တရုတ်ပြည်ရဲ့ တီယန်နန်မင် ဒီမိုကရေစီအရေးတော်ပုံဆိုတာ မြန်မာပြည်ရဲ့ ၈ လေးလုံး အရေးတော်ပုံနဲ့ အတူတူပါပဲ။ အရေးတော်ပုံနှစ်ခုက လပိုင်းပဲ ခြားပါတယ်။ မြန်မာပြည်မှာ မနှစ် သြဂုတ်လမှာ ၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအခမ်းအနားကို ပထမဆုံး အကြိမ် တခမ်းတနား ကျင်းပခွင့်ရခဲ့ပေမယ့် တရုတ်ပြည်မှာတော့ ဒီနှစ်မှာ ကျရောက်တဲ့ တီယန်နန်မင် အရေးတော်ပုံ ငွေရတု အခမ်းအနားအကြောင်း ဆွေးနွေးတဲ့ တက်ကြွလှုပ်ရှားသူတွေ အဖမ်းခံနေရပါတယ်။
ဒီလိုတွေးမိတဲ့အခါ ပူလစ်ဇာဆုရခဲ့တဲ့ ဓာတ်ပုံတပုံကို သတိရပါတယ်။ တီယန်နန်မင် အရေးတော်ပုံကာလမှာ အေပီသတင်းထောက် Jeff Widener က ရိုက်ယူခဲ့တဲ့ “သံချပ်ကာလူသား – Tank Man” ဆိုတဲ့ ဓာတ်ပုံပါ။ သံချပ်ကာ ကားတွေတန်းစီနေတဲ့ ရှေ့မှာ လူတယောက် ရင်ဆိုင်ရပ်နေတယ်။ မြင်ကွင်းထဲမှာ တင့်ကားတန်းနဲ့ အဖြူရောင်အင်္ကျီဝတ်ထားတဲ့ ခပ်ပိန်ပိန် လူတယောက်ပဲ ရှိနေတယ်။ အဲဒီနေ့က ၁၉၈၉ ခုနှစ် ဇွန်လ ၅ ရက် နေ့ခင်းအချိန်ပါ။ ဘေဂျင်းမြို့လယ်က ငြိမ်းချမ်းရေးမုခ်ဦးလို့ အဓိပ္ပါယ်တဲ့ တီယန်နန်မင်ရင်ပြင်မှာ ဒီမိုကရေစီ တောင်းဆိုဆန္ဒပြနေတဲ့ ကျောင်းသားအမြောက်အမြားကို စစ်တပ်က ပစ်သတ်ခဲ့ပြီး နောက်တရက်ဖြစ်ပါတယ်။ ခပ်ဝေးဝေးအပေါ်စီးက ရိုက်ထားတဲ့ ဗီဒီယိုကို ကြည့်ရင် ပိုလို့တောင် သဲထိတ်ရင်ဖိုရှိလှပါတယ်။ တင့်ကားနဲ့ တားနေတဲ့လူက ခြေလှမ်း လေးငါးခြောက်လှမ်းလောက်အထိ နီးကပ်ပါတယ်၊ တင့်ကားက ရှေ့တိုးလာလိုက်၊ သူက နောက်ဆုတ်လိုက်၊ တင့်ကားက ရှောင်မောင်းတဲ့အခါ သူလည်း တင့်ကားမောင်းတဲ့ဘက်ကို လိုက်ရွှေ့လိုက်နဲ့ဆိုတော့ အကယ်၍များ တင့်ကားမောင်းသမားက တဇွတ်ထိုး မောင်းလိုက်ရင်မြင်ကွင်းက မတွေးဝံ့စရာပါ။ ခဏနေတော့ မြင်ကွင်းထဲကို လူတချို့ ရောက်လာပြီး သူ့ကို ဆွဲခေါ်သွားကြတယ်။ အနားမှာ ရှိနေတဲ့ စိုးရိမ်သူတွေ ဖြစ်နိုင်သလို အရပ်ဝတ်နဲ့ အစိုးရ လုံခြုံရေး တပ်သားတွေလည်း ဖြစ်နိုင်ပါတယ်။
