Women

ခေတ်ဆန်ရင်ဆန်၊ ခေတ်မလွန်စေနဲ့ ဆိုတဲ့ အလှမယ် ခင်ဝင့်ဝါ နဲ့ စကားစမြည်

This article has been converted from Zawgyi One to Unicode

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဘယ်လာရုစ်နိုင်ငံမှာ ကျင်းပသွားခဲ့တဲ့ Miss Supranational ၂၀၁၃ ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ဆန်ခါတင် အယောက် ၂၀ ထဲအထိ ပါဝင်သွားခဲ့တဲ့ အပြင် Miss Internet, Most Beautiful Girl in the world, People Choice Award နဲ့ Face of Miss Supranational 2013 ဆိုတဲ့ ဆု ၄ ဆုကို ယူဆောင် လာခဲ့တဲ့ မြန်မာအလှမယ် ခင်ဝင့်ဝါဟာ The Beauties Concept က ရွေးချယ်လိုက်တဲ့ ကမ္ဘာ့ အလှမယ်တွေထဲမှာ နံပါတ် ၆ နေရာကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာ အလှမယ် ဝက်ဘ်ဆိုက်တွေက ပေးတဲ့ ဆုတွေကိုလည်း ရရှိထားတဲ့ အသက် ၁၉ နှစ် အရွယ်ရှိ မြန်မာ အလှမယ် ခင်ဝင့်ဝါဟာ ဇွန်လ ၁ ရက်နေ့က ရန်ကုန်မြို့၊ ပြည်သူ့ ရင်ပြင်မှာ ပြုလုပ်တဲ့Miss Myanmar Internet ဆိုတဲ့ အငြိမ့်ပွဲမှာ မြန်မာနိုင်ငံရဲ့ နောက်ထပ် အင်တာနက်မယ် တယောက်ဖြစ်တဲ့ နန်းခင်ဇေယျာနဲ့ အတူ အငြိမ့်မင်းသမီး အဖြစ် ဖျော်ဖြေ ကပြနိုင်ရန် မြန်မာအကတွေကို လေ့လာသင်ယူခဲ့တယ် လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ အလှမယ်တယောက် အနေနဲ့ အငြိမ့်မင်းသမီးအဖြစ် ပထမဆုံး အကြိမ် ပါဝင်ကပြတဲ့ သူ့ရဲ့ မြန်မာ့ရိုးရာအက အပေါ် လူငယ် တယောက်အနေနဲ့ မြင်တဲ့အမြင်၊ သုံးသပ်ချက်တွေကို Miss Myanmar Internet အငြိမ့်ပွဲ မတိုင်ခင် ဧရာဝတီ သတင်း ထောက် မစပ်စုက ကြိုတင် မေးမြန်းထားတာတွေကို ဖော်ပြလိုက်ပါတယ်။

မေး။   ။ ပထမဆုံးအနေနဲ့ အငြိမ့်ကရမယ့် အတွေ့အကြုံအပေါ် ဘယ်လိုခံစားချက် ရှိလဲ။

ဖြေ။   ။ ဒါက ကျမရဲ့ ပရိသတ်တွေကို ပထမဆုံး ဒီပုံစံနဲ့ ဖျော်ဖြေ တင်ဆက်တာပါ၊ ပထမဆုံးလည်း ဖြစ်တဲ့ အတွက် အရမ်းလည်း စိတ်လှုပ်ရှားတယ်၊ အရမ်းလည်းရင်ခုန်ပါတယ်၊ Free Show လည်းဖြစ်တော့ ပရိသတ်တွေ အများကြီး လာအားပေးမှာကိုလည်း မျှော်လင့်တယ်၊ ပြီးတော့ ဝေဖန် အကြံပေးတာကိုလည်း မျှော်လင့် ပါတယ်။

မေး။   ။ အငြိမ့် ကရတယ် ဆိုတာ ရိုးရိုးသင်္ကြန် အကလိုမျိုး ပေါ့ပေါ့ပါးပါး မဟုတ်ဘူးလေ။ အငြိမ့် မင်းသမီးဟန် အပြည့်နဲ့ ထိုင် မသိမ်း ဆိုတာကို နိုင်နိုင်နင်းနင်းနဲ့ ကရတာမျိုး ဆိုတော့ အခုလိုပထမဆုံး အတွေ့အကြုံ မှာ အခက်အခဲရှိလား။

