ကမ္ဘာကြီးကို ကမ္ဘာ့ရွာ (Global Village) လို့ ပြောနေကြတဲ့အချိန်မှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာလည်း နိုင်ငံတနိုင်ငံ၊ ဒေ သ တခုရဲ့ နယ်နိမိတ်ကို ကျော်လွန်ပြီး အရေးပါလာနေပါတယ်။ စာပေ၊ ဂီတ၊ ပန်းချီ၊ နိုင်ငံရေး၊ စီးပွားရေး စတဲ့ကဏ္ဍမျိုးစုံမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေလိုပဲ ပါဝင်ခွင့်ရဖို့ (တနည်းအားဖြင့်) လေးစား အသိအမှတ်ပြုခံရဖို့ လိုအပ်လာနေပါပြီ။
ဟိုအရင်တုန်းကလို မိန်းမဆိုတာ ထမင်းဟင်းချက်၊ ကလေးထိန်းပြီး မီးဖိုချောင်ထဲမှာပဲ နေရမယ့်အချိန် မဟုတ်တော့ပါဘူး။ အခြေ အနေရဲ့ လိုအပ်ချက်အရ ကိုယ်တိုင် ကားမောင်းတာကအစ၊ အာကာသထဲအထိ ခရီးနှင်တာကို အမျိုးသမီးတွေ လုပ်ဆောင်နိုင်နေ ပါပြီ။ ဒါပေမယ့် အမျိုးသမီးတွေဟာ ပညာရေး၊ ကျန်းမာရေးပိုင်းမှာ လုံလောက်တဲ့တူညီမှု မရကြသေးသလို ခွဲခြားဆက်ဆံခံရမှုတွေလည်း ရှိနေဆဲပါပဲ။
|
တခြားသော ကမ္ဘာ့နိုင်ငံတွေမှာ အမျိုးသားတွေနဲ့ အမျိုးသမီး တန်းတူအခွင့်အရေးရဖို့ ရင်သွေးတွေကို ပြုစုပျိုးထောင်တဲ့ ထုံးတမ်း စဉ်လာတွေကို ပြောင်းလဲဖို့ ကြိုးစားလာနေတာ တွေ့ရပါတယ်။ များသောအားဖြင့် အိမ်မှုကိစ္စနဲ့ ကလေးထိန်းဖို့က မိန်းမတာဝန်ပဲ လို့ မှတ်ယူထားကြတဲ့ သူတို့ရဲ့ ခင်ပွန်းတွေကို အိမ်မှုကိစ္စနဲ့ ကလေးထိန်းရာမှာ ကူညီပေးခိုင်းတာမျိုး ဖြစ်ပါတယ်။ အဲဒီလို တာဝန် ကို ခွဲဝေယူလိုက်ခြင်းအားဖြင့် ယောက်ျားတွေ အနေနဲ့ ရေသာခိုလို့ မရတော့သလို အမျိုးသမီးတွေပါ လုပ်ငန်းခွင်တွေမှာဝင်ရောက် လုပ်ကိုင်နိုင်တဲ့အတွက် နိုင်ငံရဲ့ GDP ပါ တိုးတက်လာနိုင်ပါတယ်။
ဥပမာအားဖြင့် ကနေဒါနိုင်ငံမှာ “အမျိုးသမီးများ တန်းတူညီမျှရေးဆိုင်ရာ ဝန်ကြီးဌာန” ဆိုပြီး ရှိပါသတဲ့။ အဲဒီ ဝန်ကြီးဌာန ကနေ အမျိုးသမီးတွေရဲ့ အခွင့်အရေးအတွက် လုပ်ဆောင်စရာ ရှိတာတွေကို လုပ်ဆောင်နေကြပါတယ်။