ဒီအဖြစ်အပျက်လေးက ခဏလေး ကြာတယ်ဆိုပေမယ့် တီယန်နန်မင် အရေးအခင်းရဲ့ သင်္ကေတ ဖြစ်သွားခဲ့တယ်။ အခု ၂၅ နှစ်ကြာသွားခဲ့ပေမယ့် အဲဒီလူ ဘယ်သူလဲ၊ ဘယ်ရောက်သွား သလဲ၊ သေသလား ရှင်သလား ဆိုတာလည်း မသိကြတော့ပါဘူး။ ဒီမိုကရေစီရေး အတွက် ငြိမ်းချမ်းစွာ အံတုမှုရဲ့ သင်္ကတ အဖြစ်ပဲ သမိုင်းဝင်သွားပါတယ်။ ဘယ်သူဘယ်ဝါမှန်းမသိတဲ့ သူ့ကို TIME မဂ္ဂဇင်းက ၂၀ ရာစုရဲ့ အရေးအကြီးဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။ ဒီအဖြစ်အပျက်လေးကို သတိရမိတာက ဒီနေ့ တရုတ်ပြည်မှာ ဒီမိုကရေစီအရေး လှုပ်ရှားနေသူတွေဟာ သံချပ်ကာစစ်ကားတွေကို လက်ဗလာနဲ့ ရင်ဆိုင်ရတဲ့ လူပိန်နဲ့ တူတယ်လို့ တွေးမိလို့ပါ။
ဒီနေ့ တရုတ်ပြည်ဟာ လွန်ခဲ့တဲ့ ၂၅ နှစ်က တရုတ်ပြည် မဟုတ်တော့ပါဘူး။ စီးပွားရေး အင်အားအရ ကြည့်ရင် ကမ္ဘာမှာ ဒုတိယနေရာပါ။ ၂၀၀၈ မှာ တကမ္ဘာလုံးနီးပါး စီးပွားရေးပျက်ကပ်နဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ တရုတ်ရဲ့ စီးပွားရေးတိုးတက်မှု အရှိန်မပျက်ခဲ့ပါဘူး။ ဒီအရှိန်အတိုင်းဆိုရင် လာမယ့် ဆယ်စုနှစ်တခု သို့မဟုတ် နှစ်ခုအတွင်းမှာ အမေရိကန်ပြည်ထောင်စုကိုတောင် ကျော်တက်သွားဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဒီနေ့ ကမ္ဘာမှာ ကုန်စည် အများဆုံးတင်ပို့တဲ့ နိင်ငံဟာ တရုတ်နိုင်ငံပါပဲ။ ကမ္ဘာ့ဈေးကွက်ရှယ်ယာရဲ့ ၁၁ ရာခိုင်နှုန်းက တရုတ်ထုတ်ကုန်တွေ ဖြစ်ပါတယ်။ စီးပွားရေး တိုးတက်မှုကြောင့် လူသန်းရာပေါင်းများစွာကို ဆင်းရဲတွင်းကနေ ဆွဲတင်နိုင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ Pew Survey အဖွဲ့က ကောက်ယူခဲ့တဲ့ စစ်တမ်းအရ တရုတ်ပြည်သူ ၈၅ ရာခိုင်နှုန်းဟာ တိုင်းပြည်ရဲ့ လမ်းကြောင်းကို အလွန်ကျေနပ် very satisfied ဖြစ်တယ်လို့ ဖြေကြပါတယ်။ အမေရိကန်တွေက ၃၁ ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ကြည့်ပါ။
