ထိုင်းနိုင်ငံ မဲဆောက်ဒေသရှိ မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၀၀ ဝန်းကျင်ကို ထိုင်း စစ်အစိုးရ အာဏာပိုင်များက ဖမ်းဆီး ၍ မြန်မာနိုင်ငံဘက်သို့ ယမန်နေ့က ပြန်လည်ပို့ဆောင်လိုက်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၌ စစ်တပ် အာဏာသိမ်းယူပြီးနောက် နိုင်ငံတွင်းရှိ တရားမဝင်ရွှေ့ပြောင်း နေထိုင်သူများအား စစ်ဆင်ရေး ဆင်နွှဲ၍ ဖမ်းဆီးလျက်ရှိရာ ဇွန်လ ၃ ရက်နေ့၌ မြန်မာနိုင်ငံသား ရာချီ၍ ပထမဆုံးအကြိမ် အဖြစ် အဖမ်းခံရခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်ဒေသ စစ်တပ်က ဦးဆောင်၍ ရဲတပ်ဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေး၊ နယ်ခြားစောင့်တပ်ဖွဲ့နှင့် မဲ ဆောက်ဒေသ ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်များ စုပေါင်း၍ ဇွန်လ ၃ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ဆင်ရေး ဆင်နွှဲ၍ ဖမ်းဆီးခြင်း ဖြစ်ကြောင်း၊ ဖမ်းဆီးခံ မြန်မာ နိုင်ငံသားများအား သောင်ရင်း မြစ်ကမ်းဘေးရှိ မြဝတီဘက်သို့ ပို့ဆောင် လိုက်ကြောင်း မဲဆောက်တွင် နေထိုင်သူ ဦးမန်းမျိုးမြင့် က ဧရာဝတီသို့ ပြောသည်။
“ကလေး၊ လူကြီး ၂၀၀ နီးပါးရှိတယ်၊ အများစုကတော့ ပြန်မလာရဲကြဘဲ မြဝတီဘက် အခြမ်းမှာပဲ ရှိနေပါတယ်၊ သူတို့တွေ တဲထိုး နေခဲ့တဲ့ အိမ်တွေကိုလည်း ဖျက်မယ် ပြောထားတော့ သူတို့ အိမ်တွေမှာ ပြန်မနေရဲကြသေးဘူး”ဟု ၎င်းက ဆိုသည်။
တရားမဝင် ရွှေ့ပြောင်း အလုပ်သမားများ ဖမ်းဆီးမှု စစ်ဆင်ရေးကို တခြားရပ်ကွက်၊ မြို့နယ်များတွင်လည်း ဆောင်ရွက်သွား မည်ဟု ထိုင်းအာဏာပိုင်များက ပြောဆိုထားသည်။ မဲဆောက်ဒေသတွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမား ဦးရေ ၂ သိန်း ကျော် ရှိကြောင်း သိရသည်။
မဲဆောက်တခွင်၌ လူဦးရေ ၂ သိန်းကျော်အနက် တရားဝင် အထောက်အထားရှိသူ ဦးရေမှာ ၃ သောင်းကျော်သာရှိကြောင်း မဲဆောက်ရှိ မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေသူများ က ပြောသည်။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်း နေထိုင်ကြသည့် တရားမဝင်ရွှေ့ပြောင်း အလုပ်သမားများကို ထိုင်းစစ်တပ်က ဖမ်းဆီးနေ သည် မှာ ၁၀ ရက်ခန့် ရှိပြီ ဖြစ်ကြောင်း၊ ယနေ့အထိ ဖမ်းဆီးခံရသူ စုစုပေါင်း ၄၀၀ ဝန်းကျင်ရှိပြီ ဖြစ်ကြောင်း၊ မဲဆောက် အခြေစိုက် မြန်မာ ပြည်သားများ အရေး ပူးတွဲ လှုပ်ရှားမှု ကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုး က ဧရာဝတီ ကို ပြောသည်။
မဲဆောက်မြို့ တောင်နှင့် မြောက်ဘက် အရပ်ဒေသရှိ မြို့နယ်၊ ရပ်ကွက်တချို့တွင်လည်း ယနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ရာ လူ ၅၀ ဝန်းကျင် ဖမ်းမိကြောင်း၊ လူဦးရေ ဆယ်ဂဏန်း ချီ၍ နေ့စဉ်ကဲ့သို့ ဖမ်းဆီးမှုရှိကြောင်း ၎င်းက ဆက်ပြော သည်။