အရည်အချင်းရှိသူချင်းအတူတူ တချို့သော လုပ်ငန်းခွင်တွေမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေလောက် လုပ်ခလစာ မရတာရှိပါတယ်။ အာရှ- ပစိဖိတ်ဒေသနဲ့ဆိုင်တဲ့ စစ်တမ်းတွေအရ ဒေသတွင်း နိုင်ငံတွေမှာ အမျိုးသမီးတွေကို အလုပ်အကိုင် ရှာဖွွေခွင့် ကန့်သတ်ထားတာကြောင့် နစ်နာရှုံးဆုံးရတဲ့ ပမာဏဟာ နှစ်စဉ် အမေရိကန်ဒေါ်လာ ၄၇ ဘီလီယံ ရှိတယ်လို့ ဆိုပါတယ်။
ကျမတို့ မြန်မာနိုင်ငံမှာဆိုရင်လည်း အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေမှာ ဝင်ခွင့်အမှတ်ကို အမျိုးသမီးတွေအတွက် ပိုမြှင့် ထား တာ မဖြစ်သင့်ပါဘူး။ အမျိုးသားနဲ့ အမျိုးသမီး ဝါသနာပါတဲ့ ဘာသာရပ်ချင်းအတူတူ ဝင်ခွင့်အမှတ်ကလည်း အတူတူပဲ ဖြစ် သင့်ပါတယ်။
အာရှတိုက်မှာ နေထိုင်ကြတဲ့တချို့ အမျိုးသမီးတွေဟာ ရှေးရိုးစွဲ အယူအဆတွေအောက်မှာ ဘဝရဲ့တက်လမ်းတွေ ပိတ်နေကြရ တာ စိတ်မကောင်းစရာပါပဲ။ အာဖဂန်နစ္စတန်နိုင်ငံက တာလီဘန်တွေ ကြီးစိုးတဲ့ဒေသမှာ အမျိုးသမီးတွေဟာ ပညာသင်ယူနိုင်ဖို့ တော်တော်လေး စွန့်စားကြရပါတယ်။ မြန်မာနိုင်ငံမှာ အဲဒီလောက် အခြေအနေ မဆိုးပေမယ့် ကျေးလက်ဒေသက မိန်းမပျိုလေးတွေဟာ ပညာကို ဆုံးခန်းတိုင် သင်ယူနိုင်ခြင်း မရှိပါဘူး။
ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေမူကြမ်း အပိုဒ် ၃၅၂ မှာ “အစိုးရဟာ အမျိုးသားတွေနဲ့ပဲ သင့်လျော်တဲ့ အလုပ်နေရာတွေမှာ အမျိုးသားတွေကိုပဲ ခန့်အပ်မယ်” လို့ ပါဝင်တာဟာ မဖြစ်သင့်ပါဘူး။ တကယ်လို့ အမျိုးသားတွေ လုပ်နိုင်တဲ့ အလုပ်ကို အမျိုးသမီးတွေ ကလည်း လုပ်နိုင်တယ်ဆိုရင် တန်းတူအခွင့်အရေး ပေးရမှာပါ။
ပညာရှင်တွေကတော့ “အမျိုးသမီးတွေအတွက် တန်းတူအခွင့်အရေး ရရှိမှုဟာ လူ့အသိုင်းအဝိုင်းရဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွက် မောင်းနှင်အား”လို့ မြင်ပါတယ်။ ဖိနှိပ်ချုပ်ချယ်မှုတွေ များတယ်လို့ နာမည်ကြီးတဲ့ အာရပ်ကမ္ဘာမှာတောင် အမျိုးသမီးတွေရဲ့ အရည် အချင်းကို အသိအမှတ်ပြုနေရပြီ ဖြစ်ပါတယ်။
၂၀၀၄ ခုနှစ်မှာ အာရပ် အမျိုးသမီးတွေအတွက် ရည်ရွယ်တဲ့ “ဟီဗာ” အသံလွှင့်ဌာန တည်ထောင်နိုင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ အခွင့်အရေးနဲ့ လွတ်လပ်မှုအတွက် အမျိုးသမီးထုအနေနဲ့ တညီတညွတ်တည်း ရှိနေတယ်ဆိုတာ ဓာတ်ပုံ ကမ်ပိန်း ပြုလုပ်ခဲ့ကြ တာပါ။ အဲဒီ ကမ်ပိန်းကို အစပျိုးခဲ့တဲ့ တက်ကြွလှုပ်ရှားသူ ၄ ဦးဟာ လက်ဘနွန်၊ ပါလက်စတိုင်းနဲ့ အီဂျစ်နိုင်ငံတွေကပဲ ဖြစ်ပါတယ်။
အမျိုးသမီးတွေရဲ့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်အပေါ် ကန့်သတ်မှုတွေ ရှိနေတာကို ဖယ်ရှားသွားရမှာပါ။ အိမ်ထောင်ဖက် ရွေးချယ် ရာမှာ ကိုယ်ချစ်ခင် နှစ်သက်တဲ့သူကို ဘာသာတူသည်ပဲဖြစ်ဖြစ်၊ ဘာသာမတူသည်ပဲဖြစ်ဖြစ် အသက် ၁၈ နှစ် ပြည့်ပြီးတဲ့ အမျိုးသမီး တိုင်း ရွေးချယ်ခွင့် ရှိပါတယ်။ သိပ်မကြာခင်ကပဲ အံ့သြထိတ်လန့်စရာကောင်းတဲ့ သတင်းတပုဒ်ကို ဖတ်လိုက်ရပါတယ်။ ပါကစ္စတန်နိုင်ငံက “လာဟိုး” မြို့မှာ “ဖာဇာနာပါဗင်း” ဆိုတဲ့ အမျိုးသမီးလေးဟာ မိဘသဘောမတူသူနဲ့ လက်ထပ်မိတဲ့အတွက် သူ့ဆွေမျိုးတွေက ကျောက်ခဲတွေနဲ့ မသေမချင်း ထုသတ်ခဲ့တယ်ဆိုတဲ့ သတင်းပါ။ ဒါဟာ အမျိုးသမီးတွေအနေနဲ့ ဘယ်လောက်တောင် မှ လူ့အခွင့်အရေးကို ရက်ရက်စက်စက် ချိုးဖောက်ခံနေရသလဲဆိုတဲ့ အချက်ကို သက်သေပြနေတာပါ။
အမျိုးသမီးတွေကို လုံလောက်တဲ့ဝင်ငွေ ဖန်တီးပေးဖို့က အတော်လေး အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိသားစု တစုလုံး အတွက် စီမံခန့်ခွဲရတာဟာ အမျိုးသမီးတွေ ဖြစ်နေလို့ပါပဲ။ လုံလောက်တဲ့ ဝင်ငွေရရှိဖို့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေး ရမှာ ဖြစ်သလို ပညာရေးနဲ့ ကျန်းမာရေးကို မဖြစ်မနေ မြှင့်တင်ပေးရမှာပါ။ ဝင်ငွေရရှိမှု နည်းပါးတဲ့အတွက် လမ်းမှားရောက်သွားတာ တွေ၊ Sex Worker ဖြစ်သွားတာတွေ၊ လူကုန်ကူးခံရတာတွေဟာ ရင်နင့်စရာပါ။ ကျမတို့ မြန်မာ့လူ့အဖွဲ့အစည်း ကိုယ်တိုင်က မိန်းမတွေအပေါ် ရှုမြင်တဲ့ သဘောထားတွေကို ပြောင်းလဲနိုင်ရပါမယ်။
အထက်တန်း ပညာရေးအထိ သင်ယူနိုင်တဲ့ အမျိုးသမီးတွေဟာ မြန်မာနိုင်ငံမှာ ၄၀ ရာခိုင်နှုန်းဝန်းကျင်ပဲ ရှိပါသတဲ့။ ပညာတတ်တဲ့၊ ပညာပြီးဆုံးအောင် သင်ယူနိုင်တဲ့ အမျိုးသမီးတွေ များလာမှသာ နောက်မျိုးဆက်တွေရဲ့ အနာဂတ် လှပမှာဖြစ်ပါတယ်။