ကွန်မြူနစ် ပါတီဝင် အင်အား သန်း ၈၀၊ အင်အားတောင့်တင်းတဲ့ စစ်တပ်နဲ့ နိုင်ငံခြား အရံငွေ ၄ ထရီလီယံနီးပါး ရှိပါတယ်။ ဒါက တရုတ်အင်အားကို ပြတဲ့ ကိန်းဂဏန်းတချို့ လောက်ပဲ ရှိပါသေးတယ်။ သမိုင်းကို ပြန်ကြည့်တဲ့အခါ တီယန်နန်မင် အရေးတော်ပုံ ပေါ်ပေါက်တဲ့အချိန်ဟာ ကမ္ဘာမှာ ဒီမိုကရေစီ အောင်ပွဲခံနေတဲ့အချိန်ဖြစ်ခဲ့တယ်။ ဥရောပမှာ၊ အာရှမှာ၊ လက်တင်အမေရိကားမှာ၊ အာဖရိကမှာ ဒီမိုကရေစီတော်လှန်ရေးတွေ ပေါ်ပေါက်နေတဲ့ အချိန်ဖြစ်ခဲ့တယ်။ ဒါပေမယ့် ဒီနေ့ ကမ္ဘာ့ သတင်းခေါင်းစဉ်တွေကို လိုက်ဖတ်ကြည့်ရင် ဒီမိုကရေစီဘက်တော်သားတွေအတွက် အားတက်စရာထက် အားလျှော့စရာတွေ များပါတယ်။
ကမ္ဘာသိ နိုင်ငံရေးသိပ္ပံပညာရှင် ဖူကူယားမားရဲ့ နောက်ဆုံးစာအုပ် (The Origins of Political Order) မှာ အဖြေမပေးထားတဲ့ မေးခွန်းတချို့ကို ဖတ်လိုက်ရတယ်။ အကျဉ်းချုပ်ကတော့ လစ်ဘရယ် ဒီမိုကရေစီ စနစ်တရပ် အောင်မြင်ဖို့ ဆိုရင် အခြေခံ လိုအပ်ချက် သုံးရပ်ရှိတယ်။ အင်အားတောင့်တင်းပြီး စည်းလုံးညီညွတ်တဲ့ နိုင်ငံတော် (Strong State)၊ တရားဥပဒေ စိုးမိုးမှု (Rule of Law)၊ တာဝန်ခံမှုရှိတဲ့ အစိုးရ (Accountable Government) ဆိုတဲ့ မဏ္ဍိုင်ကြီးသုံးရပ်ဟာ တည်တည်ငြိမ်ငြိမ်နဲ့ အပြန်အလှန် ထိန်းကြောင်းထားရမယ်လို့ ဆိုတယ်။ အနောက်တိုင်း လူ့အဖွဲ့အစည်းတွေမှာ ဆိုခဲ့တဲ့ မဏ္ဍိုင်ကြီး သုံးရပ်စလုံး ထိန်းညှိတည်ရှိပေမယ့် တရုတ်ပြည်မှာတော့ အားကောင်းတဲ့ နိုင်ငံတော် Strong State တခုတည်းနဲ့ မောင်းနှင်းနေတာ အခုအချိန်အထိ စီးပွားရေး တရှိန်ထိုး တိုးတက်နေတယ်။ အကယ်၍ ရေရှည်မှာ ဒီအတိုင်း ဆက်ထိန်းထားနိုင်ရင် လစ်ဘရယ် ဒီမိုကရေစီရဲ့ အနာဂတ်နဲ့လည်း သက်ဆိုင်လာလိမ့်မယ်လို့ သုံးသပ်ထားတယ်။ ဆိုလိုတာကတော့ နိုင်ငံတွေအနေနဲ့ တရုတ်ပုံစံနဲ့ အနောက်ပုံစံထဲက ပိုပြီးအလုပ်ဖြစ်တဲ့ တခုခုကို ရွေးချယ်ရမယ့် အချိန်ဟာ မဝေးတော့ဘူးဆိုတဲ့ သဘောမျိုးပါ။
ဧပြီလ အတွင်းမှာ ဥရောပကို သွားခဲ့တဲ့ တရုတ်သမ္မတ ရှီဂျင်ပင့်ကလည်း တရုတ်ရဲ့ နဂို လမ်းကြောင်းကနေ သွေဖည်သွားမှာ မဟုတ်ဘူးဆိုတာကို ပြောခဲ့ပါသေးတယ်။ တရုတ်ပြည် တောင်ပိုင်းက အရသာရှိတဲ့ လိမ္မော်သီးကို ရေခံမြေခံမတူ၊ ရာသီဥတုမတူတဲ့ မြောက်ပိုင်းမှာ သွားစိုက်တဲ့အခါ ချဉ်စုတ်စုတ် အရသာ ပြောင်းသွားတာကို တရုတ်တွေက