ဗိုလ်လောင်း ရဲထွဋ်ဝင်းကို ဆေးကျောင်း တက်ခွင့်ပေးပါ

စည်သူအောင်မြင့်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြည်သူတို့ဇ။် တိုင်ကြားစာ နဲ့ အသနားခံစာ စိစစ်ရေးကော်မတီက ကျန်းမာရေးဝန်ကြီးဌာန ကို မေးခွန်းတစ်ခု မေးပါတယ်။ တပ်မတော် ဆေးတက္ကသိုလ် တက်ရင်း နောက်ဆုံးနှစ် အပိုင်း(ခ) ရောက်မှ ဘ၀ ပျက်သွားရတဲ့ ဗိုလ်လောင်းတစ်ယောက် အကြောင်းကို အသေးစိတ် တင်ပြပြီးမှ မေးတဲ့ မေးခွန်းပါ။ ကော်မတီ ဥက္ကဌ ဦးအောင်ငြိမ်း တင်ပြတဲ့ ဗိုလ်လောင်းရဲ့ အဖြစ်အပျက်ဟာ အလွန်စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒီ အဖြစ်အပျက်ကို ဖတ်ရှုရင်း မြန်မာ့တပ်မတော်ဟာ တောတွေ တောင်တွေ ထဲမှာပဲ မဟုတ်၊ မြို့ပြမှာရော လူ့အခွင့်အရေး ချိုးဖောက်သလား၊ အစိုးရ ဝန်ကြီးဌာနတွေ ဆိုတာကလည်း စစ်တပ်ထက် တစ်ဆင့်နိမ့်တဲ့ ကိုယ့်ဖာသာကိုယ် ဆုံးဖြတ်လုပ်ကိုင်နိုင်စွမ်း မရှိတဲ့ အဖွဲ့အစည်းတွေ ဖြစ်နေသလား ဆိုတာ သုံးသပ်နိုင်ကြမယ် ဖြစ်ပါတယ်။ ဒီတပတ် အဲဒီအကြောင်း ဆွေးနွေးတင်ပြသွားပါ့မယ်။

ကော်မတီ ဥက္ကဌ ဦးအောင်ငြိမ်း တင်ပြတဲ့ ဇာတ်လမ်းက ဒီလိုပါ။ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်က ရန်ကုန် တပ်မတော် ဆေးတက္ကသိုလ်မှာ ဗိုလ်လောင်းတယောက်ကို အခြား ဗိုလ်လောင်း ၃ ယောက်က အနိုင်ကျင့် ထိုးကြိတ်တိုက်ခိုက်တဲ့ အမှု တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ထိုးကြိတ် ရိုက်နှက်သူ ၃ ဦးကတော့ ဗိုလ်လောင်း နိုင်ထူးအောင်၊ စိုင်းငြိမ်းချမ်းအောင် နဲ့ ကျော်စိုးထက် တို့ဖြစ်ပြီး ထိုးကြိတ်ခံရသူက ဗိုလ်လောင်း သက်နိုင်အောင် ဆိုသူ ဖြစ်ပါတယ်။ ထိုးကြိတ်ခံရတဲ့ ဗိုလ်လောင်း သက်နိုင်အောင်ဟာ နှုတ်ခမ်းကွဲတာ အပါအဝင် ဒါဏ်ရာ အတော်လေး ရသွားပြီး ဆေးဝါး ကုသမှု ခံယူရတယ်လို့ ဆိုပါတယ်။ ဒီ ပြဿနာကို အာဏာပိုင်တွေက စစ်ဆေးပါတယ်။

အာဏာပိုင်တွေက စစ်ဆေးပြီးတဲ့အခါ အမှုက တစ်မျိုးဖြစ်သွားပါတယ်။ ဖြစ်စဉ်မှာ ထိုးကြိတ်ခံရတဲ့ ဗိုလ်လောင်း သက်နိုင်အောင်ဟာ ဗိုလ်လောင်း ရဲထွဋ်ဝင်း ဆိုသူနဲ့ ဗိုလ်လောင်း ကျောင်းသားအချင်းချင်း ချစ်ကြိုက်မှု ဖြစ်နေတာ စုံစမ်းသိရတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ နှစ်ယောက်စလုံးကို ကျောင်းထုတ်လိုက်ပါတယ်။ ဗိုလ်လောင်းအဖြစ်ကနေ ရပ်စဲလိုက်တာပါ။ ပြောရရင် အဲဒီ အခင်းဖြစ်ပွားရာမှာ မပါတဲ့ ပြဿနာနဲ့ မပတ်သက်တဲ့ ဗိုလ်လောင်း ရဲထွဋ်ဝင်း ကို ဗိုလ်လောင်းကျောင်းသား အချင်းချင်း ချစ်သူရည်းစား ထားတယ်ဆိုတဲ့ ပြစ်မှုနဲ့ ကျောင်းထုတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