ဖြေ။   ။ အခက်အခဲ ဆိုတာ ကတော့ ရှိပါတယ်။ ကျမရဲ့ အကြောအဆစ်တွေက နည်းနည်းတင်းတော့ မြန်မာအက ဆိုတာခေါင်း၊ ခါး၊ ခြေလက်ကအစ တကယ့်ကို နွဲ့နွဲ့နှောင်းနှောင်းနဲ့ ချိုးပြီး က,ရတာ ဆိုတော့ နည်နည်းတော့ ခက်ခဲတယ်။ ဒါပေမယ့် ကျမသွား ပြိုင်ခဲ့တုန်းကTalent Show အတွက် ပြင်ဆင်ထားတာ နည်းနည်းရှိခဲ့တော့ အခုနောက်ပိုင်း ပြန်ပြီး သင်ရတော့ မခက်ခဲတော့ပါဘူး။

မေး။   ။ အနုပညာရှင်တွေ တော်တော်များများက နာမည် ကြီးလာရင် သူတို့နာမည်တွေနဲ့ အငြိမ့်တွေ က,လာ တတ်ကြ တာကို တွေ့ရတယ်။ မြန်မာပြည်မှာကလည်း သိပ်မကြာသေးခင် ကာလကစလို့ Miss တွေ တခေတ်ဆန်း လာတာဆိုတော့ ဒီ Miss တွေလည်းရှေ့ကလိုပဲ အငြိမ့်စင်ပေါ် တက်လာကြပြီဆိုတဲ့ အပေါ် ဘယ်လိုမြင်လဲ။

ဖြေ။   ။ အငြိမ့်ဆိုတာက မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှု တခုပေါ့။ မြန်မာ့ အက၊ မြန်မာ့ ဇာတ်သဘင်ပေါ့။ ကျမတို့ရဲ့ ယဉ်ကျေးမှုကို ပြမယ်ဆိုရင် ကျမတို့ရဲ့ အငြိမ့်ကို ဒါဟာယဉ်ကျေးမှု တခုပဲလို့ ပြလို့ရမယ်။ အဲဒီတော့ ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့ အနေနဲ့ အနုပညာရှင်တွေက က,ပြတယ်၊ ဖျော်ဖြေတယ်ပေါ့။ ဒါကိုလည်း ပရိသတ်တွေ ကြိုက်နှစ်သက်မယ်လို့ ယုံကြည်လို့ ကျမ တို့ ဖျော်ဖြေတာပါ။ အဲဒါကိုအမြင် မလွဲစေချင်ပါဘူး။ ကျမတို့ အနေနဲ့ မြန်မာအမျိုးသမီး တယောက် ဖြစ်တဲ့ အတွက် မြန်မာအက ကို ကပြ ဖျော်ဖြေတင်ဆက်တယ် လို့ပဲ ခံယူထားပါတယ်။

မေး။   ။ သာမန် မြန်မာအမျိုးသမီး မပြောနဲ့ ပရိသတ်ရဲ့ အားပေးမှုကို ရရှိနေတဲ့ အနုပညာရှင် တော်တော်များများကို ကြည့်ရင် မြန်မာအက ဆိုတာကို ခြေချိုးလက်ချိုးရုံ လောက်တောင် အဆင်ပြေပြေ မကနိုင်တဲ့ အနုပညာရှင် တော်တော်များများလည်း ရှိတာ ကို တွေ့ရတယ်။ အခုခေတ် မော်ဒယ်လ်တွေ ဆိုရင် မြန်မာအက ဆိုတာနဲ့ အရမ်းကို စိမ်းလာကြတာကိုလည်း တွေ့လာရတယ်။ အထူးသဖြင့် ခင်ဝင့်ဝါ တို့လို နိုင်ငံကိုယ်စား ပြုမယ့် အလှမယ် မြန်မာမလေးတွေ အနေနဲ့ရော မြန်မာအမျိုးသမီးတွေ အနေနဲ့ပါ မြန်မာ့ရိုးရာ အကကို သေသေချာချာ လေ့လာသင် ယူထားသင့်တယ် လို့ ယူဆပါသလား။

ဖြေ။   ။ Professional ဖြစ်တာထက် ဒါက မြန်မာလူမျိုး ဖြစ်တဲ့ အတွက်ကြောင့်မို့ မြန်မာ့ယဉ်ကျေးမှု အနေနဲ့၊ ဥပမာ ကျမတို့ ရိုးရာ မှာ ရိုးရာအဝတ်အစား ရင်ဖုံးတို့ ထိုင်မသိမ်းတို့ ရှိမယ်။ ကိုယ့်ရဲ့ ရိုးရာထဘီကိုလည်း ဝတ်တတ် ရမယ်။ မြန်မာဝတ်စုံလည်း ဝတ် တတ်ရမယ်။ အဲဒီလိုပဲ မြန်မာစကားလည်း ကောင်းကောင်း ပြောတတ်ရမယ်။ ဒါ မြန်မာလူမျိုးပဲ ဆိုတာ ကမ္ဘာကို ချပြလို့ ရမယ် လေ။ ကိုယ်က မြန်မာလူမျိုး ဖြစ်လျက်နဲ့ ကိုယ့်ရဲ့ ရိုးရာယဉ်ကျေးမှုလည်း မသိဘူး၊ ဘာမှမသိဘူးဆိုရင် ဒါဟာ မကောင်းဘူးပေါ့။ မြန်မာအက ဆိုတာကလည်း Professional ကြီးအထိ တတ်ဖို့ မလိုပါဘူး၊ ဒါပေမယ့် တတ်သင့်သလောက်တော့ တတ်ရမယ်။ ခြေ ထိုးတာတို့၊ သင်္ကြန်အကလောက် တတ်ရင်တောင်မှ အဆင်ပြေပါတယ် လို့ ကျမထင်ပါတယ်။

မေး။   ။ မြန်မာ အလှမယ်တွေ အနေနဲ့ နိုင်ငံတကာကို ထွက်ရပြီဆိုတော့မှ မြန်မာအကတွေ ရိုးရာတွေကို တပွဲတိုး သင်ကြတာကို များသောအားဖြင့် တွေ့နေရတယ်။ မျိုးဆက်သစ်တွေကို ဘယ်လို အကြံပေးချင်လဲ။

ဖြေ။   ။ မြန်မာ့အက၊ ယဉ်ကျေးမှု ဆိုတာတော့ မြန်မာလူမျိုး ဖြစ်ရင်တော့ ဒါ လူတိုင်း သိရမှာပေါ့နော်။ ကိုယ် တကယ် ပြိုင်မယ် ဆို ရင် လေ့လာ သွားရမယ်။ ကိုယ့်နိုင်ငံ အကြောင်းကို ရှင်းပြနိုင်ရမယ်။ မြန်မာအက ဆိုရင်လည်း ဘယ်လိုမျိုးလဲ ပေါ့။ မြန်မာအက ဆိုတာမှာလည်း အများကြီးရှိတယ်။ ဆီမီးခွက်အက၊ ပုဂံအက၊ တိုင်းရင်းသား အကတွေ ရှိမယ်ပေါ့။ ကိုယ် နှစ်သက်ရာ အကကို သေချာ ပိုင်ပိုင်နိုင်နိုင် သင်ပြီးတော့ ဟိုမှာ Talent ပြခဲ့ရင်တော့ အကောင်းဆုံးပေါ့။ ပြီးတော့ ကျမတို့ မြန်မာနိုင်ငံမှာ ဘယ်ဟာက အထင်ရှားဆုံး၊ အကျော်ကြားဆုံး၊ ဘယ်ဟာဆိုရင် ဘာဆိုတာကို သေချာပြောနိုင်ရမယ်။ အဲဒီလိုမျိုးလေ့လာသွားပြီးတော့မှ ယှဉ်ပြိုင်တာ အကောင်းဆုံးပါ။

မေး။   ။ ခေတ်ရေစီးကြောင်း ပြောင်းလဲလာမှုရဲ့ နောက်မှာ အခုခေတ် လူငယ်တွေ မြန်မာအက ဆိုတာကို သင်ယူရမယ်၊ လေ့လာ ရမယ် ဆိုတာထက် အနောက်တိုင်း အကတွေ အပေါ် သင်ယူလေ့လာမှု အားကြီးသွားတဲ့ ဘက်မှာ ရှိနေတော့ အဲဒီအပေါ် ဘယ်လို သုံးသပ်ချင်လဲ။

ဖြေ။   ။ ဒါကတော့ ခေတ်ရဲ့ ရေစီးကြောင်းအရ ပြောင်းလဲ လာတယ်ဆိုတာ လက်ခံလို့ ရပါတယ်။ ဒါပေမယ့် ပြောင်းလဲ လာတာ လည်း ပြောင်းလဲပေါ့၊ အခုလက်ရှိကိုလည်း မပျောက်ကွယ်အောင်လို့ ထိန်းသိမ်းစေချင်တယ်လို့ ကျမပြောချင် ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပဲ ဖြစ်ဖြစ်၊ အနောက်တိုင်းပဲ ဖြစ်ဖြစ် အက ဆိုတာတော့ အခြေခံက အတူတူပါပဲ။ အကဆိုကတည်းက ကတဲ့ ခေါင်းစဉ်အောက်မှာ ပုံစံအမျိုးမျိုး ပြောင်းလဲ သွားကြတာလေ။ အဲဒီတော့ အနောက်တိုင်းအက သင်ရင်းနဲ့လည်း မြန်မာအက သင်လို့ရတယ်။ အဲဒီလိုပဲ ယဉ်ကျေးမှု တခုနဲ့တခုကလည်း ဆက်စပ်နေတယ်။ ဒီခေါင်းစဉ် အောက်ကနေ သွားပြီးတော့ ပုံစံတွေ ကွဲသွားကြ တာပေါ့။ အဲဒီတော့ ခေတ်လည်းမီစေ၊ လက်ရှိယဉ်ကျေးမှုကိုလည်း မပျောက်ကွယ်စေချင် ပါဘူး။

မေး။   ။ အခု ပြီးခဲ့တဲ့ သင်္ကြန်တုန်းက ဆိုရင်လည်း တချို့ ကြော်ငြာမဏ္ဍပ်တွေရဲ့ အနောက်တိုင်းအကနဲ့ ဖျော်ဖြေတင်ဆက်မှုတွေ အပေါ် ဝေဖန်ခဲ့တာတွေ ရှိခဲ့တယ်။ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကြီးမှာ မြန်မာမှု အကအလှတွေ မတွေ့ရတော့တာ ကြာပြီ ဆိုပြီး နှမြောတသ လွမ်းနေကြတဲ့ လူတွေ ရှိသလို ခေတ်ရေစီး ကြောင်းရဲ့ လိုအပ်ချက် အရ ဖြစ်ပေါ်လာတဲ့ အနေအထားတွေကိုလည်း လက်ခံပေးရမယ် ဆိုတဲ့ လူတွေရဲ့ အမြင်တွေလည်း ရှိကြတာကိုး။ ဒီတော့ အဲဒီ အမြင်နှစ်ရပ် အပေါ် ဘယ်လို သုံးသပ်ချင်လဲ။ လူငယ်တယောက် အနေနဲ့ တကိုယ်ရေအမြင်လည်း သိချင်ပါတယ်။

ဖြေ။   ။ ကျမအနေနဲ့ အမြင်ကတော့ ခေတ်ဆန်တော့ ဆန်၊ ဒါပေမယ့် ခေတ်မလွန်စေနဲ့ပေါ့။ အရမ်းကြီး ခေတ်ဆန်လွန်း အားကြီး ရင်လည်း သရုပ်ပျက်ပါတယ်။ ဒီလို သင်္ကြန်ပွဲတော် ဆိုတာလည်း ကျမတို့ မြန်မာ တနိုင်ငံတည်း ရှိတာလေ။ ဒီလို ၁၂ လ ရာသီပွဲတော်ထဲက တခုဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ပွဲတော်တခု ဖြစ်တဲ့ အတွက်ကြောင့်မို့ မြန်မာ့ယဉ်ကျေးမှု ကိုတော့ ထိန်းသိမ်း စေချင်တယ်။ အဲဒါကြောင့် ကျမအနေနဲ့ ပြောချင်တာက ခေတ်တော့ဆန်၊ ဒါပေမယ့် ခေတ် အရမ်းလွန် သွားရင် မြန်မာ့ယဉ်ကျေးမှု ပျောက်ကွယ် သွားနိုင်တယ် လို့ ပြောချင်ပါတယ်။     ။

Loading