လွန်ခဲ့တဲ့ နှစ် ၂၀၀၀ ကတည်းက နားလည်ခဲ့တယ်လို့ ဥပမာ ပေးပြီး ပြောခဲ့တယ်။ တရုတ်တွေက လက်ဖက်ရည်ကြိုက်တယ်။ ဘယ်လဂျီယံသားတွေက ဘီယာ ကြိုက်တယ်။ တယောက်အကြိုက်ကို တယောက်က လေးစားရမယ်လို့ ပြောခဲ့တယ်။ အခုအချိန်မှာလည်း တရုတ်လက်ဖက်ရည်ကို ကြိုက်တဲ့ခေါင်းဆောင်တွေက ကမ္ဘာမှာ အတော်များပါတယ်။ အာဖရိကတိုက်က ရဝမ်ဒါကနေ အရှေ့အလယ်ပိုင်းက ဒူဘိုင်း၊ အရှေ့တောင် အာရှက မြန်မာအထိ တရုတ်ဆီက အကြံဉာဏ်တွေကို လေးလေးနက်နက် ခံယူနေကြပါတယ်။
တလောလေးက တရုတ်ပြည်ကို လေ့လာရေးသွားခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်နာယကကြီး သူရဦးရွှေမန်းကလည်း တရုတ်ပုံစံကို အတုယူသင့်တယ်လို့ ထုတ်ပြောတာကို သတိထားမိပါတယ်။ တရုတ်ပုံစံလို့ ပြောရင်တော့ နိုင်ငံရေးကို မပြောင်းဘဲ စီးပွားရေးကို ပြောင်းတဲ့ ပုံစံဖြစ်ပါတယ်၊ တရုတ်ပုံစံမှာ စီးပွားရေးအောင်မြင်ခဲ့တာက အခြေအနေကောင်းနဲ့ တိုက်ဆိုင်တာလည်း အကြောင်းတခုဖြစ်ပါလိမ့်မယ်။ တီယန်နန်မင် အရေးအခင်းနောက်ပိုင်း တရုတ်ပြည် ပြုပြင်ပြောင်းလဲရေးဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ အရှိန်ရလာတဲ့ ဂလိုဘယ်လိုက်ဇေးရှင်းလှိုင်းကို တိုးမိ စီးမိတာက ကံကောင်းခြင်းလက်ဆောင်လို့ ပြောရမှာပါ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တရုတ်ပြည်ထဲကို အလုံးအရင်းနဲ့ ဝင်ခဲ့တယ်။ ၁၉၉၂ ခုနှစ် နောက်ပိုင်း တရုတ်ပြည်ထဲကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁ ထရီလီယံ ဝင်ရောက်ခဲ့တယ်။ အနောက်နိုင်ငံတွေမှာ စားသုံးသူ ဈေးကွက်မှာလည်း တရုတ်ပစ္စည်း အဝယ်လိုက်တယ်။ ၂၀၀၇ ခုနှစ်မှာပဲ တရုတ်ရဲ့ နိုင်ငံခြားပို့ကုန်တန်ဖိုးဟာ ၁၀ ဆအထိ တိုးခဲ့တယ်။ အလုပ် အင်အားစုကို ကြည့်ရင်လည်း တရုတ်ပြည်မှာ သက်ကြီးရွယ်အိုနဲ့ ကလေးတွေ နည်းခဲ့ပြီး အလုပ်လုပ်တဲ့အရွယ်က များတဲ့အတွက် လုပ်ခဈေးပေါပေါနဲ့ ကုန်ပစ္စည်းတွေကို ထုတ်လုပ်နိုင်ခဲ့တယ်။
