အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်မှ အတည်ပြုထားပြီး ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြု ပြဌာန်းတော့မည့် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းသည် အရပ်ဘက် အဖွဲ့အစည်းများ၏ တောင်းဆိုချက်များနှင့် ကိုက်ညီမှု မရှိကြောင်း သိရသည်။
ယင်းဥပဒေကြမ်းနှင့် ပတ်သက်၍ ဇွန်လ ၄ ရက်နေ့က ရန်ကုန်မြို့ City Star ဟိုတယ်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ်များက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဥပဒေကြမ်းတွင် ပါရှိသည့် တချို့အချက်များမှာ အရပ်ဘက်ကိုယ်စားလှယ်များနှင့် လွှတ်တော် တာဝန်ရှိသူများ ယခင် တွေ့ဆုံဆွေးနွေးထားစဉ်က အတိုင်း မဟုတ်ဘဲ နယ်မြေ ကန့်သတ်ချက်များ အပါအဝင် စကားလုံး ပြုပြင် ပြောင်းလဲမှုများ တွေ့ရှိရကြောင်း အရပ်ဘက် အဖွဲ့အစည်းများက ဆိုသည်။
အရပ်ဘက် အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်တဦးဖြစ်သော 3N Network မှ ဒေါ်နွယ်ဇင်ဝင်းက“ကျမတို့စပြီး သဘောတူခဲ့စဉ် တုန်းက တနေရာတည်းမှာ မှတ်ပုံတင်ရင် မည်သည့် နေရာမှာမဆို လုပ်နိုင်မယ်ဆိုတာမျိုးပေါ့။ တကယ်ခွင့်ပြုတဲ့ အတည်ပြုချက် ထဲမှာ ဘာသွားတွေ့လည်း ဆိုတော့ မြို့နယ်မှာတင်ရင် ခရိုင်အထိပဲ လုပ်လို့ရပြီးတော့ တိုင်းမှာတင်ရင် တိုင်းမှာဘဲ လုပ်လို့ ရမယ်။ တပြည်လုံးမှာလုပ်ချင်ရင် ဗဟိုအထိ တင်ရမယ်ဆိုတဲ့ ပြောင်းလဲချက်ကို ကျမတို့ တွေ့ရပါတယ်”ဟု ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ယခင် ဆွေးနွေးမှုများအရ အသင်းအဖွဲ့များသည် မိမိ ဆန္ဒအလျောက် လွတ်လပ်စွာ မှတ်ပုံတင်နိုင်သည်ဟု ဆိုသော်လည်း ယခု ဥပဒေကြမ်း ပါရှိချက်မှာ မြန်မာနိုင်ငံ တဝန်းလုံးတွင် လှုပ်ရှား ဆောင်ရွက်နေသော အသင်းအဖွဲ့များမှအပ အခြားသူများသည် မိမိ ဆန္ဒ အလျောက် မှတ်ပုံတင်နိုင်သည်ဟု စကားလုံး ပြောင်းလဲထားသည်ကို တွေ့ရသည်။
ယခုအခြေအနေတွင် လွှတ်တော်နှစ်ရပ်က အတည်ပြုပြီးသော အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင် စု လွှတ်တော်မှ အတည်ပြုတော့မည်ဖြစ်ရာ နောက်ဆုံးအဆင့်ဖြစ်သည့် သမ္မတ လက်မှတ်ထိုးသည့် အဆင့်သာ ကျန်ရှိနေကြောင်း သိရသည်။
ယင်းအတွက် အရပ်ဘက် အဖွဲ့အစည်းများက ၎င်းတို့ ပြုပြင်ဆွေးနွေးလိုသည့် အချက်များကို နိုင်ငံတော် သမ္မတထံ အကြံပြု တင်ပြ တောင်းဆိုသွားရန် လုပ်ဆောင်နေသည်ဟုလည်း ဆိုသည်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုစိုးထွန်းက “လက်ရှိ ကျနော်တို့ ကြိုးပမ်း ဆောင်ရွက်နေတဲ့ အချက်တွေကို ပြည်ထောင်စု လွှတ်တော်မှာ အဆင်မပြေသေးဘူး ဆိုရင် နောက်ဆုံး သမ္မတဆီကို တင်ရတယ်ပေါ့နော်၊ သမ္မတရုံး အဖွဲ့နဲ့လည်း ကျနော်တို့ ဖြစ်စေချင်တဲ့ ကိစ္စတွေ တွေ့ဆုံပြီးတော့ ပူးပေါင်း ဆောင်ရွက်မှုတွေ ဖြစ်လာအောင် တင်ပြသွားဖို့ ရှိပါတယ်”ဟု ပြောသည်။
သို့သော် အရပ်ဘက် အဖွဲ့အစည်းများနှင့် ညှိနှိုင်းမှု ပြုခဲ့ရာတွင် ပြစ်မှု ပြစ်ဒဏ်နှင့် ဆိုင်သော အခန်းများ လုံး၀ ပယ်ဖျက်နိုင်ခဲ့ပြီး အသစ်ထွက်လာတော့မည့် ယင်းဥပဒေတွင် အဆိုပါ အခန်းများ လုံး၀ ပါရှိတော့မည် မဟုတ်ကြောင်း သိရသည်။ ယင်းပြစ်မှုပြစ် ဒဏ် အခန်းအရ ယခင်နှင့် လက်ရှိအချိန်တွင် အရေးယူခံခဲ့ရသူ များစွာ ရှိကြောင်း သိရသည်။