ဗိုလ်လောင်းရဲထွဋ်ဝင်းဟာ မကွေးတိုင်း တောင်တွင်းကြီးမြို့က ဖြစ်ပြီး ၂၀၀၅ ခုနှစ် အခြေခံအထက်တန်း စာမေးပွဲကို ဂုဏ်ထူးသုံးခု၊ စုစုပေါင်းရမှတ် ၄၇၆ နဲ့ ထူးထူးချွန်ချွန် အောင်မြင်ခဲ့သူဖြစ်ပါတယ်။ မန္တလေး ဆေးတက္ကသိုလ်နဲ့ မကွေးဆေးတက္ကသိုလ် ဝင်ခွင့်ရပေမယ့် စစ်ဗိုလ်ဆရာဝန် ဖြစ်ချင်တာကြောင့် တပ်မတော် ဆေးတက္ကသိုလ် လျောက်ထားပါတယ်။ စိစစ်မှုတွေအပြီး ဝင်ခွင့်ရတာကြောင့် ရန်ကုန် တပ်မတော် ဆေးတက္ကသိုလ်မှာ တက်ရောက် ပညာသင်ကြားခဲ့ပါတယ်။ ဆေးကျောင်းမှာလည်း ဗိုလ်လောင်းရဲထွဋ်ဝင်းဟာ ထူးချွန်ပါတယ်။ တတိယ နှစ်မှာ ရောဂါဗေဒ ဘာသာ ဂုဏ်ထူး ရခဲ့ပြီး နောက်ဆုံးနှစ် အပိုင်း(က)မှာ ဥပဒေရေးရာ၊ ဆေးပညာကာကွယ်ရေးနဲ့ လူမှုရေးဆေးပညာ ဘာသပ်ရပ်တွေမှာ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။ ခုလို ပြဿနာ ပေါ်ခဲ့တဲ့ အချိန်ဟာ နောက်ဆုံးနှစ် အပိုင်း(ခ) သင်တန်း တက်ရောက်နေချိန်ဖြစ်ပြီး ကျောင်းပြီးဖို့ ၇ လ လောက်ပဲ လိုတော့တဲ့ အချိန်မှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုရဲထွဋ်ဝင်းဟာ တပ်မတော် ဆေးတက္ကသိုလ်ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

စစ်-ဆေး တက္ကသိုလ်က ထုတ်ပယ်ခံရပြီးနောက် ကိုရဲထွဋ်ဝင်းဟာ အရပ်ဘက် ဆေးတက္ကသိုလ်မှာ ကျောင်းပြန်တက်ဖို့ လျောက်ထားခဲ့ပါတယ်။ ဒါပေမယ့် ကျန်းမာရေး ဝန်ကြီးဌာနက လက်မခံခဲ့ပါဘူး။ ဒီအတွက် အရာရာ ဆုံးရှုံးနေရတဲ့၊ လူ့အခွင့်အရေး ချိုးဖေါက်ခံရသလို ဖြစ်နေတဲ့ သူ့ရဲ့ ဖြစ်ရပ်ကို နောက်ဆုံး အမျိုးသားလွှတ်တော် ပြည်သူတို့ဇ။် တိုင်ကြားစာနဲ့ အသနားခံစာ ကော်မတီဆီ တိုင်ကြားခဲ့ပါတယ်။ ဒီအခါ ကော်မတီက အဖြစ်မှန် စုံစမ်းပြီး တတ်နိုင်သလောက် ကြိုးစားပေးခဲ့ပါတယ်။ ပထမ တစ်ခုကတော့ ကျန်းမာရေးဝန်ကြီးဌာန ဆီကို အကြောင်းကြား မေးမြန်းပေးခြင်းပါ။ နှစ်နဲ့ချီ ကြာတဲ့အထိ ကျန်းမာရေးဝန်ကြီးဌာနက ဘာမှ အကြောင်းမပြန်ပါဘူး။ ဒီလိုနဲ့ မကွေးတိုင်း လွှတ်တော်ကို အကူအညီတောင်းပါတယ်။

မကွေးတိုင်း လွှတ်တော်ကလည်း တပ်မတော် ဆေးတက္ကသိုလ်က ထုတ်ပယ်ခံရတဲ့ ဗိုလ်လောင်း ရဲထွဋ်ဝင်း မကွေးဆေးတက္ကသိုလ်မှာ ကျောင်းဆက်တက်နိုင်ဖို့ တတ်နိုင်သလောက် ကူညီခဲ့ကြပါတယ်။ ကိုရဲထွဋ်ဝင်းကို အရပ်ဘက် ဆေးတက္ကသိုလ်မှာ ပညာဆက် ဆည်းပူးဖို့အတွက် စိတ်ကျန်းမာရေး ပြည့်စုံမှု ရှိမရှိ ဆေးစစ်တဲ့ ကိစ္စ ကူညီပါတယ်။ မကွေးမှာ စိတ်ကျန်းမာရေး မစစ်ဆေးနိုင်လို့ မန္တလေး စိတ်ကျန်းမာရေး အထူးကု ဆေးရုံကို လွှတ်ပြီး ဆေးစစ်စေပါတယ်။ ကိုရဲထွဋ်ဝင်းဟာ ဘာစိတ်ကျန်းမာရေးဆိုင်ရာ ပြသနာမှ မရှိပါဘူး။ ကျန်းမာရေး ကောင်းပါတယ်။ ဒီ အချက်အလက်တွေကို ပူးတွဲပြီး ကိုရဲထွဋ်ဝင်း မကွေးဆေးတက္ကသိုလ် တက်ခွင့်ရရေး ဆက်ကြိုးစားခဲ့ကြပါတယ်။ နောက်ဆုံးအချိန်ထိ ကျန်းမာရေးဝန်ကြီးဌာနက အကြောင်း မပြန်ပါဘူး။ ဒီလိုနဲ့ အမျိုးသား လွှတ်တော်မှာ မေးခွန်းမေးရတဲ့ အခြေအနေ ရောက်လာရတာ ဖြစ်ပါတယ်။

လွှတ်တော်မှာ ဦးအောင်ငြိမ်း မေးတာက ကိုရဲထွဋ်ဝင်းကို အရပ်ဘက် ဆေးတက္ကသိုလ်မှာ ပညာဆက်သင်ကြားဖို့ ခွင့်ပြုနိုင် မပြုနိုင်၊ ခွင့်ပြုနိုင်မယ်ဆိုရင် ဘယ်နှစ်မှာ ဘယ်အတန်းက စ တက်ခွင့်ရမှာလည်း၊ ခွင့်မပြုနိုင်ရင် ဘာကြောင့်လဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာန ဒုဝန်ကြီးရဲ့ အဖြေကတော့ ရှင်းပါတယ်။ ကိုရဲထွဋ်ဝင်းကို အရပ်ဘက် ဆေးတက္ကသိုလ်မှာ ကျောင်းဆက်တက်ခွင့် မပေးနိုင်ဘူး ဆိုတာပါ။ အကြောင်းကတော့ တပ်မတော် ဆေးတက္ကသိုလ်ဟာ ဗိုလ်လောင်းတွေကို ကျောင်းက ထုတ်ပယ်ရာမှာ နောက်ဆက်တွဲ (က) ၊ နောက်ဆက်တွဲ (ခ) ဆိုပြီး ခွဲခြား ထုတ်ပယ်တဲ့ စနစ်ရှိခဲ့ကြောင်း၊ နောက်ဆက်တွဲ (က) နဲ့ ထုတ်ပယ်တာ ဆိုရင် အရပ်ဘက် သက်မွေးဝမ်းကျောင်းမှုဆိုင်ရာ တက္ကသိုလ်တွေမှာ ပြန်တက်ခွင့် ပေးနိုင်ကြောင်း၊ နောက်ဆက်တွဲ (ခ) နဲ့ဆိုရင် သက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေမှာ ပြန်တက်ခွင့်မပေးပဲ ရိုးရိုး တက္ကသိုလ်တွေမှာပဲ တက်ခွင့်ပေးဖို့ စည်းကမ်းသတ်မှတ်ချက် ရှိထားခဲ့တယ် လို့ ပြောပါတယ်။ အခု ဗိုလ်လောင်းရဲထွဋ်ဝင်းကို ထုတ်ပယ်တာဟာ နောက်ဆက်တွဲ (ခ) နဲ့ ထုတ်ပယ်ခဲ့တာမို့ အရပ်ဘက် ဆေးတက္ကသိုလ်မှာ ပြန်တက်ခွင့်မပြုတာလို့ ရှင်းပြပါတယ်။

ဒီအခါ ဦးအောင်ငြိမ်းက ဒုဝန်ကြီးကို ပြန်မေးပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်က အရပ်ဘက် ဆေးတက္ကသိုလ်တွေဟာ တပ်မတော်ဘက်က ချမှတ်ထားတဲ့ စည်းကမ်းကို လိုက်နာဖို့ လိုသလား၊ ဒီ အရပ်ဘက် ဆေးတက္ကသိုလ်တွေဟာ တပ်မတော် လက်အောက်ခံတွေလား ဆိုပြီး မေးလိုက်တာပါ။ ကျန်းမာရေး ဒု ဝန်ကြီးကတော့ အရင် စစ်အာဏာရှင်ခေတ် ဗိုလ်ချုပ်ခင်ညွန့် လက်ထက်ကတည်းက တက္ကသိုလ်တွေ ညှိနှိုင်းဆွေးနွေးပြီးမှ ချမှတ်ခဲ့တဲ့ စည်းကမ်းဖြစ်တယ် ဆိုပြီး ပြန်ရှင်းပြခဲ့ပါတယ်။

ဇာတ်လမ်းတခုလုံးကို ခြုံငုံသုံးသပ်ရရင် ဗိုလ်လောင်းရဲထွဋ်ဝင်းဟာ တပ်မတော် ဆေးတက္ကသိုလ် စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့လို့ မဟုတ်၊ ပြဿနာ တစုံတရာ ဖြစ်ရာမှာလည်း မပါ၊ ဗိုလ်လောင်းကျောင်းသား အချင်းချင်း မသင့်မလျော် ချစ်သူရည်းစားထားတယ်၊ တစ်နည်း ဂေးတွေဖြစ်တယ် ဆိုတဲ့ စွတ်စွဲချက်နဲ့ ထုတ်ပယ်ခံရတာ ဖြစ်ပါတယ်။ ထားပါ။ တပ်မတော်ဘက်က ဗိုလ်လောင်းတစ်ယောက်ကို ကျောင်းသားချင်း ချစ်သူရည်းစားထားလို့ ကျောင်းထုတ်ရင်လည်း ထုတ်ပါ၊ ထုတ်နိုင်ပါတယ်။ ဒါပေမယ့် တခြား ဘယ်အရပ်ဘက် ဆေးတက္ကသိုလ်တွေမှာမှ ပညာဆက်ပြီး ဆည်းပူးခွင့် မရှိစေရ ဆိုတာမျိုးကတော့ အညှိုးအတေး ကြီးလွန်းပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်ရာလည်း ရောက်ပါတယ်။ ဒီအဖြစ်အပျက်ကိုကြည့်ရင် တပ်မတော်ဟာ ဝန်ကြီးဌာန အပါအဝင် ဌာန ဆိုင်ရာ အသီးသီးကို လွှမ်းမိုးထားဆဲဖြစ်တာ၊ မြို့ပြမှာလည်း လူ့အခွင့်အရေး ချိုးဖေါက်နေတာတွေကို အထင်အရှား တွေ့မြင်နိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

(စာရေးသူသည် ရန်ကုန် အခြေစိုက် သတင်းစာဆရာ တဦးဖြစ်သည်။ လတ်တလော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အဖြစ်အပျက်များ အပေါ် ဝေဖန် သုံးသပ်ချက် ဆောင်းပါးများကို သတင်းစာ၊ ဂျာနယ်များတွင် ရေးသားလျက် ရှိသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading