးပိုင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့ ဖူးသည်။

၂၀၁၁ ခုနှစ်မှစ၍ အခွန်တိမ်းရှောင်မှု ပပျောက်စေရန် ဆောင်ရွက်နေသော်လည်း နိုင်ငံတော် အဖွဲ့အစည်းများနှင့် စီးပွားရေး ဦးပိုင် လီမိတက်သည် အခွန်ပေးဆောင်ရန် မလိုအပ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန ညွန်ကြားရေးမှူး ဦးအောင်မိုးကြည်က ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဧရာဝတီသို့ ပြောဆိုထားသည်။

Loading