စာရေးဆရာမ ဒေါ်သန်းမြင့်အောင်သည် ဝတ္ထုတို/ရှည်နှင့် ဆောင်းပါးများအပါအဝင် စာပေများရေးသား၍ ပရဟိတ လုပ်ငန်းများကို စိတ်အားထက်သန်စွာ ဆောင်ရွက်နေသူ တဦး ဖြစ်သည်။ ဆရာမအနေဖြင့် ယခုအချိန်အထိ မကြာသေးခင်က ရရှိသော ၂၀၁၄ ခုနစ် အတွက် ပြည်သူ့ဂုဏ်ရည်ဆု၊ အထက်မြန်မာပြည်မှ ချီးမြှင့် သည့် ရွှေပရဟိတ စာပေဆု၊ ထန်းရိပ်ညို စာပေဆု၊ မေတ္တာရှင် ရွှေပြည်သာ၏ ပရဟိတ စံပြဆု၊ အမျိုးသား စာပေဆုတို့ ဖြစ် သည်။ ဆရာမ ဒေါ်သန်းမြင့်အောင်၏ ပရဟိတလုပ်ငန်းများနှင့် ပတ်သက်ပြီး ဧရာဝတီ မြန်မာပိုင်း သတင်းထောက် နန်းဆိုင်နွမ် နှင့် အင်္ဂလိပ်ပိုင်း သတင်းထေက် ရင်စနိုင်း တို့က တွေ့ဆုံ မေးမြန်းထားပါသည်။
မေး။ ။ ဆရာမအနေနဲ့ ပရဟိတကို ဘယ်တုန်းက စပြီး လုပ်ခဲ့တာလဲ။
ဖြေ။ ။ ပရဟိတကတော့ ပြောတာတော့ခက်တယ်။ လူတိုင်းကတော့လုပ်တာပဲ။ ကိုယ့်ကိုယ်ကိုယ် မသိတာပေါ့။ လူတယောက် ကို ကူညီတာ ပရဟိတပဲလေ။ အဲဒီလိုစိတ်ကတော့ အမြဲရှိတာပေါ့။ ဒါပေမယ့် အားလုံးပြောတဲ့ ပရဟိတ လုပ်တယ်ဆိုတာ အများနဲ့လုပ်တဲ့အလုပ်မျိုး၊ သိသိသာသာ ထင်ထင်ရှားရှားလုပ်တဲ့ အလုပ်မျိုးကိုပဲ လူတွေက သိကြတာ။ တကယ်တော့ မထင်မရှား ပရဟိ တ တွေက အများကြီးပဲ။ ကိုယ့်အိမ်ရှေ့ကိုကျော်ပြီး လမ်းကို တံမြက်စည်း လှည်းတာလည်း ပရဟိတပဲ။ တယောက်တည်း အနေနဲ့ ငယ်ကတည်းက လုပ်တာပေါ့။ ဘယ်လိုလုပ်ဖြစ်လဲဆိုတော့ ကျမအမေက ငယ်ငယ်ကတည်းက သူများကို ကူညီတတ်တယ် လေ။ အမေက သူများကို အရမ်းကူညီတတ်တယ်။ အဖေက စာဖတ်ဝါသနာပါတယ်။ စာဖတ်တဲ့မိသားစုထဲမှာ ကြီးပြင်းလာတဲ့ ကျမက တော့ စာများများဖတ်မိတော့ ပိုအလုပ်လုပ်မိတာပေါ့။ သူများကိုကူညီတဲ့အလုပ် ပိုလုပ်မိတာပေါ့။ နဂိုကတည်းက သူများကိုကူညီချင် တဲ့ မိသားစု၊ စာဖတ်တဲ့မိသားစုကနေ ပေါက်ဖွားတာ။ ဒါပေမယ့် ပိုက်ဆံတော့ မရှိဘူးပေါ့။
