မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၌ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများအကြား ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) အဖွဲ့မှ အရာရှိ တဦး ပျောက်ဆုံးနေမှုကို စစ်ဆေးဖြေရှင်းပေးရန် မြန်မာ အစိုးရထံ တောင်းဆိုလိုက် ကြောင်း သိရသည်။
BGB အဖွဲ့ဝင် ပျောက်ဆုံးနေမှုအား အမြန်ဆုံး စစ်ဆေးဖြေရှင်းပေးရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ဌာနက ဘင်္ဂလား ဒေ့ရှ်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီးကို ဆင့်ခေါ်၍ တောင်းဆိုခဲ့ရာ မြန်မာ အစိုးရ တာဝန်ရှိသူများထံ တင်ပြ၍ အမြန်ဆုံး ပြန်လည် ဖြေကြားပေးမည်ဟု မြန်မာ သံအမတ်က ပြောဆိုကြောင်း Banglanews24 သတင်းဌာနက မေ ၂၉ ရက်စွဲဖြင့် ဖော်ပြ ထားသည်။
ထို့အတူ မြန်မာနိုင်ငံရှိ ဘင်္ဂလားဒေ့ရှ် သံရုံးကလည်း မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနထံ ကန့်ကွက်စာ တစောင် ပေးပို့၍ ဖြေ ရှင်းချက်ပေးရန် တောင်းခံထားကြောင်းလည်း ရေးသားထားပြီး အသေးစိတ်ကိုမူ ဖော်ပြထားခြင်း မရှိပေ။
မြန်မာ နယ်ခြားစောင့် လုံခြုံရေး တပ်ဖွဲ့နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့တို့ အကြား မေလ ၂၈ ရက်က တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း၊ သို့သော် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ဟုတ်မဟုတ်ကို ၎င်းတို့ မသိကြောင်း၊ ဘင်္ဂလားဒေ့ရှ် BGB အရာရှိ ပျောက်ဆုံးနေခြင်းကိုလည်း ၎င်းတို့ အနေဖြင့် မသိသေးကြောင်း၊ မောင်တော ခရိုင် ရဲတပ်ဖွဲ့မှ အရာရှိ တဦး က ဧရာဝတီ ကို ပြောသည်။
“မေလ ၂၈ ရက်နေ့ တိုက်ခိုက်မှုတွေအကြားမှာ အကြမ်းဖက်အဖွဲ့က လူတဦးသေတယ်၊ လက်နက် တချို့သိမ်းဆည်းရ မိ တယ်လို့ ကျနော်တို့ဆီ သတင်းပို့ထားပါတယ်၊ အသေးစိတ်တော့ မသိသေးပါဘူး”ဟု ၎င်းက ဆိုသည်။
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များကမူ ၎င်းတို့၏ BGB အရာရှိအား မြန်မာတပ်ဖွဲ့က ဖမ်းဆီးထားသည်ဟု ယူဆနေကြောင်း သိရ သည်။
ဘင်္ဂလားဒေ့ရှ်မှ ပျောက်ဆုံးနေသည့် BGB အရာရှိ မီဇာနူရ် ရာဟာမန် (Mizanur Rahman ) နှင့် အတူ အမ် ၂၂ ရိုင်ဖယ် တလက်၊ ကျည်ဆန် ၁၂၀ ပျောက်ဆုံးနေကြောင်း ဘင်္ဂါလီ သတင်းစာများအား ကိုးကား၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အခြေ စိုက် နိရဉ္စရာ သတင်းဌာန၌လည်း ဖော်ပြထားသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ၌ မေလဆန်းမှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားနေပြီး မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့မှ ရဲတပ် ဖွ့ဲဝင် ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များ က ထုတ်ပြန်ထားသည်။
ထိုသို့ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ပြီးခဲ့သည့် ရက်ပိုင်းက နှစ်နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့များ တွေ့ဆုံဆွေးနွေး၍ အလံ တင် ပွဲ အခမ်းအနားကို ဘင်္ဂလားဒေ့ရှ်ဘက်၌ ကျင်းပခဲ့သေးသည်။
ထိုသို့ တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း အခြေစိုက်၍ လှုပ်ရှားနေသည့် အကြမ်းဖက်အဖွဲ့ ကို တားဆီး နှိမ်နင်းပေး ရန် မြန်မာ အာဏာပိုင်များ က ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များထံ တောင်းဆိုရာ ၎င်းတို့ နိုင်ငံအတွင်း မည်သည့် လက်နက် ကိုင် တပ်ဖွဲ့မှ မရှိဟု တုံ့ပြန်ခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များ က ပြောဆိုသည်။
မောင်တော ဒေသဆိုင်ရာ အာဏာပိုင်များက ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် အကြမ်းဖက် လှုပ်ရှားနေသည်မှာ RSO (Rohingya Solidarity Organization ) လက်နက်ကိုင် အကြမ်းဖက် အဖွဲ့ တခုသာရှိကြောင်း ဧရာဝတီ ကို ပြောသည်။
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များဘက်မှ တုံ့ပြန်မှုနှင့်ပတ်သက်၍လည်း မြန်မာ အာဏာပိုင်များက အားရ ကျေနပ်မှု မရှိဟု သိရ သည်။
မေလ ၂၈ ရက်နေ့ တိုက်ခိုက်မှုများအပြီး ယခုအခါ မြန်မာနယ်စပ် တလျှောက် လုံခြုံရေး တိုးမြှင့်ထားပြီး ဘင်္ဂလာဒေ့ရှ် ဘက် တွင်လည်း လုံခြုံရေး တိုးမြှင့်ထား၍ အခြေအနေ တင်းမာမှု ရှိကြောင်း၊ မောင်တောမြို့ပေါ်၌ ပုံမှန် အတိုင်းရှိကြောင်း မောင် တော ဒေသခံ တချို့က ဧရာဝတီ ကို ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် မြန်မာ သံအမတ်ကြီး အား ဆင့်ခေါ်၍ အသိပေးခြင်း၊ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနထံ ကန့် ကွက်စာ ပို့ခြင်းနှင့်ပတ်သက်၍ သမ္မတ ပြောခွင့်ရသူ ဦးရဲထွဋ်နှင့်အစိုးရ တာဝန်ရှိသူ တချို့ထံ ဧရာဝတီ က ဆက်သွယ်ခဲ့ သော် လည်း မရခဲ့ပေ။