ပြည်ခရိုင် သဲကုန်းမြို့နယ် အင်းမ အခြေစိုက် အမှတ် ၈၀ ခြေလျင်တပ်ရင်း အတွင်း အရာရှိ ရိပ်သာဟောင်းတွင် ထားရှိသည့် လက်နက် ခဲယမ်းများ ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“တပ်တွင်းထဲမှာ ဖြစ်တဲ့ အတွက် အဝင်အထွက် တင်းကျပ်ထားတယ်၊ လောင်တာက အသုံးပြုလို့ မရတဲ့ ကျည်တွေကနေ အပူ လွန်ကဲပြီး မီးလောင် ကျွမ်းတယ်လို့ ပြောတယ်၊ သဲကုန်း၊ ရွှေတောင်မြို့တွေက မီးသတ်ကား ၁၀ ကား လောက် လာပေ မယ့် ဝတ်စုံပြည့် ဝတ်ထားတာပါတဲ့ ကား ၄ စီးပဲ ဝင်ခွင့်ပေးတယ်၊ ကျွန်တော်တို့ မီးသတ် ရဲဘော်တွေကို ယူနီဖောင်း အပြည့် အစုံ ဝတ်ထားတဲ့သူတွေလောက်ပဲ ဝင်လို့ထွက်လို့ ရတယ်၊ တခြား မှတ်တမ်းယူတာ ဓာတ်ပုံရိုက်တာ လုပ်လို့ မရဘူး”ဟု သွား ရောက် မီးငြိမ်းသတ်ပေးခဲ့သည့် မီးသတ်ရဲဘော် တဦးက ဧရာဝတီကို ပြောသည်။
အင်းမ အခြေစိုက် အမှတ် ၈၀ ခြေလျင် တပ်ရင်းသည် ပြည်-ရန်ကုန် ကားလမ်းပေါ် အင်းမမြို့ အဝင်၌ အခြေစိုက်ထားသည့် တပ်ဖြစ်ပြီး မီလောင်ပေါက်ကွဲသည့် အသံများကို အင်းမမြို့ထဲကပင် ကြားရကြောင်း ဒေသခံများက ပြောပြသည်။
မေ ၂၈ ရက်က မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားနေစဉ်အတွင်း အမှတ် ၈၀ ခြေလျင်တပ်ရင်း အနီးမှ ဖြစ်သန်းသွားလာခဲ့သူ အင်းမမြို့ခံ တဦးက “မီးခိုးတွေနဲ့ အတူ ဗုံးပေါက်တဲ့ အသံမျိုးလို အသံကြီးတွေ ဆင့်ကဲ ဆင့်ကဲ ကြားရတယ်၊ မျက်နှာချင်း ဆိုင် ခလရ ၅ တပ်က ကင်းစောင့်တဲ့သူတွေ ထွက်ပြေးလာကြတာလည်း တွေ့လိုက်ရတယ်”ဟု ပြောသည်။
မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားစဉ် အတွင်း ဗုံးတလုံးမှာ ခလရ ၈၀ တပ်နှင့် မျက်နှာချင်းဆိုင် ခလရ ၅ တပ်၏ ဗဟိုကင်းတဲ အရှေ့သို့ ကျရောက် ပေါက်ကွဲမှု ထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာသို့ သတင်းထောက်များအား သတင်းယူခွင့် မပြုကြောင်း သွားရောက် သတင်းယူ သည့် ပြည်မြို့ခံ သတင်းထောက် ကိုပိုက်တင်က ဧရာဝတီကို ပြောသည်။
“သတင်းထောက်ကတ် ပြလည်း ဝင်ခွင့် မပေးဘူး၊ GE တပ်က ဗိုလ်ကြီး တယောက်တောင် ယူနီဖောင်း မဝတ်ထားလို့ ပေး မဝင်ဘူး၊ တပ်အဝင် တံခါးကို အပြီးပိတ်ထားတာ၊ ဆုံးရှုံးမှု စာရင်းလည်း မသိခဲ့ရဘူး၊ ဘာမှသိခွင့် မရခဲ့ဘူး”ဟု ကိုပိုက်တင် က ဆက်ပြောသည်။
ပြည်ခရိုင် မီးသတ်ဦးစီးဌာန မှတ်တမ်၌ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာသို့ ဒေသကွပ်ကဲရေး စစ်ဌာနချုပ်မှ ကွပ်ကဲ ရေးမှူးနှင့် အင်းမ အနီးရှိ တပ်များမှ တာဝန်ရှိသူများ လာရောက် ကြည့်ရှုခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း၊ မီးဘေး ဒုက္ခသည်လည်း မရှိကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။
အဆိုပါ မီးလောင်ပေါက်ကွဲသည့် စစ်တပ်အတွင်း ဖြစ်ပွားသည့် မီးလောင်မှု ဖြစ်သည့်အတွက် တပ်တွင်း စည်းကမ်းများ အရ သာ အရေးယူထားသည့် အတွက် အင်းမရဲစခန်း အနေဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားခြင်း မရှိကြောင်း အင်းမ ရဲစခန်းမှူး ဦးဝင်းနိုင်က ဧရာဝတီသို့ ပြောပြသည်။