ဒီကတည်းကနေပြီးတော့ မြန်မာ ရသစာပေတွေက စိတ်နှလုံးကိုနုညံ့စေတယ်။ ကိုယ်ချင်းစာတရားလည်း ပြည့်ဝစေတယ်။ အဲဒီ အချိန်ကတည်းက အထူးသဖြင့် သူများကို ကူညီရမယ့်စိတ်မျိုး၊ ကိုယ်ကျိုးစွန့်ပြီး အနစ်နာခံရမယ့် စိတ်မျိုးက စာပေထဲကရခဲ့တယ်။ ဥပမာ၊ ဆရာမကြီးဒေါ်ခင်နှင်းယုရေးတဲ့ “လူဆိုတာ ကိုယ်ကျိုးစွန့်တဲ့စိတ်နဲ့ အများအတွက် အနစ်နာခံတဲ့စိတ်ကလေးမှ မပါရင် အခြားသတ္တဝါတွေနဲ့ ဘာထူးမှာလဲ” ဆိုတဲ့ “မွှေး” ဝတ္ထု ထဲက စာသားတွေလိုမျိုး၊ ဆရာမ ဒေါ်ခင်ဆွေဦးရဲ့ “ ငှက်တွေက ပျံနေရင်းနဲ့သေတယ်။ လူတွေ ကြံရင်းနဲ့ သေမယ်” ဆိုတဲ့ ခွန်အားပါတဲ့ စာသားတွေက ကျမ ဘဝမှာ ပရဟိတထဲကိုရောက်ဖို့ တွန်းအားပေးခဲ့ တာပါ။
ပရဟိတကို ပထမဆုံး အများနဲ့ ထဲထဲဝင်ဝင်လုပ်တာက မိဘမဲ့ကလေးတွေကျောင်းနဲ့ အနာကြီးရောဂါစခန်းလုပ်တယ်။ ပြီးတော့ စိတ်ရောဂါဆေးရုံကြီးမှာ ကုထုံးသစ်တွေရှာတယ်။ နောက် နာရေးကူညီမှုအသင်း စတင်ဖွဲ့စည်းတဲ့ အချိန်ကတည်းက ဆရာကြီး ဦးသုခ၊ ဦးအောင်သင်းတို့ စဖွဲ့ကတည်းက ၂၀၀၁ခုနစ် ကိုကျော်သူ၊ မရွှေဇီးကွက်တို့ ပါလာကြတယ်။ အခုချိန်ထိ ဆက်လုပ်နေ တုန်း ပဲ။ ၂၀၀၀ခုနစ်ကတည်းက “အောင်မြေ” ဆိုတဲ့ ပညာဒါနကျောင်းလေး၊ ဆယ်တန်းတခုတည်း သင်တယ်။ အရမ်း စာသင် တာဝါသနာပါတဲ့ ဆရာလေး ကိုစိုးမင်းတို့နဲ့ တွဲလုပ်တယ်။ မိဘမဲ့ကလေး ပြုစုပျိုးထောင်တယ်။ မိဘမဲ့ဂေဟာတွေ၊ ကျောင်းတွေ ပို့တယ်။
မေး။ ။ မိဘမဲ့ကလေးတွေကို ဘယ်လိုပြုစုပါသလဲ။
ဖြေ။ ။ အရင်တုန်းက မိဘမဲ့ကလေးတွေရှိတဲ့ကျောင်းတွေ သင်တန်းကျောင်းတွေမှာ သွားပြီး လုပ်အားပေးတယ်။ မိဘမဲ့ကလေး
ထိန်းသိမ်းတဲ့ အစိုးရသင်တန်းကျောင်းရော၊ ပရဟိတ သင်တန်းကျောင်းတွေရော၊ ၁၉၈၈- ၈၉ အမျိုးသမီးကလေးများ သင်တန်း ကျောင်း၊ လူမှုဝန်ထမ်းဌာနက ၆ နှစ်ကနေ ၁၈နှစ် ကလေးတွေကို ကျမတတ်တဲ့ အပ်ချုပ်သင်တန်း သွားသင်ပေးတယ်။ သုံးလပေါ့။ နောက် တခြားမိဘမဲ့ကျောင်းတွေမှာ ကလေးတွေကို သန့်ရှင်းရေးလုပ်ပေးတာ၊ ကဗျာသင်ပေးတာတွေလုပ်တယ်။ မိဘမဲ့ကလေးတွေ ကိုယ့်ဆီရောက်လာရင် ကျောင်းကို ပို့ပေးတာတွေ လုပ်ပေးတယ်။
