ထိန်းသိမ်းရမယ့် ရှားပါးမျိုးစိတ်များနဲ့ မိန်းမလှကျွန်း
This article has been converted from Zawgyi One to Unicode
မြန်မာနိုင်ငံ အောက်ပိုင်းဒေသ ဒီရေတောတွေ တည်ရှိရာ အရပ်ဖြစ်သလို ကမ္ဘာ့ ရှားပါးမျိုးစိတ်တွေ အများဆုံး တည်ရှိရာ အရပ်က တော့ ဧရာဝတီတိုင်း ဒေသကြီး၊ ဘိုကလေးမြို့နယ် အတွင်းမှာရှိတဲ့ မိန်းမလှကျွန်း တောရိုင်း တိရစ္ဆာန် ဘေးမဲ့တောကြီးပဲ ဖြစ်ပါတယ်။
အဲဒီ တောကြီးထဲမှာ ရှားပါး တောရိုင်းတိရစ္ဆာန်တွေ အများအပြား နေထိုင်ကျက်စားကြသလို သစ်ဥသစ်ဖုတွေနဲ့ ဆေးမြစ်ပေါင်းများစွာ ပေါက်ရောက် ရှင်သန်နေကြပါတယ်။ မိန်းမလှကျွန်း ဘေးမဲ့တောကြီးကို ဝန်းရံထားတာကတော့ အရှေ့ဘက်မှာ ဘိုကလေးမြစ် ဖြစ်ပြီး အနောက်ဘက်က ကဒုံကနိ မြစ်တို့ ဖြစ်ပါတယ်။
အဲဒီမြစ်တွေ အတွင်းမှာတော့ မျိုးတုံးပျောက် ကွယ်တော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ရေချို ရေငန်စပ် မိကျောင်း (Corcodylus porosus) တွေ ရှိပါတယ်။ မိန်းမလှကျွန်း ဘေးမဲ့တောဟာ မြန်မာနိုင်ငံမှာ မိကျောင်းတွေကို ထိန်းသိမ်း ကာကွယ် ထားတဲ့ တခုတည်းသော ဘေးမဲ့တောကြီး ဖြစ်ပါတယ်။
အဲဒီ မိကျောင်းတွေဟာ ဘိုကလေးမြစ်၊ ကဒုံကနိမြစ်နဲ့ ချောင်းလက်တက်တွေဖြစ်တဲ့ သပြေချောင်းနဲ့ မဲချောင်း စတဲ့ ချောင်းကြီး ၉ ချောင်းမှာ ရှင်သန်နေထိုင်ကြပါတယ်။ မိကျောင်းကောင်ရေ ၁၀ဝ နီးပါး ရှိပေမယ့် တခါတရံမှ ရောက်သွားတဲ့ သူတွေ အတွက် တွေ့မြင်ရဖို့ ခဲယဉ်းပါတယ်။
မိကျောင်းတွေကို သဘာဝနည်းနဲ့ ထိန်းသိမ်းကာကွယ်ဖို့ တာဝန်ယူထားတဲ့ ဘေးမဲ့တော ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့နဲ့ အတူ မိကျောင်းတွေကို ရှာဖွေဖို့ သူတို့တွေ အများဆုံး သွားလာနေရာ သပြေချောင်းကြီးထဲကို သွားပြီး ရှာဖွေခဲ့ကြပါတယ်။
မိကျောင်းတွေဟာ နံနက်ကနေ ညနေစောင်းသည်အထိ ရေအောက်မှာ ငုပ်လျှိုးသွားလာကြသလို သစ်တုံးတွေလိုလည်း ငြိမ် သက် နေတာကြောင့် တွေ့ဖို့ ခက်ခဲပါတယ်၊ ဒါကြောင့် သူတို့ သားကောင်ရှာချိန်ဖြစ်တဲ့ ညဘက်မှသာ ချောင်းအတွင်းကို သွားပြီး ကြည့်ရှုလို့ ရမှာပါ။ မိကျောင်းတွေဟာ ညဘက်အချိန်တွေမှာ ပုစွန်နဲ့ ငါးတွေကိုဖမ်းယူ စားသောက်ဖို့အတွက် ကမ်းစပ်မှာ ငြိမ်သက် နေတတ်ကြပါတယ်။
“သူတို့ကို တွေ့ဖို့တော့ မလွယ်လှဘူး၊ ညဘက်ကျမှသာ သားကောင်ရှာချိန်ဖြစ်လို့ သူတို့ မျက်စိအလင်းရောင်ကို ရောင်ပြန်မြင်နိုင် မယ့် ဓာတ်မီးတွေနဲ့ ထိုးကြည့်ပြီး တွေ့မှ အနီးကပ်ကြည့်လို့ရမှာ၊ နေ့ဘက်ဆိုရင်တော့ လှေသံကြားတာနဲ့ ရေအောက်ငုပ်သွားတော့ မြင်ဖို့ မဖြစ်နိုင်ဘူး”လို့ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ဘေးမဲ့တော ထိန်းသိမ်းရေးအဖွဲ့ တောအုပ်ကြီး ဦးဇော်ထူးအောင် က ပြောပါတယ်။
ည ၈ နာရီအချိန်လောက် သပြေချောင်းအတွင်းကို စက်တပ်လှေငယ်တစီးနဲ့ သွားရောက်ကြပြီး ဓာတ်မီးရောင် အားကိုးနဲ့ မိကျောင်း တွေကို ရှာဖွေကြ ပါတော့တယ်။ ဓာတ်မီးရောင် ထိုးကြည့်လိုက်တဲ့အခါ ၁၀ ပေလောက် အကွာမှာတော့ မီးသီးတလုံး လို လင်း နေတဲ့ မျက်လုံးတစုံကို အရင်မြင်လိုက်ပါပြီ။ လှေကို အသံတိတ်သွားအောင် စက်ရပ်လိုက်ပြီး သွားကြည့်တဲ့ အခါမှာတော့ ၆ ပေ ကျော်ရှည်လျားတဲ့ မိကျောင်းတကောင်ကို တွေ့ရပါတယ်။
မိကျောင်းတွေဟာ ရန်ကုန်မြို့ပေါ်က တိရစ္ဆာန်ရုံနဲ့ မွေးမြူရေး စခန်းတွေမှာ တွေ့ရတဲ့ မိကျောင်းတွေလို ငြိမ်သက် မနေပါဘူး။ လှေ က သူ့အနားရောက်ပြီး မိနစ်ပိုင်း အတွင်းမှာ သူ့ရဲ့ ကိုယ်ကို ပြောင်းပြန် လှန်ချပြီး ရေထဲကို ငုတ်ဆင်းသွားပါတယ်။ ဆင်းသွားတဲ့ ပုံစံ ဟာ လျင်မြန်လွန်းတာ တွေ့ရပါတယ်။
ရေချိုရေငန်စပ် မိကျောင်းကတော့ နှုတ်သီးတို အမျိုးအစားဖြစ်ပြီး သန်မာဖျတ်လတ်တာကြောင့် သားကောင်ကို အလွယ်တကူ ဖမ်း ယူနိုင်တဲ့ မိကျောင်းမျိုး ဖြစ်တယ်လို့ သိရပါတယ်။ အကောင် အငယ်ဆုံး အလျား ၁ ပေ ကနေ အကြီးဆုံး ပေ ၂၀ ကျော် အထိ ကြီးထွားကြပြီး လူတယောက်ရဲ့ သက်တမ်းအတိုင်း သူတို့လည်း ရှင်သန်ကြကြောင်း သိရပါတယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ မိကျောင်း ၂၃ မျိုးထဲမှာ ကြီးထွားမှု အရှိဆုံးနဲ့ တိုက်ခိုက်လိုစိတ် အများဆုံး မိကျောင်း အမျိုးအစား ဖြစ်ပါတယ်။
ဒါကြောင့် အချင်းချင်း တိုက်ခိုက်ကြရာက သေဆုံးပြီး အကောင် ၁၀ဝ မှာ ၂ ကောင်နှုန်းလောက်သာ အသက်ရှင်နိုင်ကြောင်း၊ မိခင် မိကျောင်းမကြီးကလည်း သူ့ဥတွေက ပေါက်ဖွားတာတဲ့ မိကျောင်း ပေါက်ကလေးတွေကို ကိုက်ဖြတ် သတ်တာမျိုးတွေလည်း ရှိကြောင်း သိရပါတယ်။
၁၉၉၀ ပြည့်နှစ် မတိုင်ခင် ကာလတွေတုန်းကတော့ မိန်းမလှကျွန်း ဘေးမဲ့တောကြီး ပတ်လည်မှာ ရှင်သန်နေတဲ့ ရေချိုရေငန်စပ် မိကျောင်းကောင်ရေ ၃၀ဝ၀ ကျော် ရှိခဲ့ပါတယ်။ ဒါပေမယ့် မြန်မာ့ပုလဲနဲ့ ငါးလုပ်ငန်းက မိကျောင်းတွေကို အကောင်လိုက် ဖမ်းယူပြီး ပြည်ပနိုင်ငံတွေကို တင်ပို့ရောင်းချကြတာကြောင့် ၁၉၉၄ ခုနှစ်ခန့်မှာတော့ ရှားပါးပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့ရတယ်လို့ သိရပါတယ်။
“ဒေသခံတွေကို မိကျောင်း တွေ့တဲ့အခါ၊ မိကျောင်းအသိုက်တွေ တွေ့တဲ့အခါမျိုးမှာ ဆုပေးတယ်၊ အကောင်ပေါက် အပ်နှံနိုင်ရင် လည်း ဆုပေးတဲ့ စနစ်လုပ်ခဲ့တော့ မျိုးတုံးလုနီးပါး ဖြစ်ခဲ့ရတာ။ အဲဒီ ကာလတွေတုန်းက ပြည်ပကို တရားဝင်ပို့တာရော၊ တရားမဝင် သွားတာတွေရော ရှိခဲ့တယ်။ အခုတော့ နည်းသွားပါပြီ” လို့ တောအုပ်ကြီး ဦးဇော်ထူးအောင်က ရှင်းပြပါတယ်။
၁၉၉၄ မှာတော့ သစ်တောဦးစီးဌာနက မိန်းမလှကျွန်းကို ဘေးမဲ့တောအဖြစ် သတ်မှတ်လိုက်ပြီး တောရိုင်း တိရစ္ဆာန်နဲ့ သဘာဝ အပင်များ ကာကွယ်ရေး ဥပဒေ ထုတ်ပြန်ပြီး မျိုးတုံးပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ ရေချိုရေငန်စပ် မိကျောင်းတွေကို သဘာဝ အတိုင်း ထိန်းသိမ်းခဲ့ကြတာပါ။ တခြား နည်းလမ်းတွေနဲ့ ထိန်းသိမ်း ကာကွယ်မှုကိုတော့ မလုပ်နိုင်သေးတာလည်း တွေ့ရပါတယ်။
“ကမ္ဘာမှာ အကြီးဆုံးမိကျောင်းမျိုး ဖြစ်သလို သူတို့ရဲ့ သားရေက အရောင်လှတာကြောင့် ဝယ်ယူချင်တဲ့ နိုင်ငံတွေ အရမ်းများတယ်၊ သဘောကျ ကြတယ်။ ဒါကြောင့် တကမ္ဘာလုံးမှာ ဒီမိကျောင်း အမျိုးအစားကို ကုန်သွယ်ခွင့် ပိတ်ထားတယ်” လို့ ဘေးမဲ့ တော တောအုပ် ကိုကျော်ကျော်နိုင်က ပြောပြပါတယ်။
ကမ္ဘာ့တောရိုင်း တိရစ္ဆာန်နဲ့ သဘာဝအပင်များ ကာကွယ်ရေးအဖွဲ့ (FFI)က ရေချိုရေငန်စပ် မိကျောင်းတွေကို ကမ္ဘာ့မျိုးသုဉ်းလုနီးပါး ရှားပါးမျိုးစိတ် စာရင်းမှာ ထည့်သွင်းထားပြီး ကုန်သွယ်ခွင့်၊ ရောင်းဝယ်ဖောက်ကားခွင့်နဲ့ လက်ဝယ် ထားရှိခွင့်တွေကို နိုင်ငံတကာနဲ့ ပူးပေါင်းပြီး ပိတ်ပင်ထားပါတယ်။
“ပါမစ်မရှိဘဲ တင်ပို့ခွင့် မရှိဘူး၊ သုတေသန အတွက်ဆိုရင်လည်း ထောက်ခံချက်တွေ လိုလိမ့်မယ်၊ လက်ဝယ်ထားခြင်း၊ ဖမ်းဆီးခြင်း၊ အနာတရဖြစ်အောင် လုပ်လို့ မရဘူး” လို့ ကိုကျော်ကျော်နိုင်က ရှင်းပြပါတယ်။
မိန်းမလှကျွန်း ဘေးမဲ့တော အတွင်းမှာတော့ ရေချိုရေငန်စပ် မိကျောင်းကောင်ရေ ၁၀ဝ နီးပါးရှိပြီး ၂၀ဝ၀ ပြည့်နှစ် အတွင်းက ပြည် ပ က ရောက်ရှိလာတဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တဦးနဲ့ WCS ရဲ့ ပူးပေါင်းတွက်ချက် လေ့လာမှုအရ ဧရာဝတီ တိုင်း ဒေသကြီး တခုလုံး အတွင်းမှာတော့ အကောင်ရေ ၃၀ဝ၀ ကနေ ၄၀ဝ၀ ကြား ရှိနိုင်ကြောင်း ခန့်မှန်းထားတယ်လို့ သစ်တောဦးစီး ဌာန က သိရပါတယ်။
ရခိုင်ပြည်နယ်၊ စစ်တွေ၊ တနင်္သာရီ ကမ်းရိုးတန်း၊ ပဲခူး၊ ရန်ကုန်မြို့တို့မှာလည်း ပေါက်ဖွားရှင်သန် ခဲ့ဖူးတဲ့ အထောက်အထားတွေ ရှိတယ်လို့လည်း သိရပါတယ်။
ရေချိုရေငန်စပ် မိကျောင်းတွေဟာ မြန်မာမှာသာမက ဩစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ဘရူနိုင်း၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ သီရိလင်္ကာနဲ့ အရှေ့တီမော စတဲ့ နိုင်ငံတချို့မှာရှိပြီး မျိုးတုံးနိုင်တဲ့ အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့ မျိုးစိတ်တခု ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က မိန်းမလှကျွန်းအနီး ကျေးရွာတရွာက ရေချိုးဆင်းနေတဲ့ ကိုရင်တပါးကို ကိုက်သတ်လို့ ရွာသားတွေ သတ်ဖြတ် လိုက် တဲ့ အလျားပေ ၂၀ ကျော်ရှိခဲ့တဲ့ မိကျောင်းကြီးကတော့ ထိန်းသိမ်းခဲ့သမျှ မိကျောင်းတွေထဲမှာ အကြီးဆုံး မိကျောင်းကြီး တကောင် ဖြစ်ပါတယ်။ လတ်တလောမှာတော့ အလျား ၁၈ ပေကျော် မိကျောင်းက အကြီးဆုံး ဖြစ်တယ် လို့ ဘေးမဲ့တော ထိန်းသိမ်းရေးအဖွဲ့ရဲ့ အချက်အလက်တွေ အရ သိရပါတယ်။
“မိကျောင်းအန္တရာယ် သတိပေးချက်တွေကို ထုတ်ပြန်ပေးတယ်၊ ပုံမှန်အချိန်ဆိုရင် ရန်မူတတ်တဲ့စိတ် မရှိပေမယ့် သူတို့ မိတ်လိုက် တဲ့ လတွေမှာတော့ ရန်လိုစိတ်တွေ ပြင်းထန်နေတတ်တာကြောင့် လူတွေကို သတိပေးချက်တွေ ထုတ်ပြန်ထားရတယ်” လို့ မိန်းမလှကျွန်း ဘေးမဲ့တော တောအုပ်ကြီး ဦးဇော်ထူးအောင်က ရှင်းပြပါတယ်။
နှစ်စဉ် မေလ ကနေ ဩဂုတ်လ အထိ ကာလတွေက မိကျောင်းတွေရဲ့ မိတ်လိုက်ရာသီဖြစ်ပြီး အသိုက်တည်၊ ဥ,ဥတဲ့ ကာလ ဖြစ် ပါတယ်။ အဲဒီ အချိန်တွေမှာ အစာရှာရတာ ခက်ခဲတာနဲ့ မိတ်လိုက် ရာသီ ဖြစ်တာရယ်ကြောင့် ရန်မူချင်စိတ်တွေ များနေ တတ် တယ်လို့ သိရပါတယ်။
မိန်းမလှကျွန်းဟာ မြန်မာ့ရိုးရာ အစဉ်အလာ ယုံကြည်ချက် အရ ရေငန်ပိုင် ဦးရှင်ကြီးနတ် ပိုင်စိုးရာ ကျွန်းဖြစ်ပြီး အပြောအဆို၊ အနေအထိုင်တွေမှာ ဆင်ခြင်ရတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
“မယုံကြည်လို့ မရဘူး၊ ဒေသ အယူအဆတွေ အရ အရမ်းနတ်ကြီးတယ်၊ ပြောမှား ဆိုမှားဖြစ်လို့ မရဘူး” လို့ ဗြုံးမွှေးကျွန်းပေါ်မှာ နေထိုင်တဲ့ ဒေသခံ ဒေါ်တင်ရီက ဆိုပါတယ်။
“နိုင်ငံခြားသားတွေ လာတုန်းက ဦးရှင်ကြီးနတ် တင်တာကို ဗီဒီယို ရိုက်ချင်တယ် ဆိုလို့ ပွဲပြင်ပြီး ကမ်းစပ်မှာ ချထားတဲ့ အချိန် မိကျောင်းကြီးတကောင် ကူးသွားကူးလာ လုပ်နေတာတွေ့လို့ သူတို့တွေ သိပ်အံ့ဩ သွားကြတာ” လို့လည်း သူက ဆက်ပြောပါတယ်။
နှစ်စဉ် ပြည်ပ ဧည့်သည် ၅၀ ကျော် မိန်းမ လှကျွန်း အတွင်းက ရေချိုရေငန်စပ် မိကျောင်း၊ ဧရာဝတီလင်းပိုင်၊ ဖျံ စတဲ့ မျိုးစိတ်တွေကို လေ့လာဖို့ လာတတ်ကြတယ် လို့ သိရပါတယ်။
မိန်းမလှကျွန်း ဘေးမဲ့တော အတွင်းမှာတော့ ရေချိုရေငန်စပ် မိကျောင်းတွေကို လုံးဝ ကာကွယ်ထားတဲ့ တိရစ္ဆာန် စာရင်းမှာ ထည့် သွင်း ထားသလို သာမန် ကာကွယ်ထားတဲ့ တိရစ္ဆာန်စာရင်းမှာပါ ထည့်ထားပါတယ်။ ဒါကြောင့် ဖမ်းဆီး သတ်ဖြတ်သူတွေကို ထောင်ဒဏ် ၃ နှစ်ကနေ ၇ နှစ် အထိ အပြစ်ပေး အရေးယူလို့ ရတယ်လို့ ဘေးမဲ့တော ထိန်းသိမ်းရေး အဖွဲ့က ဆိုပါတယ်။
ရေချိုရေငန် မိကျောင်းတွေက ရေအောက်မှာ ကြာရှည် မနေနိုင်ပါဘူး။ သူတို့ရဲ့ သဘာဝအရ ခန္ဓာကိုယ် အပူဓာတ် လုံလောက်စွာ ရရှိဖို့ လိုအပ်ပါတယ်။ မဟုတ်ရင်တော့ အအေးဓာတ် လွန်ကဲပြီး သေဆုံးနိုင်တယ် လို့ သိရပါတယ်။
မိန်းမလှကျွန်း အတွင်းက မိကျောင်းတွေကို လေ့လာချင်ရင်တော့ ဒီရေ အတက်အကျရှိတဲ့ အချိန်၊ ရာသီဥတု ကောင်းမွန်ချိန်၊ အစာရှာချိန်နဲ့ အပူချိန် အနေအထားစတဲ့ အချက်အလက်တွေကို သေချာလေ့လာ ပြီးမှသာ ကြည့်ရှုလို့ အဆင်ပြေမှာပါ။
မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝ အပင် ထိန်းသိမ်းရေးအဖွဲ့က ကျွန်းပတ်လည်က မြစ် ၂ စင်းနဲ့ ချောင်းတွေ အတွင်းမှာ လှည့်လည် ကျက်စားနေတဲ့ မိကျောင်း ကောင်ရေစာရင်းကို နှစ်စဉ် ဒီဇင်ဘာလတိုင်းမှာ ကောက်ယူလေ့ ရှိပါတယ်။ သူတို့ရဲ့ စာရင်း ကောက် လေ့လာမှုအရ တနှစ်ထက် တနှစ် အကောင်ရေ တိုးပွားမှု ရှိလာတယ်လို့ သိရပါတယ်။
ကောင်ရေ ၁၀ဝ ကျော်ရှိတဲ့ အထဲမှာ အရွယ် မရောက်သေးတဲ့ အကောင်က ၅၀ ကျော် ရှိနေပြီး သက်လတ်ကောင်နဲ့ သက်ကြီး ကောင်က နည်းပါးတယ်လို့ စာရင်းကောက်အဖွဲ့က ဆိုပါတယ်။
၁၉၉၄ ခုနှစ် ဇန်နဝါရီလက စလို့ ဘေးမဲ့တော အဖြစ် သတ်မှတ်ကြေညာခဲ့ပြီး ၂၀ဝ၃ ခုနှစ် အာဆီယံ အမွေအနှစ် ဥယျာဉ်အဖြစ် သတ်မှတ်ခံထားရတဲ့ မိန်းမလှကျွန်း အတွင်းမှာ ရေချိုရေငန်စပ် မိကျောင်းတွေ အပြင် ဧရာဝတီလင်းပိုင်၊ ဖျံ၊ ဆတ်၊ တောဝက်၊ ခွေးအ၊ တောကြောင်၊ တောကြီးမြွေဟောက်၊ ငှက်ကလေးတုံးစပ်၊ ချည်ခင်စွပ်၊ စွန်ခေါင်းဖြူ၊ ပိန်ညင်း၊ ခရုစုတ်၊ စစ္စလီ၊ တင်ကျီး၊ သိမ်းကျား စတဲ့ တိရစ္ဆာန် မျိုးစိတ်တွေ အပြင် ငါးမျိုးစိတ် ၅၁ မျိုး၊ ပုစွန်မျိုးစိတ် ၁၂ မျိုး၊ ကဏန်းမျိုးစိတ် ၉ မျိုးနဲ့ ဒေသသုံး ပရဆေး ပင် ၅၃ မျိုး၊ သစ်ခွ ၇ မျိုး ပေါက်ရောက်တဲ့ တောကြီး ဖြစ်ကြောင်း ဘေးမဲ့တော ထိန်းသိမ်းရေး အဖွဲ့က ပြောပါတယ်။
နာဂစ် ဆိုင်ကလုန်းမုန်တိုင်း ဝင်ပြီးချိန်က စလို့ တချို့မျိုးစိတ်တွေ နည်းပါးသွားကြောင်း၊ ယနေ့ အချိန်ထိလည်း သစ်ပင်သစ်တော တွေကို ခိုးယူ ခုတ်ထွင်ခြင်းတွေ ရှိတာကြောင့် မိန်းမလှကျွန်း ဘေးမဲ့ တောကြီး အပါအဝင် တောရိုင်း တိရစ္ဆာန်တွေနဲ့ အပင်တွေကို အပြည့်အဝ ကာကွယ်မှု မပေးနိုင်သေးကြောင်း သိရပါတယ်။
နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ထိရောက်တဲ့ အကူအညီပေးမှုတွေနဲ့ ဒေသခံတွေရဲ့ ပူးပေါင်း ကာကွယ်ပေးမှုတွေလည်း လိုအပ် နေ တယ် လို့ ဘေးမဲ့တော ထိန်းသိမ်းရေး အဖွဲ့ဝင်တွေက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ရေချိုရေငန်စပ် မိကျောင်း၊ ထိုင်း မိကျောင်း၊ သံသုမာ မိကျောင်း နဲ့ ဂင်္ဂါ မိကျောင်း ဆိုပြီး မိကျောင်း ၄ မျိုး ရှိတဲ့ အထဲ က တကမ္ဘာလုံးမှာ မျိုးတုံး ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ ရေချိုရေငန်စပ် မိကျောင်းကို သဘာဝအတိုင်း ထိန်းသိမ်းစောင့် ရှောက်တာအပြင် မျိုးတုံးမယ့်အန္တရာယ်က ကာကွယ်နိုင်ဖို့ နည်းလမ်းလည်း လိုအပ်နေပါသေးတယ်။ ။