ဒီဘက်နှစ်ပိုင်းတွေ ကျနော်တို့ဆီမှာ သက်ငယ် မုဒိန်းမှုခင်း သတင်းတွေ မကြာမကြာ ကြားနေရခဲ့တဲ့အချိန် ကျနော် သူ့အကြောင်းကို ခဏခဏ (ခဏခဏ) သတိရနေမိတယ်။ လှောင်ချိုင့်တွင်း ကျတဲ့ငှက် ဘာကြောင့် တေးသီ သလဲ သူသိတယ်။ သူ တေးသီနိုင်အောင် အပြင်းအထန် ကြိုးစားခဲ့ရတဲ့ ကိုယ်ပိုင်တွေ့ကြုံ ခံစားရတာတွေ ရှိခဲ့တာကိုး။
အသက် ရှစ်နှစ်သမီးမှာ သူ့အမေရဲ့ ရည်းစားက သူ့ကို ဗလက္ကာရလုပ် မုဒိန်းကျင့်ခဲ့တော့ ၁၉၃၆။ အဲဒီ ၁၉၃၆ မှာ၊ အဲဒီ အမေရိကားမှာ သူက အာဖရိကန် အမေရိကန်၊ လူမည်း၊ မိန်းမသား။ သူ့ဘဝ ကြမ်းတမ်းခဲ့ပုံကလည်း သူ ၃ နှစ်သမီးမှာ မိဘတွေ ကွာရှင်း၊ အဖေ့ဘက်က အဘွားဆီမှာ နေရ၊ နောက် လေးနှစ်လောက်ကြာတော့ အဖေက ပြန်ခေါ်ပြီး အမေ့ဆီပို့၊ ဆိုခဲ့သလို ကလေးငယ် ဘဝမှာ ဆိုးရွားလှတဲ့ အတွေ့အကြုံရခဲ့။ ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ကယ်လီဖိုးနီးယား အလုပ်သမား ကျောင်းမှာ အထက်တန်း တက်နေရင်း ကျောင်းမပြီးခင် ဓာတ်ရထားတွေမှာ ပထမဆုံး မိန်းမ လက်မှတ်ရောင်း လုပ်ခဲ့။ ကျောင်းပြီးလို့ နှစ်ပတ်အကြာမှာ သူ့ဘဝက တကိုယ်တည်း မိခင်ဘဝကို လက်ခံလိုက်ရ၊ အဲဒီတော့ သူ့အသက် ၁၇။ နောက်ပိုင်း သူဟာ ပြည့်တန်ဆာတွေ အတွက် လူဆွယ်သူ၊ နောက်ဆုံး ကိုယ်တိုင် ပြည့်တန်ဆာ၊ စားသောက်ဆိုင် ထမင်းချက်။ တကိုယ်တည်း မိခင်ရဲ့ လူမှုရေး လှေကားထစ်တွေက ဆင်းရဲခြင်းနဲ့ ရာဇဝတ် မှုခင်းတွေနဲ့ လုံးလားထွေးလား ဘဝအထိ ဆင်းချသွားတယ်။
ဒါပေမယ့် ဝီကီပီးဒီးယားထဲက သူ့အကြောင်းမှာ သူ့အလုပ်အကိုင်တွေကို ကျနော်တို့ အခု ဒီလိုတွေ့ရမယ်။ ကဗျာဆရာ၊ မြို့ပြ အခွင့်အရေး တက်ကြွလှုပ်ရှားသူ၊ ကချေသည်၊ ရုပ်ရှင်ထုတ်လုပ်သူ၊ ရုပ်သံထုတ်လုပ်သူ၊ ပြဇာတ်ရေးဆရာ၊ ရုပ်ရှင် ဒါရိုက်တာ၊ စာရေးဆရာ၊ သရုပ်ဆောင်၊ ပါမောက္ခ။ အခု အဲဒီ သူ မရှိတော့ဘူး။ တမူထူးတဲ့ မိန်းမသား မရှိတော့ဘူး။ ကလင်တန်ရဲ့ သမ္မတရာထူး လက်ခံပွဲမှာ “မနက်ခင်းရဲ့ သွေးအခုန်မှာ”ဆိုတဲ့ ကဗျာကို ရွတ်ခဲ့တဲ့ ကဗျာဆရာမကြီး မရှိတော့ဘူး။ မာယာ အင်ဂျလို မရှိတော့ဘူး။ ၂၀၁၄၊ မေလ ၂၈ ရက်နေ့က အသက် ၈၆ နှစ်ရှိပြီဖြစ်တဲ့ တမူထူးတဲ့ မာယာဟာ မနက် ၈ နာရီ မထိုးခင်လောက်မှာ ကွယ်လွန်ခဲ့ရှာပြီ ဖြစ်ပါတယ်။
အဲဒီနေ့က ကျနော် facebook ကို ဖွင့်လိုက်တော့ မစမ်းစမ်းတင်ရဲ့ ပို့စ်တက်နေတာကို တွေ့ရတယ်။
“မာယာအင်ဂျလိုဟာ ကမ္ဘာက ကြည်အေး” ဆိုတဲ့ ကဗျာ။ ဒီဇင်ဘာမှာ ၈၅ နှစ် ပြည့်မယ့် ကြည်အေး၊ အမေရိကန် အရှေ့ခြမ်းကလူတွေ ပြေးပြေးလွှားလွှား နေထိုင်တဲ့ နယူးယောက်မှာ နေထိုင်ဆဲ၊ ဒီအရှေ့ခြမ်း မြောက်ကယ်ရိုလိုင်းနာမှာ နေတဲ့ ၈၆ နှစ်အရွယ် မာယာအင်ဂျလို တိမ်းပါးသွားပါလားတဲ့။ ကိုဇော်ဇော်ထွန်းကလည်း ကလင်တန်ရဲ့ ကျမ်းကျိန်ပွဲမှာ မာယာရွတ်ခဲ့တဲ့ ကဗျာ ဘာသာပြန်ဆိုချက် တချို့၊ အဲဒီကဗျာအကြောင်း မှတ်ချက် မှတ်စုတချို့တင်ထားတာကို ဖတ်လိုက်ရတယ်။ အင်ဂျလိုနဲ့ တွေ့ဆုံမေးမြန်းခန်းတွေ အတော်များများ လုပ်ခဲ့ဖူးတဲ့ လယ်ရီကင်းကတော့ သူ့ facebook စတေးတပ်စ်မှာ “မာယာအင်ဂျလို သေဆုံးတဲ့အကြောင်း ကြားရတာ ဝမ်းနည်းကြေကွဲခဲ့ရ။ သူက အမေရိကရဲ့ စစ်မှန်တဲ့ ရတနာတပါးပါ။ ဒီလို ချစ်ခင်မြတ်နိုးဖွယ်ပုဂ္ဂိုလ်က မကြာခဏ (ကျနော့် စကားပြောခန်းတွေရဲ့) ဧည့်ဖြစ်ခဲ့။ သူ့ကို သတိရနေရတော့မှာ” တဲ့။
ကလေးသူငယ် အရွယ်မှာ ရှုပ်ထွေးပြီး ရက်စက်ကြမ်းတမ်းတဲ့အတွေ့အကြုံ ရခဲ့တဲ့အထဲကနေ သူ ရုန်းထနိုင်ခဲ့ပုံက အံ့မခန်းပဲ။ အဲဒီအချိန် အမေရိကန် တရားဥပဒေ စီရင်ခဲ့ပုံကလည်း ပြစ်မှုကျူးလွန်တဲ့သူကို အပြစ်ရှိကြောင်း တွေ့ခဲ့ပေမယ့် ထောင်ဒဏ် ၁ ရက်ပဲ ချခဲ့တယ်။ ဒါပေမယ့် ထောင်ကလွတ်ပြီး လေးရက်အကြာမှာ အဲဒီလူဟာ အသတ်ခံလိုက်ရတယ်။ အင်ဂျလိုရဲ့ ဦးလေးတွေ လက်ချက် ဖြစ်နိုင်တယ်လို့ ဆိုကြတယ်။ အင်ဂျလိုကတော့ ဒီလူ အသတ်ခံရတာ သူ့မှာ တာဝန်မကင်းသလို နက်နက်ရှိုင်းရှိုင်း ခံစားခဲ့ရပြီး အဲဒီကနေစပြီး စကားမပြော နှုတ်ဆိတ်သွားတော့တာပဲ။ ငါးနှစ်တိုင်တိုင် သူ စကားမပြောနိုင်ခဲ့ဘူး။
“ကျမ ထင်တယ်။ ကျမ စကားသံကြောင့် သူအသတ်ခံခဲ့ရတာပဲ။ သူ့နာမည်ကို ကျမ ထုတ်ပြောလိုက်တာကိုး။ အဲဒီ နောက်တော့ ကျမ နောက်ထပ် စကားမပြောတော့ဖို့ တွေးလိုက်မိတယ်။ ဘာကြောင့်ဆို ကျမ စကားသံက တယောက်ယောက်ကို သတ်မှာ …” လို့ ပြောပြခဲ့တယ်။
သူ အသံတိတ်နေခဲ့တဲ့ ငါးနှစ်အတွင်းမှာ အင်ဂျလိုရဲ့ ဘာသာစကားကို ချစ်မြတ်နိုးတဲ့ စိတ်က ဖွံ့ဖြိုးလာခဲ့တယ်။ လူမည်း စာရေးဆရာတွေဖြစ်တဲ့ လင်စတန် ဟျူး၊ ဒဗလျူ အီး ဘီ ဒူဘွိုက်စ်နဲ့ ပေါ လောရင့်စ် ဒန်ဘာ တို့ကို ဖတ်သလို ဝီလျံ ရှိတ်စပီးယား၊ ချားစ်ဒစ်ကင်းနဲ့ အက်ဒ်ဂါအယ်လင်ပိုး တို့ရဲ့ ကျမ်းရင်း လက်ရာတွေကိုလည်း ဖတ်ခဲ့တယ်။ နှုတ်ဆိတ် နေခဲ့တဲ့ ကာလအတွင်းမှာ အင်ဂျလိုရဲ့ ထူးကဲတဲ့ မှတ်ဉာဏ်တွေ၊ စာအုပ်နဲ့ စာပေအပေါ် ချစ်စိတ်တွေနဲ့ သူ့ ပတ်ဝန်းကျင်က လောကကို နားထောင်စူးစမ်းတဲ့ အရည်အသွေးတွေ ဖြစ်ပေါ်ဖွံ့ဖြိုးခဲ့တာပဲ။
သူ့အသက် ၈၀ မွေးနေ့မှာ ယူအက်စ်အေ တူဒေး သတင်းစာ ဆောင်းပါးအတွက် အဲဒီအခင်းတွေ ဖြစ်ပွားပြီးနောက်ပိုင်း သူနှုတ်ဆိတ် နေခဲ့တာနဲ့ ပတ်သက်လို့ သူ့အဘွားက ပြောပြခဲ့ပုံကို သူက သတင်းစာကို ဒီလို ဖွင့်ဟခဲ့တယ်။
“ညီမလေး (သူက ကျမကို ညီမလေးပဲ ခေါ်တာ)။ မာမာက တခြားလူတွေ မင်းနဲ့ ပတ်သက်ပြီး ဘာပြောပြော ဂရုမစိုက်ဘူး။ မာမာက သိတယ်၊ မင်းနဲ့ ဘုရားသခင် ဘယ်အချိန် အဆင်သင့်ပြန်ဖြစ်မယ် ဆိုတာ။ မင်းက ဆရာတယောက် ဖြစ်လာမှာပါ”
