ရှမ်းပြည်နယ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့သို့ ဆက်သွယ်သွားလာသည့် ကားလမ်းတွင် မေ ၂၉ ရက် မွန်းလွဲပိုင်းက အစိုးရ စစ်တပ် ၏ လက်ချက်ဟု ယူဆရသည့် ပစ်ခတ်မှုကြောင့် ခရီးသွား အပြစ်မဲ့ ပြည်သူ ၂ ဦး လက်နက်ထိမှန်ပြီး တဦး သေဆုံးသွားကြောင်း သိရ သည်။
ယင်း ပစ်ခတ်မှုကြောင့် သေနတ် ထိမှန်သူများမှာ မူဆယ်မြို့နှင့် နမ့်ခမ်းမြို့ ကားလမ်းပေါ်တွင် ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားလာသူ နမ့်စမ် ကျေးရွာ ဒေသခံ ဦးအားရှန် အသက် ၄၆ နှစ် နှင့် ဒေါ်နန်းအေးဌေး အသက် ၃၆ နှစ် တို့ဖြစ်ပြီး ဒေါ်နန်းအေးဌေး သည် မေ ၂၉ ရက်ည ၇ နာရီခွဲခန့်တွင် တရုတ်ပြည် ရွှေလီ ဆေးရုံတွင် သေဆုံးသွားသည်ဟု ဒေသခံ တဦးက ပြောသည်။
“သေနတ်နဲ့ ပစ်တဲ့အတွက် နမ့်စမ် ကျေးရွာက အမျိုးသမီးတဦး သေဆုံးပြီး အမျိုးသား တဦးကတော့ အခုထိ တရုတ်ပြည်မှာ ဆေး ကုနေတုန်းပါပဲ၊ အမျိုးသမီးကို ကျည်ဆန် ၆ ချက်ထိတယ်၊ အမျိုးသားကို ကျည်ဆန် ၄ ချက် ထိတယ်၊ ပစ်ခတ်တာက တိုက်ပွဲဖြစ် တာလည်း မဟုတ်ဘူး”ဟု အဆိုပါ အခင်းဖြစ်ပွားမှုကို သွားရောက် ကြည့်ရှုခဲ့သည့် နမ့်ခမ်း ဒေသခံ ဦးစိုင်းအိုက်ခေးက ဆိုသည်။
မူဆယ်- နမ့်ခမ်း ကာလမ်းတွင် အစိုးရ တပ်မ ၈၈ လက်အောက် ခလရ ၁၀ တပ်စခန်းများ ချထားသည့်အတွက် ဒေသခံများ အပြင် ထွက်ရန် စိုးရိမ်နေကြကြောင်း၊ ကျေးရွာအနီးတွင် အကြောင်းမဲ့ ပစ်ခတ်မှုများ ရှိသည့်အတွက်လည်း ဒေသခံများက ကြောက်ရွံ့နေ ကြောင်း ဦးစိုင်းအိုက်ခေးက ပြောသည်။
မူဆယ်မြို့ နေထိုင်သူ စိုင်းမြတ်အောင် ကလည်း“အစိုးရတပ်က လက်နက်ကိုင် တပ်ဖွဲ့တွေရှိ၊ မရှိဆိုတာကို ရမ်းပြီးတော့ ပစ်တာပါ၊ အရင်ကလည်း ဒီလိုပစ်သံကြားရတယ်။ ပြည်သူတွေကိုမထိဘူး။ အခုမှထိတာပေါ့။ လယ်တွေထဲကိုလည်း ကျည်ဆန်တွေ ရောက် တယ်”ဟု ပြောဆိုသည်။
ပစ်ခတ်ခံရသူများ စီးသွားသည့် ဆိုင်ကယ်ကိုလည်း စစ်တပ်က သိမ်းဆည်းထားသည်ဟု ၎င်းက ဆက်လက် ပြောပြသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရသူ ဒေသခံ ၂ ဦးသည် နမ့်ခမ်းမြို့နယ် ကောင်းဝိန်းကျေးရွာ အနီးတွင် သေနတ် ၁၇ ချက် ပစ်ခတ်ခံခဲ့ရပြီး ဗုံးတလုံး ပေါက်ကွဲခဲ့ကြောင်း၊ လက်ရှိတွင် ဒေသခံ ပြည်သူများက နမ့်ခမ်းနှင့် မူဆယ်လမ်းကို သွားရန် စိုးရိမ်မှုများ ဖြစ်နေကြောင်း ဦးစိုင်းအိုက်ခေးက ဆက်ပြောသည်။
စိုင်းမြတ်အောင်ကလည်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြား ငြိမ်းချမ်းရေး ဖော်ဆောင်နေချိန်တွင် ယခု လုပ်ရပ် သည် အစိုးရက စည်းကမ်း ချိုးဖောက်မှု ဖြစ်ကြောင်း၊ ပြည်သူများ၏ လုံခြုံရေးကို မယူကြသည့်အပြင် ပြည်သူများကိုပါ အကြောင်း မဲ့ ပစ်ခတ်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။
အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး မူဆယ်ခရိုင် ရဲစခန်းကို ဆက်သွယ် မေးမြန်းရာ တာဝန်ကျ ရဲဝန်ထမ်းတဦးက စုံစမ်းစစ်ဆေး နေ ဆဲ ဖြစ်သည်ဟု ဧရာဝတီသို့ ပြောသည်။
မူဆယ်- နမ့်ခမ်း လမ်းပေါ်တွင် အစိုးရစစ်တပ် တပ်မ ၈၈ လက်အောက်ခံ တပ်များ တပ်စွဲထားသည့် နေရာဖြစ်သည်ဟု ဒေသခံများက ပြောပြချက်အရ သိရသည်။