၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပါအဝင် ရွေးကောက်ပွဲ အားလုံးတွင် အမျိုးသား လွတ်တော်အတွက် ကိုယ်စားလှယ်များ ရွေးချယ်ရာ၌ မဲအချိုးကျ ကိုယ်စားပြု (Proportional Representative – PR) စနစ်ကို ကျင့်သုံးရန် အမျိုးသား လွှတ်တော်တွင် လက်ခံဆွေးနွေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် (၁) မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က လာမည့် မည်သည့် ပါတီစုံ ရွေးကောက်ပွဲများတွင် မဆို အမျိုးသားလွှတ်တော် အတွက် ကိုယ်စားလှယ်များ ရွေးချယ်ရာ၌ အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးရန် လွှတ်တော်က အဆုံးအဖြတ် ပေးပါရန်နှင့် ဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများကို လိုအပ်သလို ဆက်လက် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အား တိုက်တွန်းကြောင်း အဆိုတင်သွင်းရာ အမျိုးသား လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူလိုက်ခြင်း ဖြစ်သည်။
မဲအချိုးကျ ကိုယ်စားပြု (PR) စနစ်ဆိုသည်မှာ မဲဆန္ဒနယ် တခုတွင် မဲအများဆုံး ရရှိသူက အနိုင်ရရှိသည့် ပုံစံမဟုတ်ဘဲ ထောက်ခံမဲ အချိုးကျအပေါ် မူတည်ပြီး လွှတ်တော် ကိုယ်စားလှယ် ရရှိသည့်ပုံစံ ဖြစ်သည်။
ပါတီစုံ ဒီမိုကရေစီ စနစ် မှန်မှန်ကန်ကန် ကျင့်သုံးနိုင်ရန်နှင့် ပြည်သူလူထု၏ ဆန္ဒအများစု လွှတ်တော်အတွင်းသို့ ရောက်ရှိရန် မဲအချိုးကျ ကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးရန် လွှတ်တော်သို့ တိုက်တွန်းရခြင်း ဖြစ်ကြောင်း၊ ယင်း PR စနစ်ကို လွယ်လွယ်ကူကူ ကျင့်သုံးနိုင်ရန် အမျိုးသားလွှတ်တော်အတွက် တင်သွင်းရခြင်း ဖြစ်ကြောင်း ယင်းအဆို တင်သွင်းခဲ့သူ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ဧရာဝတီသို့ ပြောသည်။
“ပါတီစုံ ဒီမိုကရေစီ ဖြစ်ဖို့အတွက် PR ကို တင်တာ။ အခု ပါတီက ၆၅ ခု တောင် ရှိနေပြီ။ သို့သော်လည်း နိုင်သူ အကုန်ယူ စနစ်သာ လုပ်မယ်ဆိုရင်တော့ မဲ ၅၁ ရာခိုင်နှုန်း ရရင် နိုင်တဲ့သူက နိုင်သွားပြီးတော့ ကျန်တဲ့ ၄၉ ရာခိုင်နှုန်း မဲတွေက Waste ဖြစ်သွားလိမ့်မယ်။ ကျန်တဲ့ ပြည်သူတွေရဲ့ ဆန္ဒတွေက အလကား ဖြစ်သွားမယ်။ အပယ်ခံ ဖြစ်သွားမယ်။ အချိုးချ စနစ်လုပ်ရင် ပြည်သူလူထုရဲ့ ဆန္ဒ ၉၅ ရာခိုင်နှုန်းလောက်က လွှတ်တော်ထဲကို ရောက်သွားမှာ။ အဲဒါကြောင့် PR စနစ်ကို လုပ်နေတာ” ဟု ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်၏ အဆိုကို အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ထောက်ခံမဲပေးခဲ့ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ NLD က ကိုသိမ်းဆွေကို ကန့်ကွက်ဖို့ တာဝန်ပေးလိုက်တယ်လေ။ ကန့်ကွက်ဖို့ ပြောချင်တာကို ပြောခွင့် မပေးဘူး။ အဲဒါနဲ့ မဲခွဲမယ်ဆိုပြီး ခွဲလိုက်တော့ သူတို့က ၁၆၅ မဲ လို့ သိရတယ်။ ထောက်ခံတဲ့သူကို ရေတွက်ရမှာ အကုန်လုံးနီးပါးက ထပြီး ထောက်ခံလိုက်တော့ အများစု ဖြစ်သွားတာပေါ့။ ကျနော်တို့က လွှတ်တော်ထဲမှာ လူနည်းစု ဆိုတော့ ဘာမှ လုပ်မရဘူး။ တိုင်ရင်းသား တချို့တောင် ထပြီး ထောက်ခံတယ်။ ကြံ့ခိုင်ရေးနဲ့ စစ်တပ်က လူတွေ အားလုံးက ထောက်ခံကြတယ်” ဟု ဒေါက်တာမြင့်နိုင်က ဆိုသည်။
PR စနစ်ကို လွှတ်တော်တွင် စတင်ဆွေးနွေပါက ကန့်ကွက် ဆွေးနွေးသွားရန်ရှိပြီး PR စနစ်ကို ထောက်ခံသော တိုင်းရင်းသား များမှာလည်း အာဏာရ ကြံ့ခိုင်ရေးပါတီမှ တိုင်းရင်းသား အမတ်များသာ ဖြစ်ကြောင်း ရခိုင်ပြည်နယ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောသည်။
PR စနစ်ကို ကန့်ကွက်သော အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပုသိမ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က “ဒီ PR စနစ်ကို ကျင့်သုံးမယ် ဆိုရင် လူမျိုးစွဲ၊ ဝါဒစွဲ၊ အစွန်းရောက် ပါတီတွေက အချိုးကျ စနစ်နဲ့ မဲရလာနိုင်တယ်။ အဲဒီလို ဖြစ်လာရင် တိုင်းပြည်ရဲ့ကံကြမ္မာ စိုးရိမ်ရတဲ့ အခြေအနေ ရောက်သွားလိမ့်မယ်။ ဂျာမနီနိုင်ငံမှာ PR စနစ် ကျင့်သုံးခဲ့လို့ နာဇီတွေ နေရာရလာပြီး အာဏာရှင် ဟစ်တလာ တက်လာတာကို ကျနော် ဥပမာပေး ထောက်ပြခဲ့တယ်။ ဂျာမန် ဒီမိုကရေစီ ပျက်စီးရခြင်းဟာ PR စနစ်ကြောင့်လို့ ပြောစမှတ် တွင်သွားတယ်။ အခုဒီက ဒီမိုကရေစီ စနစ်က အပင်ပေါက်လေး ပဲရှိသေးတယ်။ သင်းသတ်တဲ့ ပုံစံမျိုးတော့ အဖြစ်မခံနိုင်ဘူး” ဟု ပြောသည်။
PR စနစ်ကျင့်သုံးရန် ထောက်ခံသော ပါတီများမှာ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၊ ဒီမိုကရက်တစ် ပါတီ (မြန်မာ)၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီတို့ ဖြစ်ပြီး ကန့်ကွက်နေသော ပါတီများမှာ အတိုက်အခံ အင်အားကြီးပါတီဖြစ်သည့် NLD နှင့် တိုင်းရင်းသား ပါတီ တချို့တို့ ဖြစ်သည်။