သတင်းတို

ဖိလစ်ပိုင် ရေပိုင်နက် ကိစ္စ နိုင်ငံတကာ တရားရုံး တောင်းဆိုချက် တရုတ်ငြင်းပယ်

This article has been converted from Zawgyi One to Unicode

တရုတ်နှင့် ဖိလစ်ပိုင် ပင်လယ်ပြင်ပိုင်နက် အငြင်းပွားမှုကို စီရင် ဆုံးဖြတ်ပေးရန် ဖိလစ်ပိုင်နိုင်ငံ၏ တိုင်ကြားလာခြင်း အပေါ် တရုတ်၏ ရပ်တည်ချက် သိရှိရန် နိုင်ငံတကာ တရားရုံး၏ တောင်းဆိုခြင်းကို တရုတ်နိုင်ငံက ချွင်းချက်မရှိ ငြင်းပယ် လိုက်သည်။ ဒီဇင်ဘာ ၁၅ ရက်နေ့ မတိုင်မီ တုံ့ပြန်ရန် နိုင်ငံတကာ အငြင်းပွားမှု ဖျန်ဖြေပေးသည့် ခုံရုံး၏ တောင်းဆိုချက်ကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက တုံ့ပြန်ရန် ရည်ရွယ်ချက် မရှိကြောင်း ပြောကြားသည်ဟု Wall Street ဂျာနယ် သတင်းတရပ်၌ ဖော်ပြထားသည်။ နှစ်နိုင်ငံလုံးက တရားဝင် အသိအမှတ် ပြုထားသည့် ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း (UNCOS) ကို ဖိလစ်ပိုင်နိုင်ငံက တရုတ်နိုင်ငံ အပေါ် ယမန်နှစ်က တိုင်ကြားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြုလုပ်သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲတွင် နိုင်ငံတကာက လက်ခံထားသော ၁၉၈၂ ခုနှစ် ကုလသမဂ္ဂ ပင်လယ်ရေကြောင်းဆိုင်ရာ ဥပဒေအရ ဖြစ်စဉ်တွင် ပါဝင်သည့် နိုင်ငံများသည် နယ်မြေ တည်ငြိမ်ရေး ထိခိုက်စေမည့် အင်အားသုံး ခြိမ်းခြောက်သည့် ပြုမူမှုမျိုး မလုပ်ဘဲ ငြိမ်းချမ်းသည့် နည်းဖြင့် ဖြေရှင်းရန် အစည်းအဝေး အပြီး၌ ထုတ်ပြန်ခဲ့သည်။

Loading