ကလေးတို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့ စိတ်ကလေးတွေ ရှိလာအောင်၊ ကိုယ့်စိတ်ကိုယ် ထိန်းချုပ်တတ်လာအောင် စိတ်ဉာဏ် ရည် မြင့်မားလာအောင်လို့ ကလေးတွေကို ဘယ်လို လေ့ကျင့်ပေးရမယ်ဆိုတဲ့ အကြောင်းကို ဧရာဝတီမှာ ကျမ တော်တော်များများ ရေးခဲ့ပြီးပါပြီ။ ဒီတပတ်တော့ ကလေးများနဲ့ အကြောက်တရား အကြောင်းကို ကျမ ရေးချင်ပါတယ်။
ကျမတို့ပတ်ဝန်းကျင်မှာ ကလေးက အကြောက်ရှိမှ လိမ္မာမှာဆိုတဲ့ စကားကို လူတော်တော်များများ ဆီကနေ ကြားနေရတတ် ပါတယ်။
“အဖေနဲ့ အမေ တယောက်ယောက်ကိုတော့ ကြောက်အောင် လုပ်ထားမှ”၊ “သားက ကျမကို သိပ်ကြောက်တာ” ဆိုတာ တွေက ကျမတို့ ဝန်းကျင်မှာ အမြဲတစေ ကြားနေရတဲ့ စကားတွေ ပါပဲ။ ကလေးတို့ကို လိမ္မာအောင်လို့ အကြောက်နဲ့ အုပ်ချုပ်မှ ရမယ် ဆိုတဲ့ အတွေးက လူ တော်တော်များများ ဆီမှာ ရှိနေကြပါတယ်။
ကလေးကို တုတ်နဲ့ မရိုက်ရဘူး ဆိုတာကို သိထားကြတဲ့ မိဘ၊ ဆရာများတောင်မှ ကလေး ကိုယ့်ကို ကြောက်အောင်လို့ အော်ငေါက်တာမျိုး၊ ငရဲနဲ့ ခြောက်တာမျိုး၊ သရဲနဲ့ ခြောက်လှန့်တာမျိုး၊ အကောင်တွေနဲ့ ခြောက်လှန့် တာမျိုးတွေ လုပ်တတ်ကြ ပါတယ်။ ခြောက်လှန့်ပြီးတော့ ကြောက်အောင် မလုပ်ရင် ကလေးတို့ ဘယ်လို လိမ္မာတော့ မလဲလို့ ထင်စရာပါပဲ။ အမှန်တော့ လူကြီးကို ကြောက် လို့၊ တစုံတခုကို ကြောက်လို့ ကလေးတို့ လိမ္မာရတာ၊ လိုက်နာရတာမျိုးထက် လုပ်သင့်လုပ်ထိုက်တာ၊ မလုပ်သင့် မလုပ် ထိုက် တာကို ကလေးတို့ ကိုယ်တိုင် တကယ်သိပြီးတော့ လိုက်နာတာမျိုးကမှသာ ကလေး အနာဂတ်ကို ပိုကောင်းစေတာပါ။
ကျမတို့ ဝန်းကျင်မှာ ကလေးကို ဘာကြောင့် ဒါကိုတော့ လုပ်သင့်တယ်၊ ဒါကိုတော့ ဘာကြောင့် မလုပ်သင့်ဘူး ဆိုပြီး ရှင်းပြတာမျိုးထက် ငရဲကြီးမယ် မလုပ်နဲ့၊ ကုလားကြီး လာဖမ်းလိမ့်မယ် စသဖြင့် ခြောက်လှန့် ပြောဆိုကြတာ များပါတယ်။ ဥပမာ – ကလေးက လူကြီးဆံပင်ကို ဆွဲတယ် ဆိုပါတော့။
“မီးမီး မေမေ့ဆံပင်ကို အဲဒီလို မဆွဲရဘူး။ ဆံပင်တွေ ဆွဲတော့ မေမေ နာတယ်။ နာတာကို မီးမီး ကြိုက်လား။ မကြိုက်ဘူး မဟုတ် လား။ မေမေလည်း နာတာကို မကြိုက်ဘူး” စသဖြင့် သင်ပေးရပါမယ်။ ဒီသင်နည်းဟာ ကလေး ကိုယ်တိုင်က နာမှာကို ကြောက် သလို၊ သူများကိုလည်း နာအောင်မလုပ်ရဘူး ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေးကို ကလေးရင်ထဲ ရောက်အောင် သင်ပေးလိုက် ခြင်းပါပဲ။
အဲဒီလို မဟုတ်ဘဲ “မီးမီး၊ လူကြီး ဆံပင်ကို မဆွဲရဘူး။ ငရဲကြီးတတ်တယ်” လို့ လူကြီးက ပြောမယ် ဆိုရင်ဖြင့် သဘာဝအရ စပ်စု တတ်သူ ကလေးက ဒီလောက်နဲ့ မရပ်တာမို့ “ငရဲကြီးတယ် ဆိုတာ ဘာလဲ” လို့ ဆက်မေး ပါလိမ့်မယ်။
အဲဒီအခါမှာတော့ ငရဲကြီးတယ် ဆိုတာ ဒယ်အိုးကြီးထဲကို ဆီတွေထည့်ပြီး ဆီပူနဲ့ ကြော်တာ ကစလို့၊ လှံကြီးတွေနဲ့ ငရဲသားက ထိုးတာ မျိုးအထိ လူကြီးက ပြောပါတော့တယ်။ လူကြီးများရဲ့ စိတ်မှာတော့ ဒီလို ပြောလိုက်ခြင်းဟာ ကလေး လိမ္မာအောင်လို့ ဆုံးမလိုက်ခြင်းပဲလို့ ထင်ပြီးတော့ ပြောလိုက်တာပါပဲ။ ဒါပေမယ့် ကလေးတို့ရဲ့ အတွေးကမ္ဘာဟာ အင်မတန်မှ နူးညံ့ဆန်းပြားလွန်း တာမို့ သူတို့ရဲ့ ရင်ထဲက ငရဲကိုကြောက်တဲ့ စိတ်ကြီးဟာ ညအိပ်ရာဝင်ချိန်မှာ အိပ်မက်ဆိုးတွေ မက်တဲ့အထိ သူတို့ကို လွှမ်းမိုးသွားတော့ တာပါပဲ။
လူကြီးကို လုပ်ရင် ငရဲ ကြီးတယ်လို့ အမေက ပြောထားတာမို့ ကလေးဟာ လူကြီးကိုတော့ ဆံပင်ဆွဲတဲ့ အလုပ်ကို ဘယ်တော့မှ မလုပ်တော့ပါဘူး။ ဒါပေမယ့် ရွယ်တူများနဲ့ ကိုယ့်ထက်ငယ်တဲ့ ကလေးများကိုတော့ ဆံပင်ဆွဲတာ၊ ဆောင့်တွန်းတာ၊ ရိုက်ပစ်တာမျိုးတွေကို ဆက်လုပ် နေဆဲပါ။
အဲဒီလိုပဲ ကြောင်ကြီး ကိုက်လိမ့်မယ်၊ ဒေဝေါကြီး လာပြီ၊ အမှောင်ထဲမှာ ထားလိုက်ရမလား၊ အခန်းထဲမှာ ပိတ်ထားမှာနော် စသဖြင့် ခြောက်လှန့်တာ ၊ ဒဏ်ပေးတာမျိုးတွေဟာလည်း ကလေးရင်ထဲမှာ အကြောက် တရားတွေ ဝင်အောင်လို့ လုပ်ပေးနေတာတွေ ပါပဲ။ လူကြီးကို ကြောက်ရလို့ပဲ ဖြစ်ဖြစ်၊ တခုခုကို ကြောက်လို့ပဲ ဖြစ်ဖြစ် အကြောက်တရားကြောင့် ကလေးက ကိုယ်ပြောလိုက်တဲ့ စကားကို နားထောင်ကောင်း ထောင်သွား ပါလိမ့်မယ်၊ ဒါပေမယ့် ဒါဟာ ကလေးရင်ထဲမှာ မလုပ်သင့်၊ မလုပ်ရမယ့် အရာပါလားလို့ သိနားလည် သွားပြီးတော့ မလုပ်တာ မဟုတ်တဲ့ အတွက် လူကြီးကွယ်ရာမှာ ခိုးလုပ်တာမျိုး တွေလည်း ဖြစ်တတ် ပါတယ်။
အဆိုးဆုံးကတော့ အကြောက်တရားနဲ့ အုပ်ချုပ် ခံထားရတာကြောင့် ကလေးများဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်၊ ကိုယ့်ကိုယ် ကိုယ် ကိုးကွယ်စိတ် လျော့နည်းလာတော့တာ ပါပဲ။