“မိန်းကလေးပဲ သေစာ ရှင်စာ တတ်ရင် တော်ပြီ” ဆိုတဲ့ ရှေးရိုးစွဲ အယူအဆကို စွန့်လွှတ်ဖို့ လိုလာပါပြီ။ ပညာတတ်တဲ့ အမျိုးသမီး တွေ အနေနဲ့ မိသားစု စီမံကိန်းဖြစ်တဲ့ သားဆက်ခြားတာ၊ သားသမီးတွေကို ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ပေးတာ၊ အာဟာ ရ ပြည့်ဝအောင် ကျွေးမွေးတာတွေ ပြုလုပ်နိုင်ပါတယ်။ ဒါကြောင့် ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းတရပ် ဖြစ်ပေါ်ရေးအတွက် အများကြီး အထောက်အကူ ပြုနိုင်ပါတယ်။
ကျန်းမာရေးနဲ့ ပတ်သက်လာရင်လည်း ဝေးလံတဲ့ ကျေးလက်ဒေသအထိ ထိရောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေပေးဖို့ လိုပါတယ်။ ဆေးဝါးကုသစရိတ် မြင့်မားနေမှုကို လျှော့ချရမှာဖြစ်သလို မီးဖွားစဉ် မိခင်သေဆုံးမှု လျော့ကျရေးအတွက် ကျန်းမာရေး အသိ ပညာ ပေးမှုတွေ ပြုလုပ်ပေးရမှာပါ။ အထူးကုဆေးခန်းတွေမှာ မီးဖွားနိုင်တဲ့ အမျိုးသမီး အရေအတွက်ဟာ မြန်မာတနိုင်ငံလုံး မှာ အရေအတွက် အနည်းငယ်သာ ရှိပါတယ်။ သန့်ရှင်းတဲ့ သောက်ရေရရှိဖို့၊ လျှပ်စစ်မီး ရရှိဖို့ဆိုတဲ့ အချက်ဟာလည်း အမျိုးသမီး တွေ အတွက် အထူးအရေးကြီးတဲ့ အချက်ပါပဲ။
ဝမ်းသာစရာ ကောင်းတာက တချို့သော ယာဉ်လိုင်းတွေမှာ အမျိုးသမီး ယာဉ်အကူတွေ ရှိလာတာပါပဲ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည် မှု ပြင်းပြရင် မလုပ်နိုင်တဲ့ အလုပ်ရှိမှာ မဟုတ်ပါဘူး။ ဒါ့အပြင် အမျိုးသမီးတွေအတွက် အထောက်အကူပြုတဲ့ Civil Society (အရပ်ဘက် လူ့အဖွဲ့အစည်း) တွေ ရှိလာတာက တကယ့်ကို အပေါင်းလက္ခဏာ ဖြစ်ပါတယ်။
အမျိုးသမီးဖြစ်ရတာ အားငယ်ဖို့ မလိုသလို စိတ်ပျက်ဖို့လည်း မလိုပါဘူး။ အမျိုးသမီးတွေ အနေနဲ့ ကိုယ့်အခွင့်အရေးအတွက် ရသင့် ရထိုက်တာကို ဥပဒေနဲ့အညီ တောင်းဆိုရမှာ ဖြစ်သလို ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံတော်ဖြစ်ဖို့အတွက် တာဝန်ရှိသူတွေ အနေနဲ့ အမျိုးသမီးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ဥပဒေပြုရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာတဲ့ အခွင့်အလမ်းတွေ ဖန် တီး ပေးဖို့ လိုအပ်နေပါကြောင်း တင်ပြလိုက်ရပါတယ်။ ။