ကာကွယ်ရေး ဦးစီးချုပ်ရာထူး အပါအဝင် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင် ရာထူးတချို့ မကြာမီ အပြောင်းအလဲ ပြုလုပ်ဖွယ်ရှိကြောင်း နေပြည်တော်ကာကွယ်ရေးဦးစီးချုပ်ရုံးနှင့်နီးစပ်သော စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်မှ သိရှိရသည်။
လတ်တလော ဧရာဝတီက ရရှိထားသော သတင်းများအရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရာထူး အပါအဝင် တပ်မတော် ၏ အရေးကြီးသော ခေါင်းဆောင်ရာထူးများကို အပြောင်းအလဲပြုလုပ်ဖွယ်ရှိကြောင်း၊ အပြောင်းအလဲ ပြုလုပ်မည့်အချိန်သည် သြဂုတ်လဟု မျှော်လင့်ရသော်လည်း ထိုထက်ပိုမို ကြာမြင့်နိုင်ကြောင်း၊ ယခု အပြောင်းအလဲ သည် အနားယူမည့် စစ်ဗိုလ်ချုပ်များ နိုင်ငံရေး လောကထဲသို့ ဝင်ရောက်လာမည့် အခြေအနေရှိကြောင်း သိရှိရသည်။
“ကာချုပ်က သူမပြောင်းခင် သူအနားမယူခင်မှာ ပုံရိပ် ကောင်းရရှိနိုင်ဖို့ငြိမ်းချမ်းရေးလုပ်ငန်းကိုအားသွန်ခွန်စိုက် လုပ် ဆောင်ဖို့ မှာကြားထားတယ်။ နိုင်ငံတကာဆက်ဆံရေး ပိုင်းကို လည်းအဆင်ပြေအောင် လုပ်ဆောင်မှု တွေလုပ် နေတယ်”ဟု စစ်ဘက်ဆိုင်ရာအရာရှိတဦးက ပြောသည်။
စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်မှ ထွက်ပေါ်နေသော သတင်းများအရ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရာထူး တာဝန်မှ အနားယူမည်ဖြစ်ပြီး နိုင်ငံရေးလောကတွင်းသို့ ဝင်ရောက်ဖွယ်ရှိကြောင်း၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဗိုလ်ချုပ်မြထွန်းဦး တို့သည် တပ်မတော်၏ အရေးပါသော ခေါင်းဆောင်ပိုင်းတွင် ဝင်ရောက်လာဖွယ်ရှိသည်ဟု သတင်းများ ထွက်ပေါ် နေသော်လည်း ဧရာဝတီက ယင်းသတင်းများနှင့်ပတ်သက်၍ တရားဝင် အတည်ပြုနိုင်ခြင်းမရှိပေ။
မြန်မာနိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမင်းဇင်က “သြဂုတ်လမှာတပ်မတော်အပြောင်းအလဲလုပ်မယ် ဆိုတာကြားတယ်။ ကာကွယ်ရေးဦးစီးချုပ်ကနားပြီး သူ့အနေနဲ့ နိုင်ငံ ရေးထဲမှာတက်တက်ကြွကြွ ပါဝင်လာဖို့ ဖြစ်နိုင်တယ်” ဟု ဆိုသည်။
အနားယူမည်ဟု သတင်းထွက်နေသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် သမ္မတဦးသိန်းစိန်နှင့်တွဲဖက်၍ နိုင်ငံရေးတွင် တက်ကြွစွာ ပါဝင်လာပြီး ၂၀၁၅ ရွေးကောက်ပွဲ အပြီး တက်လာမည့် နိုင်ငံအကြီးအကဲရာထူးအတွက် ကြိုတင် ပြင်ဆင် ခြင်း ဖြစ်နိုင်သည်ဆိုသော သုံးသပ်မှုများ ပေါ်ထွက်လျက်ရှိသည်။
“အတိုက်အခံလှုပ်ရှားမှုတွေပြင်းထန်လာရင် အုပ်စိုးသူအပေါ်မှာဖိအားများလာရင်တော့သမ္မတက ကာချုပ်ကို ပါ ဆွဲခေါ်ဖို့ ဖြစ်နိုင် တယ်။သူကပုံရိပ်ကောင်းလည်းရထားတော့ ၂၀၁၅ရွေးကောက်ပွဲကို ပြန်ဝင်နိုင်တယ်။ ဒီတော့ ဦးသိန်းစိန်အနေနဲ့ သမ္မတ ပြန်လုပ်ရင်တောင် ကာချုပ်က ဒုသမ္မတ အနေနဲ့ အတွဲပုံစံမျိုး ဖြစ်လာနိုင် တယ်”ဟု ဦးမင်းဇင်က ဆိုသည်။
တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက “အရင်က စိုးဝင်းကိုနာမည်ထွက်တယ်။ ခုက မြထွန်းဦး နာမည်ထွက်တယ်။ မြထွန်းဦးကပိုပြတ်ပြတ်သားသား လုပ်နိုင်တဲ့သဘောရှိ တော့ သူ့ကိုကာချုပ်က ပိုကြိုက်တဲ့ သဘော ရှိနေတယ်”ဟုဆိုသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် များမကြာမီ ဂျပန်နိုင်ငံသို့ သွားရောက် လည်ပတ် မည် ဟု စုံစမ်းသိရှိရသည်။