အင်ဂျလို အသက် ၁၂ နှစ်ခွဲ ရောက်တော့ လူမည်း ပညာတတ် အမျိုးသမီး တယောက်ဖြစ်တဲ့ မစ္စဖလားဝါးက ပြန်ပြီး စကားပြောနိုင်အောင် ကူညီပေးနိုင်ခဲ့တယ်။ မစ္စဖလားဝါးက နှုတ်ပြော စကားလုံးတွေရဲ့ အရေးပါပုံကို အသားပေးပြောခဲ့၊ ပညာရေးရဲ့ သဘောသဘာဝနဲ့ အရေးပါပုံကို ရှင်းပြခဲ့၊ ကဗျာချစ်စိတ်ကို သူ့စိတ်ထဲ မွေးမြူသွတ်သွင်းပေးခဲ့တယ်။
ဒီလိုနဲ့ တေးသီလာနိုင်တဲ့ လှောင်ချိုင့်သွင်း ငှက်ငယ်ဟာ တကိုယ်တည်း မိခင်ဘဝအဖြစ်၊ သားတယောက်နဲ့ ဆယ်ကျော်သက် ဘဝကို ကျော်ဖြတ်ပြီးတဲ့နောက် ဘဝကြမ်းကြမ်း၊ လှေကားထစ် စောက်စောက်တွေမှာ အိမ်ထောင် ဆက်တွေ၊ အလုပ်အကိုင်တွေ၊ အခြေစိုက်ရာ မြို့ကြီးတွေ ပြောင်းရွှေ့ ပြောင်းရွှေ့ ရပ်တည်ရင်းက ဒီလောကမှာ သူ့ရဲ့ နာမည်ကြီး ကဗျာ “The Phenomenal Woman” ထဲကလို တမူထူးတဲ့ မိန်းမသား၊ အာဂ မိန်းမသားဖြစ်ခဲ့တာပဲ။ အညွန့်ချိုး ခံရပေမဲ့ ဖွံ့ဖြိုးဝေစည်တဲ့ သစ်ပင်ကြီးတစ်ပင် ဖြစ်ခဲ့တာပဲ။ ခေတ်ပေါ် အကကို သင်ယူခဲ့ပြီး ကချေသည်လည်း ဖြစ်ခဲ့၊ ညကလပ် တွေမှာ ကခဲ့၊ ကာရစ်ဘီယန်ဒေသရဲ့ ကလစ်ဆိုဂီတ (Calipso Music) နဲ့ အဆို အက နာမည်ထွက်ခဲ့။ ကလစ်ဆိုရဲ့ ရေပန်းစားမှုပေါ် စီးမိပြီး ၁၉၅၇ က ထုတ်ခဲ့တဲ့ သူ့ရဲ့ ပထမဆုံး အယ်လ်ဘမ် မစ္စကလစ်ဆို (Miss Calipso) ဟာ ၁၉၉၆ မှာ စီဒီအဖြစ် ပြန်ထုတ်ခဲ့ရသေးတယ်။ နောက်နှစ်နှစ်အကြာမှာ ဟာလမ် စာရေးဆရာ အစည်းအရုံးနဲ့ ဆက်မိပြီး အထင်ကရ အာဖရိကန် အမေရိကန် စာရေးဆရာတွေနဲ့ ဆုံရ၊ သူ့ရဲ့ စာရေးဆရာဘဝကိုလည်း စဖြစ် တော့တာပဲ။ နောက် တောင်အာဖရိက လွတ်လပ်ရေး တိုက်ပွဲဝင်သူ ဗျူဇမ်ဇီ မိခ်နဲ့ ဆုံဆည်းခဲ့ပြီး ၁၉၆၁ မှာ သူ့သား ဂိုင်နဲ့အတူ ကိုင်ရိုကို ရွှေ့သွားဖြစ်ခဲ့တယ်။ အာရပ် အော့ဇားဗား အပတ်စဉ်ထုတ် အင်္ဂလိပ်ဘာသာ သတင်းစာမှာ တွဲဖက် အယ်ဒီတာ လုပ်တယ်။ ဒါပေမယ့် မိခ်နဲ့ တရားဝင် လက်မထပ်ခဲ့ဖူးဘူး။ ကိုင်ရို ထွက်မသွားမီကတည်းက မာတင် လူသာကင်း ဂျူနီယာနဲ့ တွေ့ပြီး သူ့ရဲ့ မြို့ပြအခွင့်အရေး လှုပ်ရှားမှုတွေမှာ အင်ဂျလိုက