ရွှေ့ပြောင်း မြန်မာအလုပ်သမားများ ဖမ်းဆီးမှုသည် ယခင်ကလည်း ရှိခဲ့ကြောင်း၊ ယခင်က ဖမ်းမိပါက ထိုင်းနိုင်ငံ လူဝင်မှုကြီး ကြပ်ရေး ဥပဒေအရ ထောင် ၁၂ ရက်စီ ချလေ့ရှိကြောင်း၊ အခုဖမ်းဆီးခံရသူများကိုမူ မြန်မာနိုင်ငံဘက်သို့ ပြန်ပို့၍ အထောက် အထား လက်မှတ်ဖြင့်ပြန်လာရန် လုပ်ဆောင်နေသည်ကို တွေ့ရကြောင်း ဦးမိုးကြိုး က ပြောသည်။
၎င်းက“အခုဖမ်းနေတဲ့ ရည်ရွယ်ချက်ကတော့ တရားမဝင်သူတွေကို တရားဝင် ဖြစ်စေချင်တဲ့ သဘောတွေ့ရတယ်၊ တရားမ ဝင် နေထိုင်သူတွေကို အမှန်တကယ် ဖြစ်စေချင်တာကတော့ နေ့ချင်းပြန် တရားဝင် အလုပ်လုပ်ခွင့်လက်မှတ်တွေ ရရှိရေး အတွက် နှစ်နိုင်ငံ လဝက တွေက ဆောင်ရွက်ပေးရင်တော့ ဖမ်းဆီးမှုတွေ လျော့ကျသွားမယ်”ဟုလည်း ပြောဆိုသည်။
ထိုင်းနိုင်ငံ တဝန်း၌ မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေ သန်းနှင့်ရှိပြီး အများစုမှာ တရားဝင် အထောက်အထား လက်မှတ် မရှိသူများ ဖြစ်သည်။
ပြီးခဲ့သည့်နှစ်မှ စတင်၍ နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ထိုင်းနိုင်ငံ၏ စီးပွားရေး ကျဆင်းနေပြီး ရွှေ့ပြောင်း အလုပ်သမား များအတွက်လည်း အခက်အခဲများရှိနေသည်။ ယခုအခါ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ရွှေ့ပြောင်း အလုပ်သမား များအား ဖမ်းဆီနေမှုကြောင့် မြန်မာ အလုပ်သမားများအတွက် ပိုမို အခက်အခဲများနှင့်ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရ သည်။
အလုပ်အကိုင်များ ခက်ခဲနေသည့်အပြင် ယခုကဲ့သို့ ဖမ်းဆီးမှုများကြောင့် လုံခြုံမှုအတွက်လည်း စိုးရိမ်နေကြရကြောင်း၊ မိမိနိုင်ငံသို့ ပြန်သွားပါကလည်း အလုပ်အကိုင်ရှားပါးနေမှုကြောင့် အများစုမှာ မပြန်လိုကြကြောင်း မြန်မာ အလုပ်သမား အရေး ဆောင်ရွက်ပေးနေသူများ က ပြောသည်။
ထို မြန်မာရွှေ့ပြောင်း အလုပ်သမားများအား နေထိုင်ခွင့်ပေးထားသည့် ထိုင်း အိမ်ပိုင်ရှင်များ၊ နေအိမ်ဆောက်လုပ်ခွင့်ပေး ထား သည့် မြေပိုင်ရှင်များကိုလည်း ဥပဒေအရ အရေးယူသွားမည်ဟု ထိုင်း အာဏာပိုင်များက သတင်းထောက်များနှင့် တွေ့ ဆုံ၍ ပြောဆိုထားကြောင်း သိရသည်။ ထိုင်းလူမျိုးများ၏ မြေကွက်ကို လစဉ်ငွေပေး၍ တဲထိုးကာ နေထိုင်ကြသည့် မြန်မာ အလုပ်သမား များစွာ ရှိနေသည်။
ထိုင်းနိုင်ငံ အတွင်း ရှပ်နီနှင့်ရှပ်ဝါ အကြား နိုင်ငံရေး အားပြိုင်မှုများကြောင့် ပြည်တွင်းနိုင်ငံရေး တည်ငြိမ်မှု မရှိခဲ့သည်မှာ ပြီးခဲ့ သည့်နှစ်ကပင် ဖြစ်ပြီး ၂၀၁၄ ခုနှစ် မေလတွင် စစ်တပ်က အာဏာသိမ်း၍ စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်မှုကို စတင်ကျင့်သုံး နေသည်။