သတင်း

KNU ကိုယ်စားလှယ်အဖွဲ့ သမ္မတ ဦးသိန်းစိန်၊ ကာချုပ်တို့နှင့် တွေ့ဆုံ

This article has been converted from Zawgyi One to Unicode

ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် နေပြည်တော်တွင် တွေ့ဆုံကြောင်း သိရှိရသည်။

KNU ကိုယ်စားလှယ်အဖွဲ့သည် သမ္မတဦးသိန်းစိန်၊ ကာချုပ်တို့နှင့် တွေ့ဆုံရာတွင် လက်မှတ်မရေးထိုးနိုင်သေးသည့် အပစ်ရပ်ရေးကိစ္စ၊ ငြိမ်းချမ်းရေး ကိစ္စများကို အဓိက ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

“သမ္မတနဲ့ ဆွေးနွေးတဲ့ အဓိက အချက်တွေကတော့ အပစ်ခတ်ရပ်စဲရေးကို မြန်မြန် လက်မှတ်ရေးထိုးနိုင်ဖို့နဲ့  Political Dialogue ကို ဒီနှစ်မကုန်ခင်မှာ ဆောင်ရွက်နိုင်ဖို့ဆိုတာကို ၂ ဖက်စလုံးကတော့ ဆန္ဒရှိတယ်။ သဘောတူတယ်” ဟု မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ ဦးလှမောင်ရွှေက ပြောသည်။

သမ္မတဦးသိန်းစိန်က KNU ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်ရှိ သမ္မတ လယ်တောအိမ်တွင် လက်ခံတွေ့ဆုံခဲ့ပြီး  အပစ် အခတ်ရပ်စဲရေး မူကြမ်းစာချုပ် ချုပ်ဆိုနိုင်ရေး ၊ ၂၀၁၄ ခုနှစ်အတွင်း နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရေး တို့နှင့် ပတ်သက်၍ အမြင်သဘောထားများ ဖလှယ်ခဲ့ကြကြောင်း၊ အလားတူ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင် နှင့်လည်း တနာရီကျော်ကြာ တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

KNU ကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စုလွှတ်တော်နာယက သူရဦရွှေမန်းနှင့်လည်း ဇွန်လ ၅ ရက်နေ့တွင် တွေ့ဆုံ မည်ဖြစ်သည်။

KNU နှင့် သမ္မတ တွေ့ဆုံမှုသည် ၅ ကြိမ်မြောက် တွေ့ဆုံမှု ဖြစ်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံမှုမှာ  ၆ ကြိမ်မြောက် တွေ့ဆုံမှု ဖြစ်သည်။

Loading