ပါဝင် ပတ်သက် ခဲ့ပြီးလည်း ဖြစ်တယ်။ ကိုင်ရိုကနေ ဂါနာ ပြောင်းနေစဉ်မှာ မယ်လကွန်အိခ်စ်နဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်တယ်။ ၁၉၆၅ ခုနှစ် အင်ဂျလို အမေရိကားကို ပြန်ဝင်လာတော့ အိခ်စ်ရဲ့ အာဖရို အမေရိကန် သွေးစည်းညီညွတ်ရေး အစည်းအရုံးကို ကူညီခဲ့တယ်။
မာတင်လူသာကင်းကသူမကွယ်လွန်မီ ၁၉၆၈မှာ ချီတက်ပွဲတခု အင်ဂျလိုက စည်းရုံး လုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့တာကို အင်ဂျလိုက လက်ခံခဲ့တယ်။ ဒါပေမယ့် အဲဒီနှစ် အင်ဂျလိုရဲ့ အသက် ၄၀ ပြည့်မွေးနေ့ (ဧပြီ ၄) မှာပဲ မာတင် လူသာကင်းက တိုက်တိုက်ဆိုင်ဆိုင် လုပ်ကြံခံခဲ့ရတယ်။ ဝမ်းနည်းကြေကွဲဖွယ် နေ့ရက်တွေက သူ့ဘဝကို၊ အခု မြို့ပြ အခွင့်အရေး တက်ကြွလှုပ်ရှားသူလည်း ဖြစ်နေသူရဲ့ ဘဝကို ဝင်လာခဲ့ပြန်ပေါ့။ ဒါပေမယ့် ၁၉၆၉ မှာ သူ့ရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိ ပထမအုပ် “I Know Why the Caged Bird Sings” ထွက်နိုင်ခဲ့ပြီး နိုင်ငံတကာ စာပေလောကရဲ့ အသိအမှတ် ပြုမှုနဲ့ ချီးကျူးထောမနာ ပြုမှုကိုလည်း သူရလိုက်တော့တယ်။ အဲဒီနောက် အတွဲ ခြောက်တွဲ ထပ်ထွက်တဲ့၊ သူ့ရဲ့ အတ္ထုပ္ပတ္တိဟန် ဝတ္ထုလို့ ဝေဖန်သူတချို့က သတ်မှတ်လိုတဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ ခုနစ်တွဲဟာ သူရဲ့ လူသိအများဆုံး လက်ရာတွေပဲ။
ဒါပေမယ့် မာယာဟာ ဘီလ်ကလင်တန်ရဲ့ သမ္မတ ကျမ်းကျိန်ပွဲမှာ ရွတ်ခဲ့တဲ့ “On the Pulse of Morning” ကဗျာ အပါအဝင် ကဗျာများစွာ ရေးသားပြီး အောင်မြင်တဲ့ ကဗျာဆရာမ တဦးလည်း ဖြစ်ခဲ့တယ်။ “လူမည်းအမျိုးသမီး စာဆိုတော်ကဝိ” အဖြစ် သူ့ကို သတ်မှတ်ကြတယ်။ ဝေဖန်ရေးဆရာ အများစုကတော့ သူ့ရဲ့ အတ္ထုပ္ပတ္တိအတွဲတွေက သူ့ကဗျာထက် အရေးပါတယ်လို့ သဘောထားကြတယ်။ သူ့ရဲ့ ကဗျာတွေဟာ သူကိုယ်တိုင် ရွတ်ဆိုတဲ့အခါ ပိုပြီး စိတ်ဝင်စားဖွယ် ဖြစ်လာပြီး ဝေဖန်ရေး ဆရာတွေက သူ့ကဗျာတွေရဲ့ လူထု အသွင်လက္ခဏာကို အလေးပေးဖော်ပြတယ်။ သူ့ကဗျာအများအပြားရဲ့ လူထုဆန်တဲ့ သဘာဝနဲ့ အင်ဂျလိုရဲ့ ထင်ရှားကျော်ကြားတဲ့ အောင်မြင်မှု နှစ်မျိုးစလုံးအပေါ် ဝေဖန်သူတွေက ထောမနာပြုချင်ပုံ မရဘူး။ ပြီးတော့ ဝေဖန်ရေးဆရာတွေက ကဗျာဆိုတာကို နှုတ်ပြော၊ ရွတ်ဆို ဆောင်ရွက်တဲ့ ပုံစံထက် အရေးအသား ပုံစံကိုပဲ လိုလားနှစ်သက်ပုံရတယ်။
အင်ဂျလိုဟာ တက္ကသိုလ် ဒီဂရီတခုမှ မရခဲ့ပေမယ့် သူ့ရဲ့ ပညာဉာဏ်၊ သူ့ရဲ့ အလုပ်နေရာကို လေးစားပြီး သူ့ရဲ့ မိသားစု အပြင်ဘက်မှာနဲ့ သူ့ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေကြားမှာ ဒေါက်တာ အိန်ဂျလိုလို့ ခေါ်ဝေါ် ခံရသူလည်း ဖြစ်တယ်။
ဒီအမေရိကန် ကဗျာဆရာမကြီး ဆုံးတော့ အမေရိကန် သမ္မတ အိုဘားမားက ကြေညာချက် ထုတ်ပြန်ခဲ့တယ်။ နောက် ဒီစီ ကောင်စီဝင်၊ အမေရိကန် ပညာရေးဝန်ကြီး၊ မေရီလန်း ကောင်စီဝင် စသဖြင့် အသီးသီးကလည်း ကြေညာချက်တွေ ထုတ်ခဲ့ကြ။ ကျနော် ပြီးခဲ့တဲ့ ဧပြီလထဲက သတင်းစာဆရာ စာရေးဆရာကြီး ဦးဝင်တင်ရဲ့ ဈာပနကို သတိရမိတယ်။ ပြည်သူလူထုက အမှန်တကယ် ရွေးချယ်တင်မြှောက် ထားတဲ့ အစိုးရဆိုတော့ ပြည်သူလူထုက လေးစားချစ်ခင်တဲ့ ကဗျာဆရာမကြီးရဲ့ ကွယ်လွန်ခြင်းမှာ အလေးအနက် ထုတ်ပြန်ချက်တွေကို သမ္မတက အစပြုလို့ အစိုးရအဖွဲ့ဝင်တွေ အသီးသီး ထုတ်ပြန်ကြတာပဲ။
ဘားရက် အိုဘားမားက “လွန်ခဲ့တဲ့နှစ်က သူ့မိတ်ဆွေ နယ်လ်ဆင်မင်ဒဲလား ဆုံးတော့ မာယာအင်ဂျလိုက … နေဝင်ချိန်မှာ နေက ကြာကြာမရှိနိုင်တော့ဘူး။ ဒါပေမယ့် နေပြန်ထွက်လာပြီး အာရုံဦးကို ဆောင်ကျဉ်းဦးမယ် … လို့ ရေးခဲ့တယ်။ ဒီနေ့ မီရှဲလ်နဲ့ ကျနော်ဟာ ကမ္ဘာတဝန်းက သန်းပေါင်းများစွာသော လူထုတွေနဲ့ အတူ ကျနော်တို့ ခေတ်ရဲ့ အတောက်ပဆုံး အလင်းရောင်တခု (အလွန်ထူးချွန်တဲ့ စာရေးဆရာ၊ ထန်ပြင်းတဲ့ မိတ်ဆွေ၊ တကယ့်ကို တမူထူးတဲ့ မိန်းမသား) ကို သတိတရ ရှိနေကြမယ်။ သူ့ရဲ့ အမှတ်ပြုဖွယ် ဘဝတလျှောက်လုံးမှာ မာယာဟာ အရာများစွာ ဖြစ်ခဲ့ပါတယ်။ စာရေးဆရာ၊ ကဗျာဆရာ၊ မြို့ပြအခွင့်အရေး တက်ကြွလှုပ်ရှားသူ၊ ပြဇာတ်ရေးဆရာ၊ သရုပ်ဆောင်၊ ဒါရိုက်တာ၊ သီချင်းရေးဆရာ၊ အဆိုတော်၊ ကချေသည်။ ဒါပေမယ့် အဲဒါတွေ အားလုံးထက် သူက ပုံပြောသူ၊ သူ့ရဲ့ အကြီးမြတ်ဆုံး ဇာတ်လမ်းတွေက အမှန်တွေပဲ။ မတရားကျင့်ခံရ၊ ဒုက္ခခံစားရတဲ့ သူ့ကလေးဘဝဟာ တကယ့်ကို သူ့ကို ဆွံ့အအောင် တွန်းပို့ခဲ့တယ်။ ဒါပေမယ့် ပြန်ပြီး ရှာတွေ့ခဲ့တဲ့ သူ့အသံဟာ အမေရိကန် မျိုးဆက်များစွာကို တိမ်တိုက်တွေအလယ်မှာ သူတို့ရဲ့ သက်တံကို တွေ့နိုင်ဖို့၊ ကျန်တဲ့ ကျနော်တို့အားလုံး ကျနော်တို့ရဲ့ အကောင်းဆုံး အတ္တပင်ကို ဖြစ်လာအောင် နိုးကြွလာစေဖို့ ကူညီခဲ့တယ်” လို့ ဂုဏ်ပြု ထုတ်ပြန်ခဲ့တယ်။
လူမျိုးခွဲခြားမှု၊ လိင်ခွဲခြားမှု၊ ဆင်းရဲချမ်းသာခွဲခြားမှု၊ အနိဋ္ဌာရုံတွေနဲ့ ပိတ်လှောင်ခံနေရပေမဲ့၊ လှောင်ချိုင့်တွင်းကျ ငှက် ဖြစ်ပေမယ့် တေးသီနိုင်ကြောင်း မာယာက ကျနော်တို့ကို သူ့ရဲ့ တသက်တာနဲ့ အထင်အရှား ပြသသွားခဲ့ပါပြီ။ နံနက်ခင်းရဲ့ သွေးအခုန်မှာ တကယ့် တမူထူးတဲ့ မိန်းမသားကို တွေ့ရှိနိုင်ဖို့ သူ့ကဗျာတွေ၊ အတ္ထုပ္ပတ္တိ အရေးအဖွဲ့တွေ၊ သူ့ ကဗျာရွတ်သံတွေကြား ကျနော်တို့ သွားရောက် ရှာဖွေနိုင်ပါလိမ့်မယ်။ မာယာကိုယ်တိုင်ကတော့ လှောင်ချိုင့်ထဲကနေ လွတ်ထွက် ပျံသန်းသွားပါပြီ။ သူ့ကဗျာတစ်ပုဒ်ထဲကလို “ကောင်းကင်ဘုံဆီ ရုန်းထွက်သွားခဲ့ (Flung up to Heaven)” ပါပြီ။
မောင်လင်းရိပ်သည် ကဗျာဆရာ တဦးဖြစ်ပြီး မဂ္ဂဇင်းများ၊ ဂျာနယ်များတွင် ကမ္ဘာ့ကဗျာများ၊ မြန်မာ့ ကဗျာများ၊ ကဗျာ ဆရာ ဆရာမများနှင့် ပတ်သက်၍ သုတေသနပြု ရေးသားနေသူဖြစ်သည်။