၂၀၀၄ ခုနစ်ကျတော့ HIV ပိုး ကူးစက်ခံရတဲ့ မိဘမဲ့ကလေးတွေကို တွေ့တော့ မိဘမဲ့ကျောင်းတွေက သူတို့ကိုမွေးဖို့ အဆင်သင့်မဖြစ်ဘူး။ ၂၀၀၅-၂၀၀၆ခုနစ်ကတည်း ကျမကြိုးစားလိုက်တာ HIV ကူးစက်ခံရတဲ့ မိဘမဲ့ကလေးငယ်တွေကို ကျမတို့စုပြီးတော့ စာရေး ဆရာမ ဂျူး၊ စာရေးဆရာမ စုထား၊ ရွှေဗဟိုအထူးကု ဆေးရုံကြီးက ဒေါက်တာဒေါ်ခင်မေစု၊ နာရေးကူညီမှုအသင်းက ဒေါ်ရွှေဇီးကွက်၊ အမေရိကန်စင်တာက ဆရာကြီးဦးအေးမင်း၊ နောက်ပြီး သတင်းမီဒီယာတွေ ပေါ့။ စာပေလောကက သတင်းမီဒီယာ သမားတွေ စုပြီး သုခရိပ်မြုံ HIV ကူးစက်ခံရသည့် ကလေးများဂေဟာကို ထူထောင်ဖြစ်တယ်။
၂၀၁၀ခုနစ်မှာတော့ ခိုကိုးရာမဲ့ နာမကျန်းဘိုးဘွားတွေအတွက် “ဆည်းဆာရိပ်” ဂီလာနဘိုးဘွားရိပ်သာ ထူထောင်ဖြစ်တယ်။ ဘိုးဘွားရိပ်သာကလည်း နာရေးကူညီမှုအသင်းမှာ လုပ်ရင်းနဲ့ အသုဘတွေသယ်ရင်းနဲ့ အသက်၈၀ကျော် လေဖြတ်နေတဲ့အမေအိုကြီးကို ၅၀ ကျော် တဦးတည်းသောသားက ပြုစုနေတယ်။ အမေအိုက လေဖြတ်ထားတော့ ဆီးတွေဝမ်းတွေမသိမ်းနိုင်၊ ယင်ကောင်တွေနဲ့။ သူ့ဟာသူ ဘာမှမလုပ်နိုင်ဘူး။ သားက အမေကို တကိုယ်ရေသန့်ရှင်းရေးတွေ လုပ်ပေးတယ်။ ဒီလိုနဲ့ နာရေးဖြစ်တော့ ကျမသွား
သယ်တယ်။ နာရေးဖြစ်တဲ့သူက အမေအို မဟုတ်ဘဲနဲ့ ပြုစုတဲ့ သားဖြစ်သူက ဦးနှောက်သွေးကြောပြတ်ပြီး သေတာ။ သားကို သင်္ဂြိုဟ် တော့ အမေအိုကို ပြုစုမယ့်သူမရှိတော့ဘူး။ ဒီလိုလူတွေအများကြီးဆိုတော့ ကိုယ့်ကိုယ်ကိုယ် မစွမ်းဆောင်နိုင်တော့တဲ့ သက်ကြီး ဘိုးဘွားတွေအတွက် ကြိုးစားရင်းနဲ့ နောက်ပိုင်းမှာ ဂီလာနဘိုးဘွားရိပ်သာ ထူထောင်နိုင်ခဲ့တယ်။
အဲဒီလိုပြောမယ်ဆိုရင်တော့ ကျမက ကိုယ့်လက်တကမ်းမှာမြင်ရတဲ့ လူမှုဒုက္ခတွေကို ဝိုင်းဖြေရှင်းတဲ့နေရာမှာ သူများလုပ်ပြီးသားရှိရင် လုပ်ပြီးသားကို ဝိုင်းပံ့ပိုးလိုက်တယ်။ လုပ်ပြီးသားမရှိတဲ့အခါကျတော့ ကိုယ်ကိုယ်တိုင်ပဲ ကိုယ့်ရဲ့ အပေါင်းအသင်းတွေ၊ ကိုယ်လို လူမှုရေးစိတ်ပါဝင်စားတဲ့သူတွေ အလှူရှင်တွေ ပေါင်းပြီး ဆောင်ရွက်တယ်။ အခုဆိုရင်လည်း နာရေးကူညီမှုအသင်းမှာလည်း မျိုးဆက်သစ်တွေကို ပရဟိတတွေ သင်ပေးနေတယ်။ ပြီးတော့ “အောင် ဖောင်ဒေးရှင်း” ဆိုပြီးတော့ လူမှုဝန်းကျင်နဲ့ ပရဟိတကျောင်း တခု ဖွင့်ထားတယ်။ အဲဒါကလည်း ဓာတ်မှန်ဆရာဝန်ကြီး ဒေါက်တာဦးစောကျော်အောင်က ကျမနေဖို့အတွက် သူ့အိမ်နဲ့ခြံကို လှူထားတယ်။
