ဗမာ ပြည်က တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေး သမား များ၊ ဒီမိုကရေစီ ပါတီ နာမည် ခံယူ ထားသူများ ထိုင်း စစ်အာဏာသိမ်း ပွဲ ကို ကန့်ကွက်တယ် ဆိုတဲ့ အသံ မကြားမိဘူး။
အခု ထိုင်း မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ နိုင်သလောက် ပြန် ဆန္ဒပြနေကြတယ်။ ဗမာပြည်က ဒီမိုကရေစီကို ချစ်မြတ်နိုးသူ၊ လိုချင်သူလို့ ဆိုကြတဲ့ တက်ကြွလှုပ်ရှားသူ နိုင်ငံရေးသမားများ အိမ်နီးချင်း ပြည်သူများ နဲ့ တသားတည်း ဖြစ်ကြောင်း ပြနိုင်ဖို့၊ စစ်အာဏာရှင် စနစ်ဆိုးရဲ့ သားကောင် ဘဝတူချင်း စာနာနာလည် ခံစားမိကြောင်း ပြနိုင်ဖို့ို့၊ ထိုင်း သံရုံးရှေ့ သွား စစ်အာဏာသိမ်းမှုဟာ ပြဿနာရဲ့ အဖြေ မဟုတ်ကြောင်း၊ မှန်ကန်တဲ့ ဖြေရှင်းမှု မဟုတ်ကြောင်း၊ စစ်တပ်က အခုလို အာဏာသိမ်းခြင်းကို ရှုတ်ချကြောင်း လုပ်သင့်တယ်လို့ မထင်ကြဘူးလား။
ထိုင်း နိုင်ငံရေး အမယ်ဘုတ်ရဲ့ ချည်ခင် မို့ အလှမ်းမမီ ရှပ်နီ၊ ရှပ်ဝါ ဘယ်သူ့ ဘက် လိုက်ရမှန်း မသိ၊ ကိုယ့် နိုင်ငံရေး ခံယူချက် မဝေခွဲ နိုင်ရင်တောင် ဒီမိုကရေစီသမား အမှန်ဆိုရင် မဖြစ်သင့်တဲ့ ရှပ်စိမ်း စစ်တပ် အာဏာသိမ်း ပါဝင်လာမှုကို အခြေခံ ပြတ်ပြတ်သားသား ဆန့်ကျင်သင့်ပါတယ်။
အာဆီယံ ဥက္ကဋ္ဌ တက်လုပ်နေသူနဲ့ လက်ရှိ အစိုးရ၊ အာဏာရ ပါတီ ခေါင်းဆောင်များကတော့ အရင်ခေတ်တွေမှာ “မင်းစည်းစိမ်ကို ကြောက်သော တေမိ” နဲ့ ပြောင်းပြန် “မင်းစည်းစိမ်ကို ချစ်သော တေမိ” အဖြစ် အမြဲ ရေငုံ နှုတ်ပိတ် နေတတ်တဲ့ အကျင့် ရှိခဲ့တာ သိတယ်။ သတင်းစာ ရှင်းလင်းပွဲ အမည်ခံ ဖုံးဖိရေးပွဲတွေမှာ အငှားပါးစပ် နဲ့သာ အသံထွက်တတ်ကြောင်း သိတယ်။ မှာတမ်းရှည်ခြွေ ဝါဒဖြန့်ချင်ရင်တောင်မှ စာရွက်ပေါ် သူများရေးပေးသမျှသာ ဖတ်ပြတတ်တဲ့ “ပါရာဖတ်” ပုဂ္ဂိုလ်ကြီးများသာ ဖြစ်ကြောင်း သိတဲ့ အတွက် သူတို့ ဆီက အသံထွက်မှု ကို မမျှော်လင့်ပါဘူး။
နယ်စပ် တင်းမာမှု ဖြစ်နေတဲ့ ကမ္ဘောဒီးယားကတော့ လိမ္မာပါးနပ်စွာနဲ့ ဒီအာဏာသိမ်းမှု ဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ကို မထိခိုက်ဖို့ မျှော်လင့်ကြောင်း၊ ထိုင်းပြည်သူပြည်သားများရဲ့ ဆန္ဒနဲ့ အကျိုး ကို လေးစားကြောင်း၊ နှစ်နိုင်ငံရဲ့ ဘုံ အကျိုးစီးပွားကို အစဉ်အမြဲ လေးစားသမှု ရှိကြောင်း ထုတ်ပြန်တယ်။
ဗမာ ဗိုလ်ချုပ်ဟောင်းကြီးများ ပြောရင်တော့ “ငါတို့ လို တခါသိမ်း ၂၆ နှစ် နဲ့ နှစ်ခါသိမ်း နှစ်ငါးဆယ်ကျော် အပြတ်လုပ်ရတယ်ကွ၊ ခဏ ခဏ အဆဲ မခံရတော့ဘူး၊ တသက်လုံး သိမ်းချင်ရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေဥပဒေ ကို အတုယူ၊ လူသိန်းချီသေနေတဲ့ မုန်တိုင်းကြားမှာ ဆန္ဒခံယူပွဲ ကျင်းပ” လို့ပဲ ဆိုမယ်ထင်ပါ့။
စစ်ဗိုလ်ဟောင်းကြီးများရဲ့ အသံကို မမျှော်လင့်ပေမယ့် ဒီမိုကရေစီ ပါတီကြီးများဆီက အသံတော့ မျှော်နေမိခဲ့တယ်။ အထူးသဖြင့် နှစ်ပေါင်း နှစ်ဆယ်ကျော် Statement တွေချည်း လှိမ့်ထုတ်လာတဲ့ အဓိက ပါတီ ဒီ/ချုပ် အနေနဲ့ အနည်းဆုံး ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်လေး တစောင် ထုတ်သင့်တယ် ထင်ပါတယ်။ ထိုင်းက ရော့ခ် ဘုရားတွေ ဖြစ်တဲ့ Carabao အဖွဲ့က ဗမာ့ ဒီမိုကရေစီ အရေး အသံထွက်ပေးခဲ့တာ၊ ဒေါ်အောင်ဆန်းစုကြည် နာမည် ဟစ်ကြွေးပေးခဲ့တာလေးကိုတော့ အားနာသင့်ပါတယ်။
အခု ထိုင်းမှာ အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ စစ်အုပ်ချုပ်မှု လက်စွဲ စာအုပ်ကြီး အတိုင်း စစ်တပ်က ထိုင်းစာနယ်ဇင်း ကို ဖိနှိပ်၊ နှိပ်ကွပ် နေပြီ။ “မီဒီယာ ဖိနှိပ်မှု ဆန့်ကျင်ကြ” ဆိုပြီး ပြန်အော်တတ်တဲ့ ဗမာ့စာနယ်ဇင်း အဖွဲ့အစည်း တွေ ကန့်ကွက်ပွဲ မလုပ်သင့်ဘူးလား။ အခု မြန်မာ ဂျာနယ်လစ် ကွန်ရက်နဲ့ မြန်မာဂျာနယ်လစ်အသင်းက စိုးရိမ်ကြောင်း၊ စာနာကြောင်း သတင်းထုတ်ပြန်လို့ ဘာပဲဖြစ်ဖြစ် မီဒီယာ က တာဝန် ကျေတယ် ဆိုနိုင်ပါတယ်။ ပိုမို ထိရောက်တဲ့ တုံ့ပြန်မှု၊ ရပ်တည်မှု ပြနိုင်ရင်တော့ ပိုကောင်းတာပေါ့။
အခု ဗမာပြည်မှာ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ၊ ကွန်ရက် တွေလည်း အများကြီး ရှိလာပြီ့။ ထိုင်းမှာ စစ်အာဏာသိမ်းခံရခြင်း ဟာ အရပ်ဖက် အဖွဲ့အစည်းတွေ နဲ့ ထိုင်းပြည်သူတွေ အတွက် မတရား ခြိမ်းခြောက်ခံရခြင်းပဲ ဆိုပြီး ထောက်ပြ ကန့်ကွက်ပေးမှုမျိုး မလုပ်သင့်ဘူးလား။
ဗမာပြည် ဟာ ၁၉၆၂ က စ စစ်အာဏာရှင်စနစ် အောက် ရောက်ခဲ့တယ်။ အခုအချိန်အထိလည်း ဒီ စနစ်ဆိုး အလုံးစုံ မကွယ်ပျောက်သေးဘူး။ ဒီ ရာစုဝက်ကျော်မှာ ခေတ် အဆက်ဆက် အစွန်းရောက် အမျိုးသားရေး ဝါဒ ပုံဖော် ခံရတယ့်။ နိုင်ငံခြားသား အမုန်းရောဂါ စွဲကပ်ခံရတယ့်။ မျက်စိပိတ်၊ နားပိတ်၊ တံခါးပိတ် ခံရတယ်။ မဆလ စစ်အစိုးရ တပါတီ အာဏာရှင်စနစ် ကနေ နဝတ၊ နအဖ စစ်အစိုးရ အရေခွံလဲချိန်မှာလည်း ဖွင့်တယ်ဆိုတဲ့ တံခါးက တဝက်သာ ဖြစ်ခဲ့တယ်။ ဖွင့်ချင်တာကို လိုသလို ဖွင့်ပေးခဲ့တယ်။ အခုချိန်တိုင်လည်း ဒီသဘောက ထူးမခြားနား ပဲ ရှိသေးတယ်။
ဆိုးကျိုးဆက် အနေနဲ့ အစိုးရ၊ ပြည်သူပြည်သား၊ စာနယ်ဇင်း၊ လူမှုရေး အဖွဲ့အစည်း အစရှိတဲ့ လူမှု အဆောက်အအုံ ရှိ အစုအဖွဲ့အသီးသီး ဟာ မျက်စိသူငယ်၊ နားသူငယ် ဖြစ်ကာ ဝါးလုံးခေါင်းထဲမှာသာ လသာချင်နေတာ များနေတယ်။ ရှင်ပြုတုန်းက ရွှေထီးဆောင်းခဲ့တာကိုပဲ ဂုဏ်ဖော် မာန်တက် အိမ်ကျယ် ကျယ်ကာ ကမ္ဘာမှာ သူများ ဘာတွေ လုပ်နေ၊ ဘာတွေ ဖြစ်နေသလဲ ဆိုတာ စူးစမ်းလိုစိတ်၊ နှိုင်းယှဉ် ဆင်ခြင်လိုစိတ်၊ ကမ္ဘာကြည့် ကြည့်တတ်တဲ့ အကြည့် အမြင်၊ ကျယ်ပြန့်တဲ့ ခံယူချက် အားနည်းနေတယ်။
ဗမာ စစ်အစိုးရ အဆက်ဆက်ဟာ အဓမ္မ တက်ယူထားတဲ့ အာဏာ ကို တရားဝင်မှု Legitimacy ရှိအောင်နဲ့ အကျိုး စီးပွားအလို့ငှာသာ အာဆီယံလို ဒေသတွင်း အဖွဲ့အစည်းတွေကို ဝင်ခဲ့ပေမယ့် ဒေသစိတ်ဓာတ်၊ ဒေသ ရနံ့ ကိုယ့်ဆီမှာ သင်းပျံ့အောင် ချစ်ကြည်ရင်းနှီးမှု တရားတွေ တိုးပွားအောင်လည်း မကြံဆောင်ခဲ့ပါဘူး။ ဆန့်ကျင်ဘက် သဘော အမုန်းတရား တိုးပွားအောင်သာ ပြုလုပ်ခဲ့တယ်။ စစ်သွေး စစ်မာန် ထကြွစေဖို့ရာ မရှိတဲ့ ပြည်ပရန်ကိုသာ ပုံကြီး ချဲ့ခဲ့တယ်။ အိမ်နီးချင်း တိုင်းပြည်တွေနဲ့ ပြည်သူကို လှည့် ရန်တိုက်ပေးတတ်တယ်။ အမုန်းဝါဒသာ ဖော်ဆောင်ခဲ့တယ်။ ထိုင်း မုန်းတီးရေးတွေ အစိုးရ ပါးစပ် “အတင်းစာ” မှာ အတွင်တွင် ရေးသူ ဆိုဗီယက် လုပ် ပါရဂူ ဘွဲ့ရ ဆရာမကြီး ကိုဆို ဆုတွေ လာဘ်တွေတောင် ချီးမြှင့်ခဲ့တယ်။
ဒီလို ပုံဖော်ထားတဲ့ စနစ်အဖွဲ့အစည်း မှာ နိုင်ငံ့ “သားကောင်း” မဟုတ်တဲ့ စနစ်ခံ “သားကောင်” လူငယ်ကလေးတွေကလည်း ထိုင်းနဲ့များ ဘောလုံးကန်ပြီ ဆို အရင်တုန်းက အလုပ်မရှိရင် ထိုင်းကို သွား ရန်စ နယ်ချဲ့ သိမ်းပိုက်နေကျ ရှေး ပဒေသရာဇ် စစ်ဘုရင်တွေရဲ့ ပုံတွေ ယူသွားပြီး ဇာတိသွေး၊ ဇာတိမာန်တွေ ထကြွ တလွဲ ဆံပင်ကောင်းပြခဲ့ကြတယ်။
ဒီလို တရားလွန် ဇာတိ ပုည ဂုဏ်မာန လုပ်ကာ “ကြီးမြတ်လေသော မဟာမြန်မာ” စိတ်ဓာတ်တွေ “အလွန်အကျွံ” သွတ်သွင်းခဲ့မှု စနစ်ဆိုးကြောင့် ပြည်တွင်းမှာလည်း လူမျိုးစု စစ်ပွဲ၊ ပဋိပက္ခတွေ တာရှည်၊ ကမ္ဘာနဲ့လည်း အဆက်အသွယ် ပြတ်၊ နိုင်ငံတကာ လူရာမဝင်၊ အင်တာနေရှင်နယ်လ် တောသားဖြစ်။ ဒီလိုနဲ့ လူအများစု ဟာ နိုင်ငံတကာတန်းမမီတော့ဘဲ အမြင် မျက်တောင် တမွှေး၊ ရင်ဘတ် နှလုံး တမိုက် တထွာ နဲ့ ကျဉ်းမြောင်းတဲ့ စိတ်အခံ ရှိသူများ အဖြစ် ဝမ်းနည်းဖွယ် ပြောင်းလဲခဲ့ရတယ်။
ဒီ နောက်ခံ မှာ “ကမ္ဘာပတ်လည် ဆက်စပ်တယ်” ဆိုတဲ့ ခေတ်သစ် လူမှု၊ စီးပွား၊ နိုင်ငံရေး သဘောတရား အတွေးအခေါ် တွေကို လက်လှမ်းမမီနိုင်တော့ဘူး။ ကမ္ဘာလုံး ပတ်လည် စီးမျော နေတဲ့ ခေတ်သစ်ကြီးမှာ တဦး နဲ့ တဦး၊ တနိုင်ငံ နဲ့ တနိုင်ငံ အကျိုးစီးပွားတွေဟာ ဆက်စပ်နေတယ်။ တဦး အကျိုးကို တဦးက မဖြစ်မနေ လိုလား လာရတယ်။ သူတပါး သွား စစ်ဖြစ်ချင်ရင်တောင်မှ စီးပွားဆက်စပ်နေတော့ ကိုယ်ကျိုး အလွန် ထိလှလို့ စစ်ဖြစ်ဖို့ ရှောင်ကြရတယ် ဆိုတဲ့ “ညောင်ဦး ကမ်းပါးပြို လို့ စမ္ပာနဂိုက နွားမ ပေါင်ကျိုးမှု” တကယ် ဖြစ်နေတဲ့ လိပ်ပြာတောင်ပံ ခတ်ခြင်း ဂယက် ခေတ်ကြီးကို ကျဉ်းမြောင်းတဲ့ မျက်စိ၊ သေးသိမ်တဲ့ ဦးနှောက်၊ မကျယ်ပြန့်တဲ့ ရင်ဘတ်နှလုံးသားရှင်များ မဝင်ဆန့်နိုင် ဖြစ်ကုန်ရတယ်။ အခု ထိုင်း ပြဿနာ ကြောင့် တရုတ်က ဗမာ ဆီကနေ ကုန်ပိုဝယ်လာတာလေး လောက် မြင်ပြီး ဝမ်းသာနေကြသူများတောင် ရှိသဗျာ။
ဒီလို ၂၁ ရာစု နဲ့ အံမဝင် ခွင် မကျတော့တဲ့ လက်သင့် မခံဖွယ် လူမှုလောက စနစ် အနေအထား ကို ပြုပြင် ဖို့က (အထက် မှာ ဆိုခဲ့တဲ့) အသံတိတ် ဆိတ်ဆိတ်ငြိမ်နေသူ အစိုးရ၊ နိုင်ငံရေး ပါတီ၊ လူမှု အဖွဲ့အစည်းတွေရဲ့ တာဝန်ပါပဲ။ စာနယ်ဇင်း ကလည်း ထောက်ပြ အသံကျယ်ကျယ် ထွက်ရမှာပါ။ လူထုကို ဦးဆောင် ရမှာပါ။
ဒီလမ်းပြရမယ့် သူတွေက အစ ကျယ်ပြန့်တဲ့ အမြင်၊ အလုပ်တွေ ရှေ့ဆောင် မလုပ်ပြနိုင်ဘူး ဆိုရင်တော့ ဗမာ့ လူ့အဖွဲ့အစည်း ရဲ့ အနာဂတ် ဟာ ဘယ်လိုမှ လှပနိုင်မှာ မဟုတ်ပါ။ ဒီလို စိတ်ဓာတ်၊ ဒီလို အကျင့်၊ ဒီလို အသိအမြင် အလုပ်မျိုးလောက်နဲ့တော့ နိုင်ငံတကာ အလယ်မှာ ခေါင်းမော့၊ ရင်ကော့ ဂုဏ်ယူ ဝံ့ကြွား လူဝင်ဆန့်နေနိုင်တဲ့ ပေမီဒေါက်မီ နိုင်ငံကြီး တနိုင်ငံ ဖြစ်လာမှာ မဟုတ်ပါ။ လူတောတိုး၊ လူပီသ၊ လူ့ယဉ်ကျေးမှု အပြည့်ရှိတဲ့ နိုင်ငံကြီးသားများ တိုးပွားလာမှာ မဟုတ်ပါ။
အရစ္စတိုတယ်လ် က ဆိုတယ်။ သဘာဝ အရ လူဆိုတာ လူမှု သတ္တဝါမျိုး ပါတဲ့။ လူမှုအသိုင်းအဝန်း မှာ ဝင်ရောက် ရောနှော ပေါင်းသင် ဆက်ဆံ နေထိုင် ကျက်စားရင်း သူများ အရေး ကိုလည်း ကိုယ့် အရေးလို့ ခံယူတတ်ကာ ကူညီရိုင်းပင်း၊ မျှဝေ ခံစား စိတ်နဲ့ လူသား အဖွဲ့အစည်း မှာ လူမှုရေး တာဝန် ကျေပွန်ရတာ ဟာ လူ့ သဘာဝ၊ လူ့ စရိုက်၊ လူ့ ဗီဇ၊ လူပီသမှု ပါ။ ဒီလို မဟုတ်ဘဲ တကိုယ်တည်း ထီးထီးကြီး လူမှု တံခါးပိတ်၊ လူမှုရေး တာဝန် မဲ့၊ အသိ မရှိ နေဖို့ ရွေးချယ်ခဲ့ရင်တော့ ဒီလူ ဟာ လူလွန်မသား၊ လိုတရ ပြည့်စုံနေတဲ့ နတ်ဘုရား ရင် ဖြစ်ရင် ဖြစ်မယ်၊ မဟုတ်ရင်တော့ အပေါင်းအဖော် မလိုတဲ့ တောရိုင်း သားရဲကောင် ရယ် သာ ဖြစ်ပါမယ်။
ကျနော်တို့ ကမ္ဘာ့ အရေး ကို ဗမာ့ အရေး လို့ မခံယူချင်ဘဲ ဘာသိဘာသာ ခပ်မဆိတ် တကိုယ်ရေ နေနိုင်ရအောင် နတ်ဘုရားများ ဖြစ်နေလို့လား၊ အရိုင်းအစိုင်း သားရိုင်းကောင် ဖြစ်နေလို့လားဆိုတာ ကိုယ့်ဘာသာ စဉ်းစား ဆင်ခြင် ကြည့်စေချင်ကြောင်းပါ ခင်ဗျာ။
(ငြိမ်းချမ်းအေးသည် သြစတြေးလျနိုင်ငံတွင် အိုင်တီ နှင့် စီးပွားရေး မဟာပညာရပ်များကို လေ့လာသင်ယူခဲ့ပြီး အွန်လိုင်း မီဒီယာများတွင် မျက်မှောက် ရေးရာနှင့် အထွေအထွေ အာဘော် ဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်။ ဆောင်းပါး ပါ အာဘော် နှင့် ပတ်သက်၍ ဝေဖန် ဆွေးနွေးလိုပါက [email protected] ထံ စာရေး ဆက်သွယ်နိုင်သည်။)