Ethnic Issues

စစ်တပ်ရဲ့ လက်နက် စွန့်ခိုင်းတဲ့ မူဝါဒ အပစ်မရပ်နိုင်တဲ့ အကျပ်အတည်း ဆီသို့ ဦးတည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကြားမှာ အပစ်ရပ်ရေး ဆွေးနွေးလျက်ရှိရာမှာ အစိုးရ စစ်တပ်က အပစ်ရပ် ရေး ဆိုင်ရာ စာချုပ်မှာ လက်မှတ် ထိုးပြီးတာနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံး လက်နက်ဖြုတ်ရေး (Disarmament)  ဆိုတဲ့ ဆိုတဲ့ မူဝါဒကို ထည့်သွင်းဖို့ ကြိုးစားလာတာကြောင့်  အပစ်ရပ်ရေး အတား အဆီး ဖြစ်လာမယ် လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ပြောပါတယ်။

နိုင်ငံတကာ ပဋိပက္ခ ဖြေရှင်းရေး ဆွေးနွေးမှုတွေမှာ ကျင့်သုံးလေ့ရှိတဲ့ DDR (Disarmament ၊ Demobilization ၊ Reintegration)  ဆိုတဲ့ လက်နက်ဖြုတ်သိမ်းရေး ၊ စစ်မှုထမ်းအဖြစ်မှ နုတ်ထွက်ခွင့်ပြုခြင်းနဲ့ အရပ်သားတွေအဖြစ် ပြန်လည် ပေါင်းစည်းရေး မူဝါဒကို အစိုးရစစ်တပ်က အပစ်ရပ်ရေး စာချုပ်မှာ ထည့်သွင်းဖို့ လုပ်လာပြီး တိုင်းရင်းသား လက်နက်ကိုင် တွေအနေနဲ့ အာမခံချက် တစုံတရာမရှိဘဲ လက်နက်ဖြုတ်သိမ်းဖို့ ဆိုတာ မဖြစ်နိုင်တာမို့ အပစ်ရပ်ရေး ဆွေးနွေးပွဲ ဆက်လက် ကြာမြင့်ဦးမယ့် အခြေအနေဆီကို ဦးတည်နေပါတယ်။

စစ်တပ် အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ မကြာခဏဆိုသလို တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အငြင်းပွားစေမယ့် မူဝါဒ တွေ ထည့်သွင်းခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံရမယ်ဆိုတဲ့ မူဝါဒပါဝင်တဲ့ မူဝါဒ ၆ ချက် ချပြချိန် က လည်း တိုင်းရင်းသားတွေနဲ့ အစိုးရစစ်တပ်ကြားမှာ အငြင်းပွားမှုတွေ ပေါ်ပေါက်ခဲ့ပါသေးတယ်။ အခု နောက်ဆုံး အစိုးရ စစ်တပ် ဘက်က တင်သွင်းလာတဲ့ လက်နက်ဖြုတ်သိမ်းရေး (DDR) က တိုင်းရင်းသားတွေနဲ့ အတော်ကို အငြင်းပွား ရမယ့် အခြေအနေ ရှိတယ်လို့ တိုင်းရင်းသားတွေက ဆိုပါတယ်။

စစ်တပ်က အပစ်ရပ်ရေး စာချုပ်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေ လက်မှတ်ရေးထိုးပြီးတာနဲ့ DDR ကို အကောင် အထည် ဖော်ချင်ပေမယ့် တိုင်းရင်းသားတွေဘက်ကတော့ နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်ပြီး ခိုင်မာတဲ့ အာမခံချက် တစုံတရာရရှိမှသာလျှင် DDR ကို အကောင်အထည်ဖော်ဖို့ ဆန္ဒရှိပါတယ်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) မှ ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ကျနော်တို့ကတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ပြီးမှ ရလာတဲ့ ရလဒ်အပေါ်မှာ အဲဒီ DDR ကိစ္စတွေကို လုပ်ချင်တယ်။ အစိုးရက နိုင်ငံရေး ဆွေးနွေးပွဲတွေ မတိုင်ခင်မှာ DDR ကို လုပ်ချင်တယ်။ ဒါကလည်း လက်နက်ဖြုတ်သိမ်းခိုင်းတဲ့ သဘောဖြစ်နေတော့ အဲဒီနှစ်ခုကတော့ ပြန်ညှိရမယ်” လို့ဆိုပါတယ်။

တပ်မတော်အနေနဲ့ အပစ်ရပ်ပြီးတာနဲ့ တိုင်းရင်းသားတွေကို လက်နက်ဖြုတ်သိမ်းစေချင်က စိုးရိမ်စိတ်တွေများနေတာ ကြောင့်ဖြစ်ပြီး တိုင်းရင်းသားတွေဘက်က အပစ်ရပ်ရေး လက်မှတ်ထိုးပြီးမှ အင်အားတိုးချဲ့လာမှာကို စိုးရိမ်နေပုံရပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုပေါင်းပြီး မဟာမိတ်ဖွဲ့လာတာကိုလည်း စစ်တပ်က သံသယကြီးကြီးရှိနေပါတယ်။

“ငြိမ်းချမ်းရေး လုပ်ငန်းတွေလုပ်ဆောင်နေစဉ်မှာပဲ လက်နက်ကိုင် မဟာမိတ်အဖွဲ့တွေထပ်ပေါ်လာတယ်။

နောက်ပြီး ဒီအပေါ်ကသက်ရောက်မှုက ဘယ်လောက်ထိရှိလဲဆိုတာကို သူတို့(စစ်တပ်) ဘက်ကတွေးနေကြတယ်။ တကယ်ပဲ ငြိမ်းချမ်းရေးလုပ်ပြီးရင်ကောတိုက်ပွဲတွေက ရပ်မ လားဆိုတာကို သူတို့(စစ်တပ်)တွေးနေတယ်။နောက်ခုချိန်မှာ သိပ်အတိမ်းအစောင်း ခံလို့မရတော့ တကယ်လက်မှတ်ထိုးချိန်မှာ သူတို့ထင် သလိုဖြစ်မလာမှာ၊ နောက်ပိုင်း ငြိမ်းချမ်းရေး ပြီးတဲ့အထိ လက်နက်ကိုင်တိုက်ပွဲတွေဆက်ရှိနေမှာဆိုးတယ်”လို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာနဲ့ နီးစပ်သူတဦးက ဆိုပါတယ်။

လတ်တလော ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပလောင်(တအာင်း) အမျိုးသားလွတ်လပ်ရေးတပ်မတော်(TNLA) ၊ ဦးဖုန်းကြားရှင်ဦးဆောင်တဲ့ ကိုးကန့်အဖွဲ့တွေ စုပေါင်းပြီး ဖက်ဒရယ် တပ်မတော် (FUA) ဆိုပြီး ဖွဲ့စည်းလိုက်တာမို့ ဒီအဖွဲ့ ပေါ်ပေါက်လာမှုကို စစ်တပ်ဘက်က တော်တော်ကို စိုးရိမ်နေပါတယ်။

FUAအဖွဲ့ဝင် TNLA မှ ပြန်ကြားရေးဒုတာဝန်ခံ  ဗိုလ်မှူး တားဖုန်းလက တိုင်းရင်းသားအဖွဲ့တွေနဲ့ မဟာမိတ်ဖွဲ့ရတာက ငြိမ်းချမ်းရေးလိုချင်လို့ ဖြစ်ပြီး ငြိမ်းချမ်းရေး အထောက်အကူပြုနိုင်အောင် ဖွဲ့စည်းတာဖြစ်တယ်လို့ ဆိုပါတယ်။