အဲဒီနေရာမှာ “အောင် ဖောင်ဒေးရှင်း” ဆိုပြီး မြန်မာနိုင်ငံအရပ်ရပ်မှာရှိတဲ့ ပရဟိတ အဖွဲ့အစည်းတွေကို စွမ်းရည်မြှင့်တင်ရေး သင် တန်းပေါ့။ သွေးလှူတဲ့အဖွဲ့၊ သဘာဝပတ်ဝန်းကျင်တွေ၊ သာရေးနာရေး၊ ပညာဒါနဆိုရင်လည်း ပရဟိတသမားတွေက သူ့ဟာနဲ့သူ နားလည်ရမယ်။
ကျမတို့ မြန်မာနိုင်ငံက ဒီမိုကရေစီနိုင်ငံကို ထူထောင်ပြီဆိုတော့ ကျမတို့ ပရဟိတသမားတွေက အရာရာကို နားလည်ဖို့ ကျွမ်းကျင်ဖို့လိုလာပြီ။ ပညာရေးပတ်သက်တဲ့သူကလည်း သဘာဝပတ်ဝန်းကျင်ကို ကျွမ်းကျင်ရမယ်။ သာရေးနာရေးနဲ့ ပတ်သက်တဲ့သူ က လည်း ပညာရေးကို သိရမယ်။ ပညာရေးဆိုတာဘာလဲ အခု လုပ်နေကြတဲ့ ပညာရေးပြုပြင်ပြောင်းလဲမှု၊ ယဉ်ကျေးလိမ္မာလူငယ်တွေ
ကို ပြည်သူ့နီတိ ဘယ်လို သင်ကြားရမယ်။ ပြီးတော့ သတင်းမီဒီယာကအစ သိရမယ်။ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ပရဟိတအဖွဲ့အစည်းတွေကို တဖွဲ့ကို နှစ်ယောက်လောက် ခေါ်ပြီးတော့ ပေါင်းပြီးတော့ ကျွမ်းကျင်ပညာရှင်တွေနဲ့ ချိတ်ဆက်ပြီး ပရဟိတစွမ်းရည် မြှင့်တဲ့သင်တန်းကို အောင်ဖောင်ဒေးရှင်းကနေ သင်ပေးနေပါတယ်။
မေး။ ။ “အောင် ဖောင်ဒေးရှင်း” မှာ ဘယ်သူတွေက သင်ကြားပေးပါသလဲ။
ဖြေ။ ။ သဘာဝပတ်ဝန်းကျင်ဆိုရင်တော့ ဒေါ်ဒေဝီသန့်စင်၊ ဆရာကြီး ဦးထွန်းလွင်၊ ဆရာအော်ပီကျယ်၊ ဆရာ ဦးမြင့်ဇော်၊ ဆရာမ ဂျူးတို့ သင်တယ်။ ပြီးတော့ ယဉ်ကျေးလိမ္မာကတော့ သံဃာတော် ဆရာတော်တွေပါမယ်။ ဓမ္မဗျူဟာက ဆရာမ အေးအေး သန့်တို့..၊ ကျန်တာလည်း ဒီလိုပါပဲ၊ သူ့အပိုင်းနဲ့သူပေါ့။
မေး။ ။ အောင်ဖောင်ဒေးရှင်းကို ဘယ်နှခုနှစ်က စပြီး ထူထောင်ခဲ့တာလဲ။
ဖြေ။ ။ ၂၀၁၀ခုနစ်က စခဲ့တာပါ။ ဓာတ်မှန်ဆရာဝန်ကြီး ဦးစောကျော်အောင် ကတော့ “သန်းမြင့်အောင်ဖောင်ဒေးရှင်း” ဆိုပြီး တည်ထောင်ဖို့ပေါ့။ ကျမကတော့ သန်းမြင့်အောင် မရှိလည်း အများပိုင်နာမည်ဖြစ်တဲ့ “အောင် ဖောင်ဒေးရှင်း” က ရှိမှာပဲ၊ ဦးစောကျော်အောင် မရှိလည်း “အောင် ဖောင်ဒေးရှင်း” က ရှိရမှာပဲ။ နေရာက ၄၇ ရပ်ကွက် မြောက်ဒဂုံမှာပါ။
မေး။ ။ အောင်ဖောင်ဒေးရှင်းက သင်တန်းတွေကို ဘယ်လို ကာလအပိုင်းအခြားနဲ့ ပေးနေပါသလဲ။
ဖြေ။ ။ သင်တန်းတကြိမ်ကို တပတ်ပဲကြာပါတယ်။ မြန်မာပြည်အရပ်ရပ်မှာရှိတဲ့ ပရဟိတအဖွဲ့အစည်းတွေခေါ်ပြီး လုပ်ပေးတာပါ။ ပုံမှန်ကတော့ ပရဟိတအဖွဲ့အစည်းအစုံပေါ့။ အဖွဲ့အစည်းအစုံကို တနှစ်မှာ လေးကြိမ်လုပ်တယ်။ သီးသန့်တဖွဲ့စီကတော့ အမြဲရှိပါတယ်။ သင်တန်းကာလအတွင်းမှာတော့ “အောင် ဖောင်ဒေးရှင်း” မှာပဲ စခန်းသွင်းပြီးတော့ သင်ပါတယ်။
မေး။ ။ အောင်ဖောင်ဒေးရှင်းကို ဘယ်လိုရပ်တည်ရပါသလဲ၊ ရန်ပုံငွေအတွက် ဘယ်လိုရှာဖွေပါသလဲ။
ဖြေ။ ။အောင်ဖောင် ဒေးရှင်းမှာသုံးတဲ့ငွေက ဘယ်ကိုမှ အလှူခံခြင်းမရှိပါဘူး။ ကျမ စာရေးလို့ရတဲ့ ပိုက်ဆံ၊ ကျမ စာပေဟောပြောပွဲတွေကနေရတဲ့ ပိုက်ဆံ၊ ကျမ စာအုပ်ကို Aung Publishing House ကနေပြီးတော့ “အောင် ဖောင်ဒေးရှင်း” တာဝန်ခံ ကိုရဲဝင်းဇော်က ပြန်ထုတ်တယ်။ စာအုပ်ပြန်ရောင်းလို့ရတဲ့ပိုက်ဆံနဲ့ လုပ်တာပါ။ သင်တန်းလုပ်တဲ့အချိန်မှာ အလှူရှင်တွေက သဒ္ဓါပေါက်ပြီး သင်တန်းမှာ အလှူ လာထည့်သွားတာတော့ ရှိပါတယ်။ ကျန်တာ ကျမကိုယ်တိုင် ချွေးနည်းစာနဲ့ လုပ်ပါတယ်။
မေး။ ။ သုခရိပ်မြုံ၊ HIV ကူးစက်ခံရတဲ့ မိဘမဲ့ကလေးဂေဟာမှာ ကလေးတွေ ဘယ်လောက်ရှိနေပြီလဲ။
ဖြေ။ ။ ကလေးတွေ ၁၁၆ ယောက်ရှိသွားပါပြီ။ ကလေးတွေက ART သောက်နေပါတယ်။ အဲဒီကလေးတွေ ပညာရေး၊ ကျန်းမာ ရေး အားလုံးကအစ ကျမတို့ တာဝန်ယူထားပါတယ်။ အခု ကျောင်းတက်နေတဲ့ကလေး အယောက် ၉၀ရှိနေပြီ။ ၁၂ နှစ်အောက် ကလေးကိုသာ လက်ခံပေမယ့် အခု အကြီးဆုံးက ၁၇နှစ် တောင် ရှိနေပါပြီ။ အထက်မြန်မာပြည်က HIV ပိုး ကူးစက်ခံရတဲ့ ကလေး တွေ ရန်ကုန်ကိုလာပို့တဲ့အခါမှာ ရာသီဥတုအပြောင်းအလဲကို ကလေးတွေရဲ့ ကိုယ်ခံအားက ဒဏ်မခံနိုင်တော့ ကလေးတွေ ဆုံးရှုံးမှုရှိတယ်။ ဆုံးရှုံးမှုရှိတဲ့အတွက်ကြောင့်မို့လို့ မန္တလေးမှာ သုခရိပ်မြုံ စ,ခွဲထားပါတယ်။ မန္တလေး သုခရိပ်မြုံရဲ့ အမှုဆောင်အဖွဲ့နဲ့ သူ့ဟာသူ ရပ်တည်တာပါ။ ရန်ကုန် သုခရိပ်မြုံရဲ့ လက်အောက်ခံ မဟုတ်ဘူး။ သူဟာနဲ့ သူရန်ပုံငွေရှာပါတယ်။ အခု မန္တလေးမှာတော့ ကလေး ၂၇ယောက် ရှိသွားပြီ။ မနှစ်ကတည်းက စခဲ့တာပါ။
မေး။ ။ဆည်းဆာရိပ် ဂီလာန ဘိုးဘွားရိပ်သာမှာရော ဘိုးဘွားဘယ်နှယောက်ရှိလဲ။ ဘိုးဘွားတွေကို ဘယ်လိုသတ်မှတ်ပြီး လက် ခံ ပါသလဲ။
ဖြေ။ ။ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာက အသက်ကြီးတဲ့သူ နောက်ဆုံး ထွက်သက်ကို ရင်ဆိုင်နေရတဲ့သူကို အဓိက ခေါ်ထားတာပါ။ အဲဒါကြောင့် ဝင်လိုက်ထွက်လိုက်ပါပဲ။ ထွက်တယ်ဆိုတာ အသေထွက်တာပေါ့။ အခု ဘိုးဘွားရိပ်သာမှာတော့ ၇၁ယောက် ရှိပါတယ်။ လက်ရှိ ဘိုးဘွားရိပ်သာမှာခေါ်ထားရမယ့် သက်ကြီးဘိုးဘွား ၅၀ကျော်ရှိတယ်။ ဒါပေမယ့် အဆောက်အဦးနဲ့နေရာကြောင့် မှေးထားရတယ်။
မေး။ ။ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာ ပြုစုစောင့်ရှောက်သူတွေ ဘယ်နှယောက်လောက် ရှိသလဲ။
ဖြေ။ ။ ဆရာမတွ ၄၃ ယောက်လောက် ရှိပါတယ်။
မေး။ ။ ဆရာမအနေနဲ့ အဲဒီအတွက်ရော အလှူငွေကို ဘယ်လို ရှာဖွေ လက်ခံရရှိပါသလဲ။
ဖြေ။ ။ အလှူခံတယ်ဆိုတာကတော့ နာရေးကူညီမှုအသင်းက အများလာလှူတဲ့ အလှူလေ။ ဆည်းဆာရိပ်လည်း အများအလှူငွေပဲ။ ပြီးတော့ ကျမက စာရေးတယ်။ စာရေးတော့ ဆည်ဆာရိပ်ထူထောင်ခါနီးမှာ ဂီလာနဘိုးဘွားတွေနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့ အတွေ့အကြုံကိုရေးတယ်။ စာရေးတဲ့သူတယောက်ဆိုတော့ စာရေးခြင်းဟာ ပရဟိတကို အထောက်အကူပြုသလို ပရဟိတ လုပ်ငန်း ကလည်း စာရေးခြင်းကို အထောက်အကူပြုတယ်။ ကျမက စာရေးခြင်းအားဖြင့် အလှူရှင်တွေကို စာပေကနေတဆင့် ဆက်သွယ်လိုက်တယ်ပေါ့။
မေး။ ။နာရေးကူညီမှုအသင်းမှာရော စေတနာ့ဝန်ထမ်း ဘယ်လောက်ရှိနေပြီ လဲ။ ဆရာမတို့ ကိုယ်တိုင် သင်္ဂြိုဟ် ပေးခဲ့တာတွေ ရှိခဲ့ဖူးလား။
