သတင်း

တည်ဆဲ ဥပဒေများတွင် ရုပ်သိမ်း၊ ပြင်ဆင်၊ အသစ် ရေးဆွဲရမည့် ဥပဒေ ၁၃၆ ခု ရှိနေ

This article has been converted from Zawgyi One to Unicode

လက်ရှိ တည်ဆဲ ဥပဒေများတွင် ခေတ်စနစ်နှင့် လိုက်လျော ညီထွေမှု ဖြစ်ရန် လိုအပ်မှု၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီမှု ရှိရန် လိုအပ်သည့် အချက်များ အရ ရုပ်သိမ်း၊ ပြင်ဆင်၊ အသစ် ရေးဆွဲရမည့် ဥပဒေ ၁၃၆ ခု အထိ ရှိကြောင်း ပြည် ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာ ဖော်ပြချက် အရ ရုပ်သိမ်းရန် ဥပဒေ ၉ ခု၊ ပြင်ဆင်ရန် ဥပဒေ ၆၇ ခု၊ ရုပ်သိမ်း၍ အသစ် ပြန်လည် ရေးဆွဲရန် ဥပဒေ ၄၁ ခုနှင့်  အသစ် ရေးဆွဲရန် ဥပဒေ ၁၉ ခု၊ စုစုပေါင်း ၁၃၆ ခု ဖြစ်ကြောင်း သိရသည်။

ရုပ်သိမ်းရမည့် ဥပဒေ ၉ ခုတွင် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့နှင့် သက်ဆိုင်သော ဥပဒေမှာ အများဆုံး ဖြစ်ပြီး ပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် စီးပွာရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနတို့နှင့် သက်ဆိုင်သော ဥပဒေများလည်း ပါဝင်ကြောင်း မေ ၃၀ ရက်စွဲဖြင့် ထုတ်ပြန်သည့် ယင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

“မသုံးတော့တဲ့ ဥပဒေတွေပါ။ ၁၉၀၉ ခုနှစ် ၁၉၀၈ ခုနှစ်တုန်းက ဥပဒေတွေပေါ့” ဟု ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ဆိုသည်။

ဥပဒေကြမ်း ပူးပေါင်း ကော်မတီက ယခု ရုပ်သိမ်း၊ ပြင်ဆင်၊ အသစ် ရေးဆွဲရန် လိုအပ်သော ဥပဒေများကို ဦးစားပေးအလိုက် ကာလ သတ်မှတ် ရေးဆွဲပြီး ပြည်ထောင်စု လွှတ်တော်က ပြဌာန်းရန်လည်း အစီရင်ခံစာတွင် အကြံပြု ထားသည်။

“နိုင်ငံတော် အတွက် လတ်တလော အရေးကြီးတဲ့ဟာမျိုးကို ဦးစားပေးထဲ ထည့်ရမှာပေါ့။ ဒီနေ့ အများပြည်သူက ပြောဆိုနေတဲ့၊ အများပြည်သူနဲ့ တိုက်ရိုက် သက်ဆိုင်နေတဲ့ ကိစ္စတွေပေါ့။ ဥပမာ အလုပ်သမား ဆိုရင် လုပ်ခလစာနဲ့ ပတ်သက်လို့ အပြင်မှာလည်း ဖြစ်တဲ့ဟာ လက်တွေ့ ပြည်သူတွေကလည်း ပြောဆိုနေတယ်၊ အဲ့ဒါမျိုးတွေ အကြုံးဝင်တာပေါ့” ဟု ဦးစောလှထွန်းက ဆက်ပြော သည်။

မြန်မာနိုင်ငံရှိ တချို့သော ဥပဒေများမှာ ခေတ်စနစ်နှင့် အကြုံးဝင်မှု လုံး၀ မရှိတော့သည့် အခြေအနေတွင် ရှိနေသော်လည်း ပြင် ဆင် ဖျက်သိမ်းသော လုပ်ဆောင်မှုများမရှိဘဲ ယခုမှသာ စိစစ် လုပ်ဆောင်ရခြင်း ဖြစ်သည်ဟု သိရသည်။

