အစိုးရ စစ်တပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြား တိုက်ပွဲများ ထပ်မံ မဖြစ်ပွားရေး တားဆီးနိုင်ရန် အတွက် ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့ ကို တရားဝင် ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။
အဆိုပါ အဖွဲ့တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်သော စစ်ဘက် ဆိုင်ရာ အရာရှိများနှင့် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) မှ ဗိုလ်မှူးကြီး ဇော်တောင် ဦးဆောင်သည့် အရာရှိများ ပါဝင်သော တဖက်လျှင် အဖွဲ့ဝင် ၅ ဦးစီဖြင့် မေလ ၂၈ ရက်က ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
“ဒီအဖွဲ့မှာ တိကျတဲ့ မူဝါဒတွေ မရှိပေမယ့် တိုက်ပွဲတွေ ထပ်မဖြစ်ရအောင် ကာကွယ် တားဆီးမယ်၊ ဖြစ်ရင်လည်း ချက်ချင်း ဆွေးနွေး ဖြေရှင်းသွားမှာ ဖြစ်တယ်၊ တိုက်ပွဲတွေ မဖြစ်တော့ဘူး ဆိုရင်ပဲ ငြိမ်းချမ်းရေး လုပ်ငန်းတွေ ရှေ့ဆက်လို့ ရနေပြီ” ဟု KIO အပစ် အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အကြံပေး အဖွဲ့ခေါင်းဆောင် ဦးဒေါင်ခါးက ဧရာဝတီကို ပြောသည်။
ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့သည် သတင်းအချက်အလက်များကို အပြန်အလှန် ဖလှယ်ရေး၊ တိုက်ပွဲများ ထပ်မံမဖြစ်ပွားရေး၊ တပ်ပိုင်းဆိုင်ရာ အရေးပေါ်ကိစ္စ တခုခု ပေါ်ပေါက်လာပါက ချက်ချင်းတွေ့ဆုံ အဖြေရှာရေးတို့ကို ဆောင်ရွက်နိုင်ရန် ရည်ရွယ် ချက်ဖြင့် ဖွဲ့စည်းခြင်း ဖြစ်ကြောင်း သိရသည်။
ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့သည် စစ်ပွဲများ ဖြစ်ပွားပါက ဖြစ်ရသည့် အကြောင်းရင်းကို ရှာဖွေ ဖြေရှင်းပေးသွားမည် ဖြစ် ကြောင်း အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းက မေလ ၁၃ ရက်က ပြုလုပ်သော မြစ်ကြီးနား ဆွေးနွေးပွဲ အပြီး မီဒီယာများကို ပြောဆိုထားသည်။
ပဋိပက္ခညှိနှိုင်း ဖြေရှင်းရေး အဖွဲ့ ဖွဲ့စည်းရခြင်းသည် နှစ်ဘက်တိုက်ပွဲများ လျှော့ချရေးအတွက် ရည်ရွယ် ဖွဲ့စည်းခြင်း ဖြစ်သည် ဟု မြစ်ကြီးနားမြို့၌ ဆွေးနွေးခဲ့ကြသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့်(KIA/KIO) အကြား သဘော တူညီမှု အရ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ယင်းအဖွဲ့သည် KIA နှင့် အစိုးရ အကြား တိုက်ပွဲများ လျှော့ချနိုင်ရေးအတွက် နှစ်ဘက် ကိုယ်စားလှယ်များ ပါဝင်သော စောင့်ကြည့် ကြီးကြပ်ရေး အဖွဲ့ တခုကို ဖွဲ့စည်းနိုင်ရန် အတွက် ရှေ့ပြေး ဖွဲ့စည်းသော အဖွဲ့ တခုလည်း ဖြစ်သည်။
“အဲဒီ စောင့်ကြည့်ရေးအဖွဲ့ ပေါ်လာဖို့အတွက် ပဋိပက္ခ ညှိနှိုင်းရေး အဖွဲ့ကို ဖွဲ့စည်းဖို့ လိုအပ်ပါတယ်”ဟု ဦးအောင်မင်းက ပြော ဆိုခဲ့သည်။
