ရန်ကုန် သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် ဒေသခံများ ကြုံတွေ့နေရသော ထိခိုက် နစ်နာမှု အခက်အခဲများကို အစိုးရ ပိုင်းမှ လျစ်လျူရှုခဲ့မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အတွင်းရှိ ဂျပန်အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်း အေဂျင်စီ(JICA)က ကြားဝင် မဆောင်ရွက် သည့်အတွက် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ JICA အဖွဲ့ချုပ်ထံသို့ သီလဝါ ဒေသခံများက သွားရောက် ကန့်ကွက်ခဲ့ကြောင်း ဇွန်လ ၂ ရက်က ထုတ်ပြန်သည်။
JICA သည် သီလဝါ စီမံကိန်းတွင် ပါဝင်သည့် ဂျပန် ကုမ္ပဏီများဘက်မှ ဦးဆောင်၍ လမ်းညွှန်မှုများပေးနေသော အဖွဲ့အစည်း ဖြစ် သည်။
စီမံကိန်း အကောင်အထည်ဖော်ရာတွင် တာဝန်ယူမှုများ ပျက်ခဲ့ကွက်မှု၊ သဘာ၀ ပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ JICA ၏ လမ်း ညွှန် ချက်များကို သွေဖီနေသည့် အချက်များ၊ ပြန်လည် နေရာချထားရေးတွင်လည်း ပြောင်းရွှေ့ခံ ဒေသခံများအပေါ် လိုအပ်သည့် အထောက်အပံ့များပေးရန် ပျက်ကွက်မှုများကို ကြားဝင်ဖြေရှင်းပေးရန် JICA အဖွဲ့ချုပ်ထံသို့ ဒေသခံများက တောင်းဆိုခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ JICA အဖွဲ့သည် တိကျသော စုံစမ်းစစ်ဆေးမှု ပြုလုပ်ရမည့်အစား မြန်မာအစိုးရ၏ ပြောဆိုမှုကိုသာ လက်ခံပြီး ပြောင်းရွှေ့ခံဒေသခံများ၏ လူနေမှုအဆင့်အတန်း၊ ဝင်ငွေအခွင့်အလမ်းနှင့် ထုတ်လုပ်မှုစွမ်းအားတို့ကို အနည်းဆုံး လက် ရှိ အခြေအနေအတိုင်း ဖြစ်ရန် ဆောင်ရွက်ပေးရမည့် အချက်များအပေါ် ပျက်ကွက်ကြောင်း အသေးစိတ် ရေးသားပေးပို့ရာ ဂျပန်နိုင်ငံ ရှိ JICA စုံစမ်းစစ်ဆေးရေး အရာရှိ ဒေါက်တာ Sachihiko Harashina က လက်ခံခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် ရင်းနှီးမြှုပ်နှံမည့် ဒေသခံပြည်သူများ အခက်အခဲ မဖြစ်စေရန် JICA အဖွဲ့က လမ်းညွှန်ချက်များ ထုတ်ပြန်ပြီး အဆိုပါ အချက်များအတိုင်း လိုက်နာကျင့်သုံးရန် စည်းကမ်း သတ်မှတ်ထားသည်။
စီမံကိန်း ပထမအဆင့် ဟက်တာ ၄၀၀ မှ ဒေသခံများ ပြောင်းရွှေ့မှုတွင် လယ်ယာမြေဆုံးရှုံးခြင်း၊ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ အခွင့်အလမ်းများ ဆုံးရှုံးခြင်း၊ ဆင်းရဲနွမ်းပါးမှု ပိုမိုဖြစ်ပေါ်စေခြင်း၊ ဒေသခံ ကလေးငယ်များ၏ ပညာရေး အခွင့်အလမ်းများ ဆုံးရှုံးခြင်း၊ ပြန်လည်နေရာချထားပေးသည့် အခြေခံအဆောက်အအုံနှင့် ပတ်ဝန်းကျင်ကလည်း အဆင့်နိမ့်ပါးပြီး သန့်ရှင်းသောရေ မရှိခြင်း များ ဖြစ်ပေါ်နေကြောင်း အဆိုပါ ကန့်ကွက်လွှာတွင် ရေးသားထားသည်။
စီမံကိန်း ဒုတိယအဆင့် ဟက်တာ ၂ ထောင်တွင်လည်း အဆိုပါ ထိခိုက်မှုများကို တွေ့ကြုံလာရနိုင်ပြီး စီမံကိန်းနှင့်ပတ်သက်၍အစိုး ရနှင့် စီမံကိန်းတာဝန်ရှိသူများသည် ဒေသခံများ၏ တင်ပြချက်များကို လျစ်လျူရှုခဲ့ကြောင်း၊ မြန်မာနိုင်ငံရှိ JICA ကလည်း လျစ်လျူရှုခဲ့ကြောင်း၊ ဂျပန်နိုင်ငံရှိ စုံစမ်းရေးအရာရှိအနေဖြင့် ပကတိအခြေအနေကို စုံစမ်းစစ်ဆေးပေးဖို့ မျှော်လင့်ကြောင်း ကန့်ကွက်လွှာ သွားရောက်တင်သွင်းသည့်အဖွဲ့မှ သီလဝါ လူမှုဘ၀ ဖွံ့ဖြိုးရေးအဖွဲ့ခေါင်းဆောင် ဦးမြလှိုင်က ကန့်ကွက်လွှာပေးပို့ရာတွင် ပြောကြား ခဲ့သည်။
“အခု ပြောင်းရွှေ့ပေးတဲ့ မြိုင်သာယာမှာလည်း ဆောက်ထားတဲ့ အိမ်တွေက သေးတယ်၊ အရည်အသွေးလည်း မကောင်းဘူး။ ကိုယ့်ဘာသာ ဆောက်ဖို့ပေးတဲ့ လျော်ကြေးကို ယူပြီးဆောက်တော့ အကြွေးတင်တယ်။ ပြောင်းရွှေ့ဖို့ သဘောတူ လက်မှတ်ရေး ထိုးရတာမှာလည်း ပထမက ကျနော်တို့ လက်မှတ်မထိုးချင်ဘူး။ ဒါပေမယ့် အစိုးရအရာရှိတွေက ကြိမ်ဖန်များစွာ အိမ်ကိုလာပြီး ဖိအားပေးတာကြောင့် နောက်ဆုံး ကျနော်တို့ ရွေးချယ်ခွင့်မရှိတော့ဘဲ လက်မှတ်ရေးထိုးလိုက်ရတာ”ဟု ကန့်ကွက်လွှာ သွားရောက် တင်သွင်းသည့်အဖွဲ့မှ သီလဝါဒေသခံ ကိုအေးခိုင်ဝင်းက ပြောဆိုသည်။
လွန်ခဲ့သော ၇ လအတွင်း ပိုမိုဆိုးရွားသည့် အခြေအနေများကို ဒေသခံများက မြန်မာနိုင်ငံအတွင်းရှိ JICA အဖွဲ့ထံသို့ တင် ပြခဲ့ သော်လည်း တုံ့ပြန်မှုမပေးကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ JICA အနေဖြင့် သူ့တို့လမ်းညွှန်မှုကို သူတို့ကိုယ်တိုင် လိုက်နာရန်ပျက်ကွက်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံ JICA အဖွဲ့မှ စုံစမ်းသူများအနေဖြင့် ဒေသခံများ၏ ဘဝအခြေအနေနှင့် စိုးရိမ်ပူပန်မှုကို နားလည်ပြီး အလျင်အမြန် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယခုကိစ္စရပ်သည် မြန်မာနိုင်ငံအတွင်း အကောင်အထည် ဖော်နေသော JICA ၏ တခြား သော စီမံကိန်းများအတွက် စမ်းသပ်ချက်တခုဖြစ်ကြောင်း မဲခေါင်ဒေသတွင်း ဂျပန်နိုင်ငံ၏ စီမံကိန်းများကို စောင့်ကြည့်နေသောအစိုး ရ မဟုတ်သည့် အဖွဲ့အစည်းဖြစ်သော မဲခေါင်စောင့်ကြည့်ရေးအဖွဲ့ Mekong Watch မှ Minari Tsuchikawa က ပြောသည်။
ယခုကဲ့သို့ ဂျပန်နိုင်ငံအထိ သွားရောက် ကန့်ကွက်ခြင်းကလည်း ဒေသခံတချို့၏ ကိုယ်ပိုင်လုပ်ပိုင်ခွင့်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ JICA အဖွဲ့မှလည်း ဒီကိစ္စကို သေချာစွာစဉ်းစားပြီး စုံစမ်းစစ်ဆေးမည် ဖြစ်ကြောင်း သီလဝါ စီမံကိန်းနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတဦးဖြစ်သည့် အလုပ်သမားရေးရာ ဝန်ကြီး ဦးစိုးမင်းက ဧရာဝတီသို့ ပြောသည်။
ယနေ့အချိန်တွင် ဒုတိယ စီမံကိန်း ဟက်တာ ၂ ထောင်မှ အဖွဲ့ ၆ ဖွဲ့နှင့်လည်း တွေ့ဆုံပြီး ဆွေးနွေးမှုများ အဆင်ပြေလျက် ရှိကြောင်း၊ မကျေနပ်သူများ၏ အခွင့်အရေးအတွက် သူတို့လုပ်ပိုင်ခွင့်ကို တားဆီးရန်အစီစဉ်မရှိကြောင်းလည်း ၎င်းက ဆက်ပြော သည်။
“သွားပို့တာတော့ သူတို့လုပ်ပိုင်ခွင့်ပဲ။ ဘယ်တတ်နိုင်မလဲ။ ဟိုဘက်က လာစုံစမ်းရင်လည်း လာကြပါစေ။ ကျနော်တို့ လုပ်ထားတာ တွေ့သွားရင် ပိုတောင် ကောင်းသေးတာပေါ့။ ဒီလို မကျေမနပ်ဖြစ်နေတာကလည်း လူနည်းစုလေးပါ။ အခုဆိုရင် ကျနော်တို့ အစား ပေးလိုက်တဲ့ မြိုင်သာယာနေရာတွေက ကျပ် သိန်း ၁၅၀ လောက်အထိကို ဈေးပေါက်နေပြီ။ တချို့ဆို ဒီနေရာကိုရောင်းပြီး လှည်း ကူး ဘက်မှာ သွားပြန်ဝယ်နေကြတာ အိမ်ဝိုင်းတွေအပြင် လယ်တွေပါ ရလာတော့ ကျနော်တို့က ဒီသတင်းကြားရုံတင် ဝမ်းသာနေ တာ။ ဒီစီမံကိန်းအောင်မြင်အောင်တော့ အားလုံးဝိုင်းဝန်းပူးပေါင်းလုပ်ကြရမှာပဲ”ဟု ဝန်ကြီး ဦးစိုးမင်းက ပြောဆိုသည်။
သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် JICA က စီမံကိန်း၏ ၁၀ ရာခိုင်နှုန်းဖြစ်သော ယန်း သန်း ၅၀၀ ( ၅ ဘီလီယံ ကျပ်ခန့်) ရင်းနှီးမြှုပ်နှံထားပြီး မစ်ဆူဘီရှီ၊ ဆူမီတိုမို၊ မာရူဘယ်နီ စသော ဂျပန်ကုမ္ပဏီ ၃ ခုက ၃၉ ရာခိုင်နှုန်း၊ မြန်မာအစိုးရက ၁၀ ရာခိုင်နှုန်းနှင့် ဖက်စပ် တည်ထောင်ထားသော မြန်မာကုမ္ပဏီ ၉ ခုတို့က ၄၁ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားသည်။