ကလေးတယောက် (လူတယောက်) အတွက် ကြောက်စရာ အကောင်းဆုံးအရာဟာ ကြောက်စိတ် ပါပဲ။ ကြောက်စိတ်ဟာ ကျမတို့ကို လူညွန့်တုံးစေ သလို၊ အမှားအမှန်ကိုလည်း ခွဲခြား မသိမြင်စေနိုင်တော့ ပါဘူး။ ကြောက်စိတ်ကြောင့် လူဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု (Self confidence) လျော့နည်းစေ ပါတယ်။ ကြောက်စိတ်ဟာ လူရဲ့ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင် ပျော်ရွှင်တတ်တဲ့ စိတ် (Self esteem) ကိုလည်း ခြေမွဖျက်ဆီး ပစ်လိုက်နိုင်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် မယုံကြည်နိုင်၊ ကိုယ့်ဘဝကို အကောင်းမမြင်နိုင် မပျော်ရွှင်နိုင်တဲ့ ကလေးများ (လူများ) ဟာ သူတပါးပေါ်မှာ မရှုစိမ့်၊ မနာလို ဖြစ်တတ် ကြပါတယ်။ တာဝန်ယူချင်စိတ်လည်း နည်းတတ်ကြပါတယ်။ ကိုယ့်အမှားကိုယ် ဝန်မခံတတ်ကြသလို၊ ကိုယ့် ရဲ့ အပြစ်နဲ့ ကိုယ့်ရဲ့တာဝန်ကို တခြားသူတွေ အပေါ်မှာ လွှဲချတတ်၊ အပြစ်တင်တတ်တဲ့သူများ ဖြစ်တတ်ကြပါတယ်။ အဆိုးဆုံးက တော့ လိမ်တတ်၊ ညာတတ်၊ မျက်နှာလို မျက်နှာရ လုပ်တတ် လာကြတာပါပဲ။
ကျမတို့ လူမှုဝန်းကျင်မှာ တာဝန်ယူဖို့ ဝန်လေးတဲ့သူ၊ ကိုယ့်အပြစ်ကို သူများအပေါ် လွှဲချတတ်သူများကို လေ့လာကြည့်မယ် ဆိုရင်ဖြင့် ထိုသူများဟာ အင်မတန်ကြောက်စိတ် များကြတာကို တွေ့ကြရမှာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်၊ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင် ပျော်ရွှင်တဲ့ စိတ်တွေလည်း လျော့နည်းနေကြတာကို တွေ့ကြမှာပါပဲ။
ကြောက်စိတ်ကြောင့် ရိုးသားတဲ့၊ ကြောက်စိတ်ကြောင့် မဟုတ်တာ မလုပ်ရဲတဲ့၊ ကြောက်စိတ်ကြောင့် လိမ္မာရတဲ့ ကလေးမျိုးတွေဟာ တကယ်တော့ အနာဂတ် လူ့အဖွဲ့အစည်း အတွက် အန္တရာယ် များလွန်းလှပါတယ်။ ကိုယ့်ကိုယ်ကိုယ် လေးစားတဲ့၊ ကိုယ်ကိုယ် ကိုယ် တန်ဖိုးထားတဲ့၊ မဟုတ်တာ လုပ်ရမှာကို ရှက်တတ်တဲ့၊ မှန်တာကို ပြောရဲ လုပ်ရဲတဲ့ ကလေးမျိုးတွေ (လူကြီးတွေ) အနာဂတ် လူ့အဖွဲ့အစည်းမှာ များလာစေဖို့ အတွက် ကလေးတို့ ရင်ထဲကို ကြောက်စိတ်တွေ မသွင်းပေးကြပါနဲ့လို့။ ။