အခုတော့ အခြေအနေတွေ ပြောင်းပြန် ဖြစ်ကုန်ပါပြီ။ တရုတ်ပြည်မှာ သက်ကြီးလူဦးရေက ပိုများလာလို့ အစိုးရအနေနဲ့ ပင်စင်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဝန်ထုပ်ဝန်ပိုး တိုးလာတယ်။ များများထုတ်ပြီး များများပို့ဖို့ ဈေးကွက်ကလည်း ထပ်ချဲ့စရာ မရှိတော့သလောက်ပဲ။ ဒါကြောင့် စီးပွားရေးတိုးတက်မှု ၁၀ ရာခိုင်နှုန်း ရှိရာကနေ ၈ ရာခိုင်နှုန်းဆီကို ကျသွားပြီး နောက်ထပ်လည်း ကျဦးမယ်လို့ ခန့်မှန်းထားကြတယ်။ စီးပွားရေး ပြုပြင်ပြောင်းလဲရေးက ရှေ့ခရီးဆက်ဖို့ လမ်းဆုံးနေပါပြီ။ စီးပွားရေးတိုးတက်မှုနဲ့ တရားဝင်မှုကို တည်ဆောက်ထားတဲ့ ကွန်မြူနစ်ပါတီအတွက် စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတယ်။ ဈေးကွက်ဗဟိုပြုတဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို ဆက်လုပ်မယ်ဆိုရင် အစိုးရအရာရှိတွေ၊ မိသားစုဝင်တွေ၊ ခရိုနီတွေရဲ့ အကျိုးစီးပွားကို တိုက်ရိုက်ခြိမ်းခြောက်နေလို့ ရှေ့ဆက်ဖို့ ခက်နေတာမျိုးဖြစ်ပါတယ်။
တရုတ်ပြည်သူ့ လွှတ်တော်အဖွဲ့ဝင် သူဌေးကြီး ၅၀ ရဲ့ ချမ်းသာကြွယ်ဝမှုစုစုပေါင်းတန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၉၄ ဒဿမ ၇ ဘီလီယံရှိပါတယ်။ အမေရိကန် ကွန်ဂရက်အမတ် သူဌေး ၅၀ ရဲ့ ချမ်းသာမှုထက် အဆ ၆၀ ပိုပါတယ်။ တချိန်တည်းမှာ လူလတ်တန်းစားတွေ ကြီးထွားလာလို့ သူတို့က အပြောင်းအလဲတွေကို တောင်းဆို နေကြတယ်။ အစိုးရအဖွဲ့တွင်းက အဂတိလိုက်စားမှုတွေ၊ ဆင်းရဲချမ်းသာ ကွာဟမှုကြီးထွားလာတာ၊ မြေသိမ်းယာသိမ်းပြဿနာ၊ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှုအပေါ် မကျေနပ်မှုတွေ တိုးနေတယ်။ လွန်ခဲ့တဲ့ နှစ်အစိတ်က တီယန်နန်မင် အရေးအခင်းလို ဒီမိုကရေစီ ခေါင်းစဉ်နဲ့ ဆန္ဒပြပွဲတွေ မဟုတ်ပေမ့ယ် အောက်ခြေမှာ အကြောင်းအမျိုးမျိုးနဲ့ ဆန္ဒပြပွဲတွေပေါ်နေတယ်။ အင်တာနက်ပေါ်မှာလည်း ဒီမိုကရေစီ အသံတွေက တိတ်မသွားပါဘူး။
တရုတ်ပြည်မှာ Wikipedia လို သုံးကြတဲ့ Baidu Baike မှာ ၁၉၈၉ တနှစ်လုံး အမှောင်ချထားတယ်။ တီယန်နန်မင် အရေးအခင်းဖြစ်ခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ကို ကိုယ်စားပြုတဲ့ ၆ နဲ့ ၄ တွဲ၊ ဒီနေ့၊ ထိုနှစ်၊ အောက်မေ့ဖွယ် လိုမျိုး စကားလုံးတွေကို အစိုးရက ဆင်ဆာဖြတ်တယ်။ ဒါပေမ့ယ် နှစ်စဉ် ဇွန်လ ၄ ရက်နေ့ရောက်တိုင်း လူထောင်ပေါင်းများစွာဟာ အွန်လိုင်းပေါ်မှာ virtual ဖယောင်းတိုင်တွေ ထွန်းကြတယ်။ တီယန်နန်မင် ဓာတ်ပုံတွေ ဖြန့်ကြတယ်။ ၁၉၈၉ လို့ ရေးရင် ဆင်ဆာဖြတ်လို့ ၁၉၈၀ ပြည့်လွန်နှစ်တွေရဲ့ နောက်ဆုံးနှစ်လို့ ရေးကြတယ်။ ဒါမှမဟုတ်လည်း ၁၉၉၀ မတိုင်ခင် တနှစ်လို့ ရေးကြတယ်။ တင့်ကားလို့ ရေးမရတဲ့အခါ လယ်ထွန်စက်လို့ အထာနဲ့ ပြောင်းရေးကြတယ်။
မြန်မာပြည်ရဲ့ ၈ လေးလုံး အရေးတော်ပုံလိုပဲ တရုတ်ပြည်ရဲ့ တီယန်နန်မင် အရေးတော်ပုံဟာလည်း ရက်ရက်စက်စက် ဖြိုခွင်းတာ ခံရတယ်။ အသေအပျောက် စာရင်းကို ဘယ်သူမှ အတိအကျ မပြောနိုင်ဘူး။ ဒီမိုကရေစီ လိုလားတဲ့ ကျောင်းသားတွေကို အစိုးရတွေက အဖျက်သမားတွေလို့ တံဆိပ်ကပ်တာလည်း အတူတူပဲ။ မြန်မာပြည်မှာ စစ်ဗိုလ်ချုပ်တွေ တယောက်ပြီး တယောက် ပြောင်းပြီး အုပ်ချုပ်ခဲ့သလို တရုတ်ပြည်မှာလည်း ခေါင်းဆောင် မျိုးဆက်သုံးဆက် ပြောင်းသွားခဲ့တယ်။ ၈ လေးလုံး အရေးတော်ပုံနဲ့ ပတ်သက်လို့ မြန်မာအစိုးရက မတောင်းပန်ခဲ့သလို တရုတ်အစိုးရကလည်း တီယန်နန်မင် အရေးအခင်းနဲ့ ပတ်သက်လို့ ဘယ်တုန်းကမှ မတောင်းပန်ခဲ့ပါဘူး။ ဒီနှစ်မှာလည်း အစိုးရက အသိအမှတ်ပြုမခံရဘဲ တီယန်နန်မင် ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုကာလဟာ ကျော်လွန်သွားပါလိမ့်မယ်။ ဒါပေမ့ယ် မြန်မာပြည်သမိုင်းမှာ ၈ လေးလုံးအရေးတော်ပုံကို ဖျောက်ဖျက်လို့ မရသလိုမျိုး၊ တရုတ်ပြည် သမိုင်းမှာလည်း တီအန်မင်ရင်ပြင်အရေးတော်ပုံကလည်း ဘယ်တော့မှ ဖျောက်ဖျက်ပစ်လို့ မရပါဘူး။ တရားမျှတမှု၊ လွတ်လပ်မှု၊ တန်းတူညီမျှမှု တန်ဖိုးတွေက လက်ဗလာနဲ့ ပိန်ပိန်ပါးပါး တရုတ်ကျောင်းသားလို တရုတ်ပြည်ကြီးကို ရင်ဆိုင်စိန်ခေါ်နေပါလိမ့်မယ်။
(ညီစောလွင်သည် မြန်မာ့အရေးနှင့် ကမ္ဘာ့ရေးရာ သုံးသပ်ချက်များကို ရေးသားနေသူ ဖြစ်သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လတ်တလော နေထိုင်သူဖြစ်သည်။)