ဖြေ။ ။ နာရေးကူညီမှုအသင်း စတည်ထောင်တာက ၂၀၀၁ခုနစ်ကပါ။ ၂၀၀၁ ခုနစ် ကနေ ၂၀၀၂ ခုနစ်ထိ စေတနာ့ ဝန်ထမ်းက တော်တော်နည်းသေးတယ်။ ကိုကျော်သူတို့ မရွှေဇီးကွက်တို့ ကျမတို့ ကိုယ်တိုင်သယ်ရတာ များပါတယ်။ ၂၀၀၃ ခုနစ်ကမှစပြီး စေတနာ့ဝန်ထမ်းက များလာတယ်။ အခုဆိုရင် မြန်မာတပြည်လုံး နာရေးကူညီမှုအသင်း ၁၀၀ကျော်နေပြီ။ ကျမတို့ တယောက်ချင်းသင်္ဂြိုဟ် ခဲ့တာက မရှိဘူးဆိုရင်တောင် ၄၀၀၊ ၅၀၀ လောက်ရှိပါတယ်။
မေး။ ။ ဆရာမ မလေးရှားမှာ စာပေဟောပြောပွဲသွားလုပ်ခဲ့ပြီး အဲဒီမှာ သွေးလှူရှင်အသင်းတခု တည်ထောင်ပေးခဲ့တယ် လို့ သိရပါတယ်။ အဲဒီအကြောင်း နည်းနည်းလောက် ပြောပြပေးပါလား။
ဖြေ။ ။ မလေးရှား၊ ကွာလာလမ်ပူမှာ နှလုံးလှ ပရဟိတ သွေးလှူရှင်များ အသင်းပါ။ ကိုယ့်အမိမြေကနေ ခွာပြီးတော့မှ တခြားနိုင်ငံ မှာ အလုပ်သွားလုပ်တဲ့အခါမှာ မြန်မာလူမျိုးတွေ စည်းလုံးဖို့လိုပါတယ်။ စည်းလုံးကြတဲ့ အင်အားကလည်း ပျော်ပျော် ရွှင်ရွှင် နဲ့ နေထိုင်တတ်ဖို့လိုတယ်။ စုစုစည်းစည်း ပျော်ရွှင်တဲ့အခါမှာလည်း မိမိကို အကျိုးယုတ်စေသော၊ မိမိ ဝင်ငွေကို အလဟဿဖြစ်စေတဲ့ မိမိကျန်းမားရေးကို ယုတ်လျော့စေတဲ့ ပျော်ရွှင်မှုမျိုးထက်ကို မိမိ ကျန်းမာရေးကိုလည်း ထိန်းသိမ်းပြီးသားဖြစ်၊ သူများကျန်းမာရေးကို စောင့်ရှောက်ရာလည်းရောက်တဲ့ မွန်မြတ်တဲ့ပရဟိတမှာ ပျော်မွေ့တာ ကောင်းတယ်လေ။ အဲဒါကြောင့် နှလုံးလှ ပရဟိတ သွေးလှူရှင်အဖွဲ့ ဖွဲ့ခဲ့တာပါ။
မေး။ ။ မျိုးဆက်သစ် ပရဟိတလူငယ်တွေကိုရော ဘာပြောချင်ပါသလဲ။
ဖြေ။ ။ လူငယ်တိုင်းကို ပရဟိတစိတ် မွေးစေချင်ပါတယ်။ လူငယ်တိုင်းက စိတ်ဖြူစင်ပါတယ်။ အရမ်းကို ကူညီချင်စိတ်ရှိတယ်။ ကိုယ်ကိုယ်ကိုယ်လည်း ပရဟိတလုပ်ဖြစ်တာ သိချင်မှသိကြမှာပါ။ အများကို ကူညီတဲ့သူဟာ ပရဟိတလုပ်တာပဲလေ။ လူငယ်တွေကို အများကိုကူညီတဲ့ မျိုးဆက်သစ်ပရဟိတသမားလေးတွေ ဖြစ်စေချင်တယ်။ ပြီးတော့ လူငယ်တိုင်းကို စာဖတ်စေချင်တယ်။ အများအကျိုးကို ဆောင်ရွက်တဲ့ ပရဟိတ လုပ်ငန်းတွေလုပ်စေချင်ပါတယ်။ အနိမ့်ဆုံး ကိုယ့်ရဲ့ ကိုယ်ပိုင်အားလပ်ချိန်ကို အများနဲ့ပတ် သက်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နိုင်သလောက် ဆောင်ရွက်စေချင်တယ်။ မိမိအချိန်တွေကိုလည်း အခြားနေရာ မှာမသုံးဘဲနဲ့ အကျိုးရှိတဲ့အလုပ်ကို လုပ်စေချင်တယ်။ မိမိ တကိုယ်ရည်ပြည့်ဝဖို့အတွက် ပရဟိတလုပ်ဖို့ဆိုတာ အတ္တဟိတ ကိုယ့်ကိုယ်ကိုယ် အရည်အသွေးပြည့်ဖို့လိုတယ်။ ကိုယ့်ကိုယ်ကိုယ် အရည်အသွေးပြည့်ဖို့ဆိုတာ ဗဟုသုတပြည့်ဖို့ လိုပါတယ်။ စာဖတ်လေ့လာအားလိုတယ်။ လူငယ်တိုင်း သွေးကောင်းသွေးသန့်နဲ့ သူများအသက်ကို ကယ်စေချင်တယ်။ လူငယ်တိုင်း ၁၈ နှစ် ပြည့်သူတိုင်း သွေးလှူရှင် အဖြစ်မြင်ချင်တယ်။ သွေးလှူတဲ့ ပရဟိတတော့ လုပ်စေချင်တယ်။
မေး။ ။ ပြည်သူ့ဂုဏ်ရည်ဆု ရတဲ့အပေါ် ပြောပေးပါဦး။
ဖြေ။ ။ ပြည်သူ့ဂုဏ်ရည်ဆုလို့ ကျမမျှော်မှန်းပြီး လုပ်တာမဟုတ်ဘူး။ ကျမဝါသနာအရ လုပ်တာပါ။ နောက်တခါ ပြည်သူ့ဂုဏ် ရည် ဆုက အမေရိကန်ပြည်ထောင်စုမှာနေကြတဲ့ မြန်မာနိုင်ငံသားတွေ၊ နောက် ကိုးရီးယားမှာနေတဲ့ မြန်မာနိုင်ငံသားတွေရှိတယ်။ အဲဒီ ပြည်ပမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေက မြန်မာနိုင်ငံမှာရှိတဲ့ လူမှုဒုက္ခကိုကယ်တင်တဲ့ ပရဟိတသမားတွေကို ပြည်ပ ကနေစောင့်ကြည့်ပြီး ဆုရွေးချယ်ရေးအဖွဲ့ဖွဲ့ပြီး ပေးလိုက်တယ်။ ကျမတို့အနေနဲ့ ကျေးဇူးလည်းတင်တယ်။ ဝမ်းလည်းသာတယ်။
ဘာလို့လဲဆိုတော့ ငါ့တို့မြန်မာတွေဟာ အကြောင်းကြောင်းကြောင့် ကိုယ့်နိုင်ငံအတွင်းမှာမနေရဘဲ တချို့က နိုင်ငံအတွင်း အလုပ် အကိုင်ရှားပါးလို့၊ တချို့က နိုင်ငံရေးကြောင့်မို့လို့ မြန်မာနိုင်ငံထဲမှာ မနေနိုင်လို့ထွက်ရတယ်။ ဘယ်လိုပုံစံပဲဖြစ်ဖြစ် မြန်မာပြည်ကိုမချစ်လို့ ထွက်သွားတာမဟုတ်ဘူး။ မြန်မာပြည်ရဲ့ ဒုက္ခတွေ မြင်နေ တွေ့နေ ကြားနေရတော့ သူတို့ကိုယ်တိုင် မြန်မာပြည်ထဲမှာ မရှိတော့ ပြည်တွင်းမှာရှိတဲ့သူတွေက အဲဒီဒုက္ခတွေ ကယ်တင်နေတာကို ကြည့်ပြီးတော့ အားပေးတာပေါ့။ ဒီလူတွေ အလုပ်ပိုမြန်မြန် လုပ်နိုင်အောင် ဆုကြေးငွေလည်းပါပါတယ်။ မြန်မာပြည်အတွင်းလုပ်နေတဲ့သူကို သူတို့က နောက်ကနေ ထောက်ပံ့နေတယ်ပေါ့။ ။