စစ်ရေး လှုပ်ရှားမှုများကို စောင့်ကြည့်ရန် နှစ်ဘက် စလုံးမှ ပုဂ္ဂိုလ်များ၊ ပညာရှင်များ၊ နိုင်ငံတကာ အဖွဲ့များ ပါဝင်သည့် အဖွဲ့ တခု ဖွဲ့စည်းရန် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ဆွေးနွေးပွဲတွင် သဘောတူခဲ့ကြသော်လည်း ယနေ့အထိ ဖွဲ့စည်းနိုင်ခြင်း မရှိသေးပေ။
“စောင့်ကြည့်ရေး အဖွဲ့ ဖွဲ့ဖို့က အခက်အခဲတွေ ဖြစ်နေတယ်၊ အဲဒါကတော့ အစိုးရ လိုချင်တဲ့ စောင့်ကြည့်ရေး အဖွဲ့က တမျိုး၊ KIO က လိုချင်တဲ့ စောင့်ကြည့်ရေး အဖွဲ့က တမျိုး ဖြစ်နေတယ်၊ တကယ် ဖွဲ့ဖို့ အတွက်တော့ အချိန်တခုတော့ ယူရဦးမယ် ထင်တယ်” ဟု ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့မှ ဦးဆန်းအောင်က ပြောသည်။
စောင့်ကြည့် ကြီးကြပ်ရေး အဖွဲ့၌ နှစ်ဘက်စလုံးမှ ရပ်မိရပ်ဖများ ပါဝင် ဖွဲ့စည်းပြီး လိုက်နာရမည့် အခြေခံမူ ၅ ချက် နှင့် စည်းကမ်းချက် ၁၈ ချက် ထည့်သွင်း ရေးဆွဲရန် သဘောတူခဲ့ကြသည်။
လက်ရှိ ဖွဲ့စည်းထားသည့် ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့သည် အပြည့်အ၀ လုပ်ပိုင်ခွင့် မရှိဟု ပြောဆိုသူများလည်း ရှိသည်။
KIA နှင့် အစိုးရ အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ လုပ်ဆောင် နေစဉ် တဖက်တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက် ရှိပြီး ဧပြီ လဆန်းအတွင်း အစိုးရ စစ်တပ်က KIA အပေါ် ထိုးစစ် ဆင်မှုများ ရှိခဲ့သည်။
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်က ဧပြီလ ၁၇ ရက်မှ စပြီး တိုက်ပွဲများ လုံး၀ မရှိတော့ ကြောင်း မြစ်ကြီးနား ဆွေးနွေးပွဲ၌ မီဒီယာများကို ပြောဆိုခဲ့သည်။ KIA ကမူ တိုက်ပွဲငယ်များ ဖြစ်ပွားကြောင်း ပြောဆိုသည်။
အဖွဲ့များ ဖွဲ့စည်းခြင်း၊ တွေ့ဆုံ ဆွေးနွေးမှုများ မကြာခဏ ပြုလုပ်နေကြသည့်တိုင် ချမှတ်ထားသည့် စည်းကမ်းများကို အစိုးရ စစ်တပ်ဘက်က လိုက်နာမှု မရှိသမျှ ပြဿနာများ ပြေလည်သွားမည် မဟုတ်ကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေး မှုသည်လည်း အချိန်ကြာလာသည်နှင့် အမျှ တိုးတက်လာမှု အားနည်းနေခြင်း အပေါ် ဝေဖန်မှုများ ရှိနေသည်။
အလားတူ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် မြန်မာငြိမ်းချမ်းရေး စင်တာ (MPC) အတွက် ငွေကြေး သုံးစွဲမှု များပြားခြင်း အပေါ်လည်း ဝေဖန်မှုများရှိနေသည်။
MPC ၌ ဝန်ထမ်း အင်အား ၁၀၀ ကျော် ရှိပြီး အောက်ခြေ ဝန်ထမ်းတဦး၏ လစဉ် ထောက်ပံ့ငွေမှာ အနည်းဆုံး ၅ သိန်းနှင့် အထက် တွင် ရှိကြောင်း သိရသည်။ MPC က ဘဏ္ဍာငွေ အများအပြား သုံးစွဲနေသည့်တိုင် ငြိမ်းချမ်းရေး လုပ်ငန်း အခြေ အနေ တိုးတက်မှု နှေးကွေးနေသည့် အပေါ် အားရကျေနပ်မှု မရှိကြကြောင်း ငြိမ်းချမ်းရေး လိုလားသူများက ပြောဆိုလျက် ရှိသည်။