ယင်းကဲသို့ လက်တွေ့ အခြေအနေနှင့် ကိုက်ညီမှု မရှိတော့သော ဥပဒေများကို ပြန်လည် ပြင်ဆင် ဖျက်သိမ်းခြင်း မရှိသည့် အပေါ် ဥပဒေပညာရှင်များက ဝေဖန်ထောက်ပြမှုများ ရှိနေသည်။

အာဆီယံ ဉာဏ ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ အဖွဲ့အစည်း အတိုင်ပင်ခံ ဦးမင်းတေဇာညွန့်တင် က “ပြင်ဖို့ ဖျက်ဖို့ လိုတဲ့ဟာတွေ ဆိုရင် လတ်တလော မြင်နေတာတော့ ၂ ခုဗျ။ တခုက ၁၉၈၇ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ ကန့်သတ်တဲ့ ဥပဒေပေါ့ဗျာ၊ ဒါက နိုင်ငံခြားသားတွေမှာ မြေယာ၊ အိမ်ငှားမယ်ဆို စာချုပ်သက်တမ်း တနှစ်ထက် ပိုပြီး ငှားလို့မရဘူး၊ လက်တွေ့ ဖြစ်နေတာနဲ့ ကြည့်ရင် လက်တွေ့ မဆန်ဘူး ဖြစ်နေတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက နှစ်ရှည်ငှားလို့ ရပေမယ့် သာမန် စီးပွားရေး လုပ်ငန်းနဲ့ ပတ် သက် တဲ့ နိုင်ငံခြားသားတွေကျ ငှားလို့ မရဘူး။ ဒါတွေက အခြားဥပဒေတွေ ပြဌာန်းတော့မယ်ဆို Question of Law ဆိုတာမျိုး၊ ဒါမျိုး ဖြစ်လာနိုင်ပါတယ်။ ဖျက်စေချင်တယ်”ဟု ပြောသည်။

ဉာဏ ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ဥပဒေမျိုး မရှိသေးဘဲ ယင်းနှင့် တိုက်ရိုက် ပတ်သက်သော အခြား ဥပဒေမျိုး ရှိနေခြင်းမှာ မဖြစ်သင့် ကြောင်း ၎င်းက ဆက်ပြောသည်။

“ကုန်ပစ္စည်းတွေရဲ့ ထုတ်ပိုးမှုပုံစံ အပိုင်းမှာ တုပလို့ရှိရင် နစ်နာတဲ့ဘက်ကနေ တရားစွဲလို့ရတဲ့ ဥပဒေမျိုးပေါ့။ ဒီဟာကျလည်း သူများ တိုင်းပြည်တွေမှာ မှတ်ပုံတင်ထားတဲ့ စနစ်ရှိတယ်။ ဒီမှာက မှတ်ပုံတင်ထားတဲ့ စနစ်မရှိဘဲနဲ့ ဒီအင်္ဂလိပ်ခတ်ကတည်းက ပြဌာန်း ခဲ့တဲ့ ဥပဒေ ရှိနေတယ်။ ကုန်အမှတ်တံဆိပ် ဥပဒေတို့ကလည်း ပြဌာန်းဖို့ ရှိနေတယ်။ ဒီဟာတွေကို ပြင်ချင်ပြင်၊ ဖျက်ချင်ဖျက်ပေါ့” ဟု  ဦးမင်းတေဇာညွန့်တင်က ပြောဆိုသည်။

မြန်မာနိုင်ငံတွင် လက်ရှိတည်ဆဲ ဥပဒေ စုစုပေါင်း ၄၀၀ ရှိပြီး အစိုးရသစ် လက်ထက် သုံးနှစ်ကာလအတွင်း ပြည်ထောင်စု လွှတ် တော်က  ဥပဒေပေါင်း ၉၈ ခု အတည်ပြု ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းသို့ ထုတ်ပြန်ရာတွင် အသစ် ပြဌာန်းဥပဒေ ၁၈ ခု၊ ပြင်ဆင်သည့် ဥပဒေ ၃၅ ခု၊ ရုပ်သိမ်းသည့် ဥပဒေ ၁၁ ခု၊ အစားထိုး ပြဌာန်းသည့် ဥပဒေ ၂၄ ခုနှင့် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာနှင့် အခွန်ဆိုင်ရာ ဥပဒေ ၁၀ ခု တို့ ပါဝင်ကြောင်း အစီရင်ခံစာ၌ ပါရှိသည်။

Loading