ပြင်ဦးလွင်မြို့နယ် ထုံးဘိုကျေးရွာအနီးက ကော်ဖီခြံတခုမှာ ပြီးခဲ့တဲ့ မေလ ၂၆ ရက်က ခြံအလုပ်သမားတွေနဲ့ ထုံးဘိုရွာသား တချို့ အကြား ရိုက်နှက်မှုဖြစ်ပွားခဲ့ပြီး ကြိုးတုပ်ထားတဲ့ ဒဏ်ရာရ ထုံးဘိုရွာသားတဦးရဲ့ ဓာတ်ပုံ တပုံဟာ လူမှုကွန်ရက် Facebook စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။
ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး နှစ်ဘက် ကာယကံရှင်တွေရဲ့ ပြောဆိုချက် ကွဲလွဲမှုတွေ ရှိနေပါတယ်။
ဓာတ်ပုံထဲမှာ တွေ့ရတဲ့ ဒဏ်ရာတွေနဲ့ ကြိုးတုပ် ခံထားရတဲ့ ဦးစိုးမြင့် က ကော်ဖီခြံ အလုပ်သမားတွေဘက်က သူ့ကို ဖုန်းဆက် ခေါ်ပြီး ရိုက်တာလို့ ပြောဆိုပါတယ်။
ကော်ဖီခြံပိုင်ရှင် ဒေါက်တာ ဒေါ်မိမိလေး ကတော့ ခြံထဲမှာရှိတဲ့ အလုပ်သမားတွေကို ဦးစိုးမြင့်တို့ အဖွဲ့က ဓားနဲ့ဝင်ခုတ်လို့ ကာကွယ် ဖမ်းဆီးမှု ပြုလုပ်ပြီး ရဲကို အကြောင်းကြားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဦးစိုးမြင့် က“ကျနော့်ကို ခြံကိစ္စ စကားပြောရအောင်ဆိုပြီး ဖုန်းဆက်လာလို့ ကျနော့်လူတွေနဲ့ ကော်ဖီခြံကို သွားတယ်။ ကော်ဖီခြံ ရောက်တော့ လူမိုက် ၉ ယောက်က ကျနော်တို့ကို ဝိုင်းရိုက်တယ်။ နောက်ကျနော်တို့ကို ကြိုးတုပ်တယ်”လို့ ဧရာဝတီကို ပြောပါတယ်။
ကော်ဖီ စိုက်ထားတဲ့ခြံမြေ ဧရိယာထဲက မြေတချို့ဟာ သူပိုင်တဲ့ မြေတွေပါဝင်နေတယ်ဆိုပြီး ပြန်ယူဖို့ကြိုးစားရင်းနဲ့ အခုလိုဖြစ်တာ လို့ ဦးစိုးမြင့်ဘက်က ပြောသလို လက်ရှိ ခြံပိုင်ရှင် ဖြစ်တဲ့ ဒေါက်တာ ဒေါ်မိမိလေးကလည်း သူ့မှာ ဒီခြံနဲ့ပတ်သက်ပြီး တရားဝင် ပိုင်ဆိုင်ကြောင်း အထောက်အထား အပြည့်အစုံရှိတယ်လို့ ပြောဆိုပါတယ်။
ဒေါက်တာ ဒေါ်မိမိလေး က ဦးစိုးမြင့်ဦးဆောင်တဲ့ အဖွဲ့ဟာ ဒီကော်ဖီခြံမြေနေရာအတွင်း မြေကွက်ရိုက်ဖို့ကြိုးစားရာမှာ ဒီနှစ် မတ်လ ပိုင်းကစပြီး မေလ ၂၆ ရက်အတွင်း ကော်ဖီခြံအတွင်း တရားမဝင် ကျူးကျော်ဝင်ရောက်မှု ၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ကော်ဖီခြံစည်းရိုးများဖျက်ဆီးခြင်း၊ ကော်ဖီပင်များနဲ့ ခြံအတွင်းရှိသစ်ပင်များကို ခုတ်ခြင်း၊ အလုပ်သမားအိမ်များ ဖျက်ဆီခြင်း၊ ခြံကိုမီးရှို့ခြင်း၊ ခြံ အလုပ် သမားများကို ခြိမ်းခြောက်ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့လည်း ပြောပါတယ်။
“ကျမခြံထဲကို ဝင်ပြီးတော့မှ ကျူးကျော်ရုံတင်မကဘူး။ ခြံကို မီးရှို့တယ်၊ အိမ်ဖျက်တယ်၊ လူတွေကို ဓားနဲ့ လိုက်ခုတ်တယ်။ အဲဒီလို လုပ်လို့ ကျမတို့ သူ့ကို တရားစွဲထားတာ ၂ လကျော်ပြီ။ အဲဒီလို လုပ်ထားတဲ့ကြားထဲကမှ သူတို့ တအားခြိမ်းခြောက်လို့ ကျမ အလုပ် သမားတွေ ထွက်ပြေးကုန်တာ။ အဲဒါမှာ သူတို့က ဗိုလ်ကျပြီးတော့ အလုပ်သမားတွေကို ဓားနဲ့ လာခုတ်တာ၊ အဲဒီလိုလုပ်လို့ အလုပ်သမားတွေက တုတ်နဲ့ ပြန်ရိုက်လိုက်တာ။ အဲဒီမှာတင် ရဲလက်ထဲအပ်လိုက်တာပဲ”လို့ ဒေါက်တာ ဒေါ်မိမိလေးက ဆက်ပြော ပါတယ်။
ခြံစည်းရိုး ဖျက်ဆီးပြီး ခြံကိုမီးရှို့မှု၊ ခြံအတွင်း ကျူးကျော်ပြီး အိမ် ၉ လုံး လာရောက် ဆောက်ထားမှုတွေကြောင့် ဦးစိုးမြင့် အပါအဝင် လူ ၂၀ အဖွဲ့ကို ဒေါက်တာ ဒေါ်မိမိလေးက ပိတ်ချင်းမြောင် ရဲစခန်းမှာ အမှုဖွင့် တိုင်တန်းထားတာ ဖြစ်တယ်လို့ သိရပါတယ်။
တိုင်တန်း ခံထားရတဲ့ အဖွဲ့ထဲမှာ ဗိုလ်မှူးဟောင်း ရည်မွန်ဆိုသူ စစ်တပ် အရာရှိ တဦးလည်း ပါဝင်နေပြီး သူဟာ ဦးစိုးမြင့်နဲ့ အဖွဲ့ကို နောက်ကွယ်ကနေ တွန်းအားပေးနေသူ တဦးဖြစ်တယ်လို့ ဒေါ်မိမိလေးက ပြောဆိုပါတယ်။
ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ကော်ဖီခြံနယ်မြေကို ပြင်ဦးလွင် မြန်မာ့ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်း၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းက ကော်ဖီတိုးချဲ့ စိုက်ပျိုးရေး စီမံကိန်းအရ ၂၀၀၄ ခုနှစ်မှာ ထုံးဘိုဒေသ ကွက်အမှတ် (၃) မှာ မြေဧက ၅၀ ကို ဦးမြင့်သိန်း ဆိုသူက နှစ် ၂၀ စိုက်ပျိုးခွင့်ရရှိခဲ့တာလို့ သိရပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ ဒေါ်မိမိလေးက တရားဝင် လွှဲပြောင်းယူခဲ့ပြီး စိုက်ပျိုးခဲ့တာဖြစ်တယ် လို့ ဆိုပါတယ်။
“ဒီမြေနဲ့ ပတ်သက်ပြီး ကျမတို့မှာ တရားဝင် အထောက်အထားတွေရှိတယ်။ ဘယ်တပ်၊ ဘယ်အရာရှိမြေမှ မဟုတ်ဘူး။ ဘာခရိုနီ မှလည်း မဟုတ်ဘူး။ အပြောင်းအလဲ အခြေအနေတွေမှာ လယ်ယာမြေ ပြန်ရရှိရေး တောင်သူတွေ ကြိုးစားမှုတွေ လုပ်နေကြတာနဲ့ လူလည်တွေက ရောယောင်ပြီး အခုဒီမြေကို အကွက်ရိုက်ပြီး ရောင်းစားဖို့ ကြိုးစားနေကြတာ။ ဒါကို ဥပဒေအရ မှန်မှန်ကန်ကန် လုပ်စေချင်တယ်။ ကျမတို့မှာ ခြံထဲကိုလည်း ကျူးကျော်စော်ကား ခံရသေးတယ်။ နာမည်လည်း ပျက်တယ်။ အရမ်းနစ်နာတယ်” လို့ ဒေါက်တာ ဒေါ်မိမိလေး က ပြောဆိုပါတယ်။
မေလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကော်ဖီခြံပဋိပက္ခနဲ့ပတ်သက်ပြီး ကွင်းဆင်းလေ့လာခဲ့တဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂ တာဝန်ခံ မစုစုနွေးက ဦးစိုးမြင့်တို့ရဲ့ ပြောဆိုချက်တွေကို လက်ခံကြောင်း ဒါပေမယ့်လည်း ထပ်မံ လေ့လာစုံစမ်းပြီး အဖြစ်မှန် ကို ဖော်ထုတ်ပေးနိုင်ဖို့ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ ဦးစိုးမြင့်ဟာ တောင်သူလယ်သမား သမဂ္ဂအဖွဲ့ရဲ့ အလုပ်အမှုဆောင် ၁၂ ဦး မှာ တဦးအပါအဝင် ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဦးစိုးမြင့် ကတော့ ဒေါ်မိမိလေး ရဲ့ ကော်ဖီခြံမြေထဲမှာ သူပိုင်ဆိုင်တဲ့ မြေ ၁၀ ဧက ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပိုင်ဆိုင်မှု အထောက်အထားတော့ မရှိဘူးလို့ ဧရာဝတီကို ပြောပါတယ်။
“ကျနော်တို့ ဒီခြံထဲဝင်လုပ်တာ ကျနော်တို့ရဲ့ ဓားမဦးချမြေကြောင့်မို့ ကျနော်တို့ ဝင်လုပ်တာ။ နောက်ပြီးတော့ စီမံကိန်း မအောင်မြင်တဲ့မြေလေ။ စီမံကိန်းက နှစ် ၂၀ ကျော်သွားပြီ။ ၁၉၉၃-၉၄ ကတည်းက သိမ်းထားတဲ့ကော်ဖီမြေ၊ အခုအချိန်ထိ ပလပ်မြေဖြစ်နေ တဲ့အတွက် ကျနော်တို့ဝင်ရောက် လုပ်ကိုင်တာ။ ကျနော်က အဲဒီအထဲမှာ ၁၀ ဧက ပိုင်တယ်ဗျ။ ပိုင်ဆိုင်မှု အထောက်အထား က တော့ သီးစား စနစ်လောက်ပဲ ရှိတာပေါ့ဗျာ။ ကျနော်တို့ဆီမှာ ဂရန်ဆိုတာ မကျဘူးဗျ။ ကျနော်တို့ ထုံးဘိုရွာက ရှေးယခင်ကတည်းက ရွှေ့ပြောင်း တောင်ယာ စနစ်ကိုပဲ သုံးခဲ့ရတာဗျ၊ ဂရန်ဆိုတာလည်း မရှိဘူး၊ လယ်မြေဆိုတာလည်း မရှိဘူးဗျ”လို့ ဦးစိုးမြင့်က ပြော ဆို ပါတယ်။
သူ့အနေနဲ့ လက်ရှိအချိန်တွင် ဒေါ်မိမိလေး တိုင်းတန်းထားတဲ့ အမှုအပါအဝင် အလားတူ အမှုတခုလည်း ရင်ဆိုင်နေရဆဲ ဖြစ်ပြီး ထုံးဘိုရွာအနီးက ဦးဌေးလှိုင်ရဲ့ခြံမြေမှာ ပါဝင်နေတဲ့ မြေ ၃ ဧက ပြန်ရရှိရေး ကြိုးပမ်းရာမှာ ခြံရှင်က တရားစွဲထားတာလို့လည်း ဦးစိုးမြင့်က ပြောပြပါတယ်။
ဦးစိုးမြင့် အဖွဲ့နဲ့ ကော်ဖီခြံ အလုပ်သမားအဖွဲ့တွေကြားမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ နယ်မြေခံ ရဲစခန်းဖြစ်တဲ့ ပိတ်ချင်းမြောင် ရဲစခန်းကို ဧရာဝတီက ဆက်သွယ်ခဲ့ပေမယ့် မရရှိခဲ့ပါဘူး။
ဒါပေမယ့် အခင်းဖြစ်ပွားပြီးတဲ့နောက် ဒီမိုကရက်တစ် မြန်မာ့အသံ(DVB) ဆက်သွယ် မေးမြန်းမှုမှာတော့ ဒီအမှုနဲ့ ပတ်သက်ပြီး တရားဥပဒေ အရ အရေးယူထားကြောင်း ပိတ်ချင်းမြောင် ရဲစခန်းက ရဲမှူး ဝင်းဌေးက ပြောထားပါတယ်။
DVBမှာ ရဲမှူး ဝင်းဌေး က “ဒေါ်မိမိလေး ကော်ဖီခြံရှိတယ်လေ။ ကော်ဖီခြံက အလုပ်သမားတွေက အလုပ်လုပ်နေတဲ့ အချိန်မှာ ထုံးဘိုရွာ က ဦးစိုးမြင့်တို့ ဦးပုံညတို့၊ ဦးဖိုးထွန်းတို့၊ ကိုနေလင်းတို့ ကနေပြီးတော့ ကော်ဖီခြံထဲကို ဝင်ပြီးတော့ ကျောက်တိုင်တွေ သွားချ တယ် လေ။ ကျောက်တိုင်တွေချတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒေါ်မိမိလေး ကော်ဖီခြံက အလုပ်သမားတွေဖြစ်တဲ့ ဖိုးဇော်တို့၊ ဝင်းဌေးတို့၊ မင်းဇော်တို့၊ အောင်သူတို့၊ ကိုသိန်းဇော်ဝင်းတို့နဲ့ စကားများပြီးတော့ ရိုက်မှုတွေ ဖြစ်တာ”လို့ ပြောဆိုထားပါတယ်။
ဒေါ်မိမိလေးရဲ့ တရားလွှတ်တော်ရှေ့နေ ဦးအေးသောင်းက“ဒေါ်မိမိလေးက ကော်ဖီခြံနဲ့ တရားဝင် နိုင်ငံတော်ကို ငွေသွင်းပြီးတော့ ရထားတဲ့ ခြံဖြစ်တယ်။ တပ်ပိုင်မြေလည်း မဟုတ်ဘူး။ ဘယ်လိုမှ မပတ်သက်ဘူး။ ကော်ဖီစိုက်ပျိုးရေး ကိုလျှောက်ထားလို့ ရရှိထား တဲ့ မြေဖြစ်တယ်။ အခု ထုံးဘိုရွာသားတွေက အရင်နိုင်ငံတော်က မသိမ်းဆည်းခင်က သူတို့ပိုင်ပါတယ်လို့ ပြောတာပေါ့ ဗျာ။ ပွင့်ပွင့် လင်းလင်း သုံးသပ်ရရင်တော့ အရင် အစိုးရရဲ့ မကောင်းတဲ့ အကျိုးဆက်တွေ ခံစားနေရတာပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ် တရားရုံးရောက် ရင်တော့ရှင်းသွားမှာပါ”လို့ ပြောပါတယ်။