“တခု ပြောနိုင်တာက ကျနော်တို့ တိုင်းရင်းသား တွေက ငြိမ်းချမ်းရေးအမြန်ရချင်တယ်။ ကျနော်တို့ရပ်တည်လို့မရအောင် အစိုးရစစ်တပ်က တပ်ရင်းပေါင်း ၅၀ကျော် ၆၀နီးနီးချထားတယ်။ အပြတ်ချေမှုန်းရေး အနေနဲ့လာတိုက်တဲ့ သဘောလို့ ပြောလို့ ရတယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းထက် စစ်ရေးနည်းအရ ဖြေရှင်းတာကို အစိုးရစစ်တပ် ဘက်က  ကိုင်စွဲ ထား နေတုန်းပဲလို့ပြောနိုင်တယ်။ တိုက်ပွဲတွေဖြစ်နေတဲ့အပြင် ငြိမ်းချမ်းရေး ဆွေးနွေးတာမရှိဘူး။ ထိုးစစ်တွေ မရုပ်သိမ်း သေးဘဲနဲ့တော့ ကျနော်တို့လက်နက်ချဖို့မဖြစ်နိုင်ဘူး။ ဒီနှစ် ၂၀၁၄မှာပိုဆိုးလာ တယ်။ အစိုးရ စစ်တပ် အင်အားက ခုဆို ၆၀၀၀ကျော်လောက်ရှိနေတယ်။ အရင်က ၂၀၀၀လောက်ပဲ ရှိတာ။ သူတို့စိုးရိမ်မှုက သူတို့လုပ် ဆောင်တာကို ဖုံးကွယ် နေတယ်လို့ပဲ မြင်တယ်” လို့ ဗိုလ်မှူးတားဖုန်းလက ပြောပါတယ်။

အစိုးရစစ်တပ်မှ စစ်ဗိုလ်ချုပ်တဦးကတော့ သူတို့အနေနဲ့ တိုင်းရင်းသားတွေ ကို အမြစ်ပြတ်ချေမှုန်းဖို့ မရှိသလို ထိုးစစ်ဆင်ဖို့ လည်းမရှိကြောင်း၊ တပ်အင်အား တိုးခြင်းမရှိဘဲ တပ်နေရာ ရွှေ့ပြောင်းတာကို တိုင်းရင်းသားတွေဘက်က အထင်လွဲတာဖြစ်နိုင်ကြောင်းပြောဆိုပါတယ်။ တပ်မတော်အနေနဲ့ တိုင်းရင်းသားတွေအပေါ်မှာ ယုံကြည်မှု မရှိဘူးဆိုတာ တော့ သူရဲ့ ဖြေကြားမှုတွေကို ကြည့်ရင် ပေါ်လွင်ပါတယ်။

တပ်မတော်ဘက်က တိုင်းရင်းသားတွေနဲ့ စိုးရိမ်မှုတွေရှိနေသလိုပဲ တိုင်းရင်းသားတွေဘက်ကလည်း စစ်တပ်ကို မယုံကြည်မှု တွေရှိနေပါတယ်။ တိုင်းရင်းသားတွေက နိုင်ငံရေးအာမခံချက်မရသေးခင် လက်နက် စွန့်ခိုင်းမှာကို အတော်ကို စိုးရိမ်နေတာမို့ ဒီစိုးရိမ်မှုက အပစ်အခတ်ရပ်စဲရေးကို ကြန့်ကြာစေမယ့်ပုံရှိပါတယ်။

တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးအဖွဲ့ (NCCT)မှဒေါက်တာဆလိုင်းလျန် မှုန်းဆာခေါင်က “တစုံတခုအာမခံချက်မရှိဘဲ လက်နက်ချခိုင်းတာက ကျနော်တို့မှာထိခိုက်နိုင်တယ်။ နိုင်ငံတော်ဖွဲ့စည်းပုံအထိဆွေးနွေးမှုပြီးတဲ့ အထိ တိုင်းရင်းသားတွေ ဘက်က လက်နက်ဆက်ကိုင်ထားမှာကို တပ်ကလည်း  အရမ်းစိုးရိမ်တယ်။ ဒါကတော့သေချာညှိရမယ်”လို့ ဆိုပါတယ်။

နှစ်ဖက်လုံးမှာ စိုးရိမ်မှုတွေရှိနေချိန်မှာ DDR ကို အပစ်ရပ်ရေးစာချုပ်မှာ ထည့်သွင်းပြီး ဘယ်လိုအခြေအနေမှာ DDR လုပ်မလဲဆိုတာတွေကိုတော့ နှစ်ဖက်စလုံးကြားမှာ  အတော်ကိုညှိနှိုင်းရဦးမယ့် အခြေအနေပါပဲ။ ဒါပေမယ့် စစ်တပ်အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တိုင်းရင်းသားတွေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးလာတာက ကောင်းတဲ့ အလားအလာလို့ တိုင်းရင်းသားတွေက ဆိုပါတယ်။

UNFCမှ ဗိုလ်မှုးကြီးခွန်ဥက္ကာက ဖက်ဒရယ်တပ်မတော်(FUA) ဖွဲ့စည်းမှုအပေါ် အစိုးရအနေနဲ့ မစိုးရိမ်ဖို့နဲ့  အပစ် အခတ်ရပ်စဲရေး ကိုပိုအထောက်အကူပြုဖို့ အတွက် ဖွဲ့စည်းထားတာသာဖြစ်တယ်လို့ ဆိုပါတယ်။

“အစိုးရအနေနဲ့ဒါကိုစိုးရိမ်စရာ မလိုဘူး။ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် မထိခိုက်ဘူး။ ဘာကြောင့်ဆို ငြိမ်းချမ်းရေး လုပ်တဲ့အခါ တဖွဲ့ချင်းဆီဆိုရင် ထိန်းရတာခက်မယ်။ တဖွဲ့ကဖောက်တာရှိမှာစိုးလို့ တပ်ပေါင်းစုဖွဲ့တာပါ။ အမှန်က အားလုံးပါ ဖို့လုပ်တာ။ ဒါကငြိမ်းချမ်းရေးအတွက်စုထားတာ။ စစ်ရေးအရပြင်ဆင်ထားတာ။ စုပြီးဆွေးနွေးလို့ ရပ်ဆိုတာ နဲ့အကုန်ရပ်မှာ။ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးတာနဲ့ ကျနော်တို့တွေအကုန်ရပ်မှာ။ မြောက်ဘက်မှာရှိတဲ့ တပ်တွေ အကုန်ပါမယ်။ တောင်ဘက်လည်းပါတော့ တောင်ဘက်လည်းရပ်မယ်။ စစ်ရေးအရ ပူးပေါင်းကာကွယ်တဲ့ သဘောပါ”လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုပါတယ်။

ဇွန်လမှာ အပစ်ရပ်ရေးအပစ်ခတ်ရပ်စဲရေးစာချုပ်ကို အသေးစိတ်အတည်ပြုနိုင်ဖို့ ဆွေးနွေးကြမှာဖြစ်ပြီး အပစ်ရပ်ရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်လာဖို့ကတော့ လက်နက်စွန့်ရေးဆိုတဲ့ မူဝါဒ နဲ့ပတ်သက်တဲ့ ဆွေးနွေးမှု အတိုးအလျော့ ပေါ်မှာပဲ မူတည်နေပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေကတော့ “တပ်ပိုင်းဆိုင်ရာ နေရာချတာကလည်း နိုင်ငံရေးဆွေးနွေးပွဲပြီးမှ နှစ်ဖက်ညှိရမှာ။ အပစ်ရပ်ရေးကလည်း သဘောတူဖို့ အချက် ၂၀ ကျော်ပဲ ကျန်တော့တယ်။ ကျနော်တို့ကတော့ ဇူလိုင်လမကုန်ခင် လက်မှတ်ထိုးနိုင်ဖို့ လုပ်နေတယ်။ ၂၀၁၄ မကုန်ခင်မှာ Political Dialogue စနိုင်ဖို့ မျှော်လင့်တယ်” လို့ဆိုပါတယ်။

တိုင်းရင်းသားတွေဘက်ကတော့ အစိုးရစစ်တပ်အနေနဲ့ ယုံကြည်မှုမပါတဲ့ သံသယတွေနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ မတိုင်မီ လက်နက်ဖြုတ်ရေး ကိုသာ အတင်းအကျပ် တောင်းဆိုပြီး အပစ်ရပ်ရေးစာချုပ်မှာ ထည့်သွင်းမယ်ဆိုရင်တော့ အပစ်ရပ် ရေးသာမက ငြိမ်းချမ်းရေး ရရှိဖို့ပါ အတော်ကို အလှမ်း ဝေးနေ ဦးမယ်လို့ ဆိုကြပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading