ပဲခူးတိုင်း၊ ပြည်မြို့ရှိ နဝဒေးသကြားစက်မှ ဝန်ထမ်းကြိုပို့ယာဉ်တစီး ယနေ့ မနက်ပိုင်းက တိမ်းမှောက်မှုခဲ့ရာ ယာဉ်မောင်း အပါအဝင် စုစုပေါင်း လူ ၂၅ ဦး ဒဏ်ရာ ရရှိသွားပြီး ပြည်မြို့ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။
ယနေ့ မနက် ၈နာရီခန့်က နဝဒေးသကြားစက် ဝန်ထမ်းများ လိုက်ပါသော တီအီး အမျိုးအစား ကြိုပို့ယာဉ်သည် စက်ချို့ယွင်းမှု ဖြစ်ပေါ်၍ အမှတ် ၁၀ ရဲတပ်ရင်း အနီးတွင် တိမ်းမှောက်မှုဖြစ်ပွားခြင်း ဖြစ်သည်ဟု ပြည်မြို့နယ်ယာဉ် ထိန်း ရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။
“ဒီကားနဲ့ အသွားအပြန် လုပ်နေတာ ၁၆ နှစ် ရှိပြီ၊ အခုလို ဖြစ်တာ ပထမဆုံး အကြိမ်ပဲ၊ ကားက လမ်းဘေးက ချောက်ထဲ တပတ်လည်ပြီး၊ ပြုတ်ကျသွားတယ် ထင်တယ၊် အမတို့လည်း ကားထဲမှာ ဆိုတော့ ဘာမှ မမြင်လိုက်ဘူး၊ မှောက်ပြီး ဆေးရုံကို ထော်လာဂျီနဲ့ လိုက်ပို့တာပဲ သိလိုက်တယ်” ဟု တိမ်းမှောက်ခဲ့သည့် ယာဉ်ပေါ်တွင် လိုက်ပါ စီးနင်းလာသော သကြားစက် ဝန်ထမ်း ဒေါ်စောနွဲ့မူက ဆိုသည်။
ထိခိုက်ဒဏ်ရာ ရရှိသူ ဝန်ထမ်း ၂၅ ဦးတွင် အတွင်းလူနာ ၁၆ ဦး၊ ပြင်ပလူနာ ၉ ဦး ကုသမှု ခံယူနေရပြီး တဦးမှာ ဦးခေါင်းပိုင်း ထိခိုက်ဒဏ်ရာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဦးနှောက်နှင့် အာရုံကြောဌာနသို့ အရေးပေါ် လွှဲပြောင်း ကုသမှု ခံယူနေကြောင်း သိရသည်။
“အတွင်းလူနာထဲက တယောက်တတော့ ခေါင်းထိသွားလို့ ရန်ကုန် ပို့လိုက်တယ်၊ ကျန်တဲ့ လူနာတွေက ၂၄ နာရီ စောင့်ကြည့် ပြီးတော့မှပဲ သူတို့ အခြေအနေအမှန်ကို ပြောလို့ ရမယ်။ စောင့်ကြည့်နေရတဲ့ အခြေအနေပါ”ဟု ပြည်မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာတင်ရွှန်းက ဧရာဝတီသို့ ပြောသည်။
အဆိုပါ မော်တော်ယာဉ် တိမ်းမှောက်မှုနှင့် ပတ်သက်ပြီး ယာဉ်မောင်း ဦးမြင့်အောင်ကို ပြည်မြို့ အမှတ် (၁) ရဲစခန်းတွင် ပုဒ်မ ၃၃၇/ ၃၃၈ ဖြင့် အရေးယူ အမှုဖွင့်ကြောင်း သိရသည်။